Clinton အီးမေးလ် ပြဿနာ ဂယက် ရွေးကောက်ပွဲ မဲဆွယ်မှုအပေါ် ရိုက်ခတ်

အမေရိကန်ပြည်ထောင်စုမှာ Democratic ပါတီဖက်က သမ္မတလောင်းဖြစ်ဖို့ သေချာသလောက် ရှိနေတဲ့ Hillary Clinton ဟာ သူနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်က အလုပ် Email တွေကို ကိုယ်ပိုင် Email account ကိုအသုံးပြုခဲ့တဲ့အတွက်ရာဇဝတ်မှုနဲ့ တရားစွဲခံရမှာ စိုးရိမ်စရာ မလိုတော့တဲ့နောက် သမ္မတဖြစ်ရေး မဲဆွယ်မှုတွေဖက်ကို ပြန်ပြီး အာရုံစိုက်နိုင်ဖို့ မျှော်လင့်နေပါတယ်၊ ဒါပေမဲ့ ဒီ Email ဂယက်ကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးအရ စိန်ခေါ်မှုတွေကို ဆက်ပြီးရင်ဆိုင်ရဖို့ ရှိနေတဲ့အကြောင်း အမေရိကန်ဆိုင်ရာ VOA သတင်းထောက် Jim Malone ကသတင်းသုံးသပ်ထားပါတယ်၊ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါလိမ့်မယ်။

အမေရိကန်ပြည်ထောင်စု Louisiana နဲ့ Minnesota ပြည်နယ်တွေမှာ အာဖရိကန်နွယ်ဖွား အမေရိကန်အမျိုးသားတွေကို ရဲက ပြစ်သတ်မှု၊ Texas ပြည်နယ် Dallas မြို့မှာ ရဲအရာရှိ ၅ ယောက် သေဆုံးခဲ့ရတဲ့ ချောင်းမြောင်း ပစ်ခတ်မှုတွေကြောင့် အမေရိကန်သမ္မတဖြစ်ရေး ယှဉ်ပြိုင်မဲဆွယ်မှုတွေ ခေတ္တ ဘေးရောက်သွားခဲ့ပါတယ်၊ နိုင်ငံထဲမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအတွက် အဖြေရှာရေးကို Philadelphia မြို့က မဲဆွယ်ပွဲတခုမှာ Hillary Clinton က ခုလိုပြောကြားခဲ့ပါတယ်။

”ပြဿနာအားလုံးပြေလည်နိုင်မဲ့အဖြေ ဘယ်သူ့ဆီမှာမှ မရှိပါဘူး၊ အားလုံးအတူပေါင်းပြီး အဖြေရှာရမှာပါ၊ အားလုံးလက်တွဲလုပ်မှ အဖြေရှာနိုင်မှာဖြစ်ပါတယ်။”

Republican ပါတီဖက်က သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့ Donald Trump ကလဲ Dallas မြို့မှာ ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်မှာပဲ Video ပေါ်ကတဆင့် ခုလိုပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်တာဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ မိသားစုဝင်တွေအပေါ် တိုက်ခိုက် လိုက်တာပဲဖြစ်ပါတယ်။”

Hillary Clinton နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့စဉ် အလုပ်ကိစ္စ Email တွေကို ကိုယ်ပိုင် Email account နဲ့သုံးခဲ့တာကြောင့် ရာဇဝတ်မှုနဲ့ အရေးယူဖို့ မလိုဘူးလို့ FBI ညွှန်ကြားရေးအမှူး James Comey ကပြောခဲ့ပြီးနောက် Clinton အတွက် စိုးရိမ်စရာ ခက်ခဲတဲ့နေ့တွေကို နောက်မှာထားခဲ့နိုင်ဖို့ မျှော်လင့်နေပါတယ်၊ Email ကိစ္စနဲ့ပါတ်သက်လို့ James Comey ထောက်ပြခဲ့တဲ့ အချက်ကတော့ နိုင်ငံရေးအရ သူ့အတွက် အထိနာစေပါတယ်။

“ထိပ်တန်းလှို့ဝှက်ထားဖို့လိုတဲ့ ပေါက်ကြားလို့မရတဲ့အချက်အလက်မျိုးတွေကို ကိုင်တွယ်တဲ့နေရာမှာ အင်မတန် ပေါ့လျော့လွန်းတယ်ဆိုတဲ့ အထောက်အထားတွေ တေ့ွခဲ့ရပါတယ်၊”

ဒီအချက်ကို Donald Trump ဖက်က ချက်ချင်းဆိုသလို နင်းပြီး ခုလို ဝေဖန်ခဲ့ပါတယ်။

“အလိမ်အညာ Hillary ကတော့ မဟုတ်တာတွေအများကြီး လျှောက်ပြောတယ်၊ လိမ်တယ်၊ ညာတယ်၊ အားလုံး လိမ်ညာထားတာတွေကြီးပါပဲ၊”

သမ္မတ Barack Obama လူသိရှင်ကြားထောက်ခံမှုပေးခဲ့တဲ့ Clinton ကတော့ သမ္မတ အိုဘားမားရဲ့ အကူအညီနဲ့ သမ္မတဖြစ်ရေး မဲဆွယ်မှုတွေကို ပြန်ပြီး အာရုံစိုက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ကျွန်တော်တို့ အတူတွဲအလုပ်လုပ်နိုင်ခဲ့တဲ့ ကိစ္စတွေအတွက် သိပ်ကိုဂုဏ်ယူပါတယ်။ ဒါပေမဲ့ ရာထူးတာဝန်တွေကို လွှဲပေးဖို့ ကျွန်တော့်ဖက်က အသင့်ဖြစ်နေသလို Hillary Clinton ကလဲ ယူနိုင်မယ်ဆိုတာကို ကျွန်တော်သိပါတယ်လို့ သမ္မတအိုဘားမားပြောသွားတာပါ၊

လူထုစစ်တမ်းတွေအရ မဲဆန္ဒရှင်အများစုက Clinton ကို စိတ်ချရတဲ့ခေါင်းဆောင်တယောက်လို့ မမြင်ကြပါဘူး၊ ဒါပေမဲ့ Trump အပေါ်ထောက်ခံမှုက ပိုတောင်နည်းနေတဲ့အတွက် November လ သမ္မတရွေးကောက်ပွဲကျရင် ခက်ခဲတဲ့ ရွေးချယ်မှုကို လုပ်ကြရလိမ့်မယ်လို့ နိုင်ငံရေးသုံးသပ်သူ Kyle Kondik ကပြောပါတယ်။

”တည်ငြိမ်မှုအတွက် Clinton ကိုရွေးမလား၊ သိသာတဲ့အပြောင်းအလဲအတွက် Trump ကိုရွေးမလားဆိုတာမျိုးပါ၊ မဲဆန္ဒရှင်တွေဖက်က နိုင်ငံရေးအရ conservative အမြင်မဟုတ်ပေမဲ့ conservative သဘောာထားဖက်ကို နည်းနည်း ပိုယိမ်းနိုင်ပါတယ်။ ဒါပေမဲ့ သိပ်ပြီး စွန့်စွန့်စားစား မရွေးချယ်ချင်ကြဘူးဆိုရင်တော့ Trump ကိုရွေးရင် သိပ်အန္တရာယ်များတယ်လို့ဆိုပြီး Clinton အတွက် အခွင့်ကောင်းရနိုင်ပါတယ်။”

Republican တွေဖက်ကတော့ November လ ရွေးကောက်ပွဲမတိုင်ခင်အထိ အငြင်းပွားစရာ ကိစ္စ ဆက်ရှိနေအောင် Email ကိစ္စနဲ့ပါတ်သက်လို့ Clinton ဖက်က လွှတ်တော်ကို လိမ်ညာပြောခဲ့သလားဆိုတဲ့ စုံစမ်းစစ်ဆေးမှုသစ်လုပ်ဖို့ လိုလားနေပါတယ်။

Republican ပါတီညီလာခံကို July လ ၁၈ ရက်နေ့ ကနေ ၂၁ ရက်နေ့အထိ Cleveland မြို့မှာ ကျင်းပဖို့ရှိနေပြီး Democratic ပါတီညီလာခံကတော့ Philadelphia မြို့မှာ July လ ၂၅ ရက်နေ ၂၈ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်၊

ပါတီညီလာခံတွေအတွင်း ပါတီကြီး ၂ ရပ်က သူတို့ပါတီအတွက် ကိုယ်စားပြုပြီး သမ္မတလောင်း ပြိုင်ဆိုင်မဲ့သူနာမည်တွေကို တရားဝင်ကြေညာကြမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

Clinton အီးမေးလ် ပြဿနာ ဂယက် ရွေးကောက်ပွဲ မဲဆွယ်မှုအပေါ် ရိုက်ခတ်