Clinton အမေရိကန်သမ္မတလောင်းအဖြစ် ပထမဆုံးအမည်တင်သွင်းခံရတဲ့ အမျိုးသမီးဖြစ်ပြီ

အမေရိကန်ပြည်ထောင်စု Philadelphia မြို့မှာ ကျင်းပနေတဲ့ Democratic ပါတီညီလာခံမှာ ၂၀၁၆ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်နိုင်မယ့် သမ္မတလောင်းအဖြစ် Hillary Clinton ကို ရွေးချယ်လိုက်ကြပါပြီ။

ညီလာခံတက်လာကြတဲ့ ပါတီကိုယ်စားလှယ်တွေကြား ပြည်နယ်အလိုက် အင်္ဂါနေ့က ညနေပိုင်းမှာ မဲပေးရွေးချယ်ခဲ့ကြတာမှာ Hillary Clinton က အနိုင်ရဖို့ လိုအပ်တဲ့ မဲပေါင်း ၂၃၈၂ မဲထက် ကျော်လွန်ရရှိပြီး သမ္မတလောင်း ဖြစ်လာခဲ့တာပါ။ အမေရိကန်သမိုင်းမှာ အဓိက နိုင်ငံရေးပါတီကြီး တခုကနေ ပထမဆုံး အမျိုးသမီး သမ္မတလောင်းကို ရွေးချယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မစ္စစ် Clinton နဲ့ပြိုင်ဘက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Snaders ကို ထောက်ခံသူတွေဘက်က ညီလာခံမှာကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားမှာပဲ Clinton ကို သမ္မတလောင်းအဖြစ် မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ မစ္စတာ Sanders ကလည်း ပါတီတွင်း ညီညွတ်မှုကို ပြသတဲ့အနေနဲ့ Vermont ပြည်နယ်ကိုယ်စား Hillary Clinton ကို ရွေးချယ်တယ်လို့ ကြေညာခဲ့ပါတယ်။

သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ မဲအရေအတွက် အလုံအလောက် ရရှိထားပြီမို့ ညီလာခံတွင်း မဲပေးရွေးချယ်နေမှုတွေကို ရပ်ပြီး Hillary Clinton ကိုပဲ သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ကြပါလို့ Mr. Sanders က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ သမ္မတလောင်း ရွေးချယ်မှုကို လက်ခံတဲ့ မိန့်ခွန်းကို Hillary Clinton က ပါတီညီလာခံနောက်ဆုံးနေ့ ကြာသပတေးနေ့ညမှာ ပြောကြားမယ်လို့ ညီလာခံတာဝန်ရှိသူက ကြေညာခဲ့ပါတယ်။ ဒီကနေ့ အင်္ဂါနေ့ နှောင်းပိုင်းကျရင်တော့ မစ္စစ် Clinton ရဲ့ ခင်ပွန်း သမ္မတဟောင်း Bill Clinton က မိန့်ခွန်း ပြောကြားဖို့ရှိပါတယ်။

Your browser doesn’t support HTML5

Clinton အမေရိကန်သမ္မတလောင်းအဖြစ် ပထမဆုံးအမည်တင်သွင်းခံရတဲ့ အမျိုးသမီးဖြစ်ပြီ