ဒေသစံတော်ချိန် တနင်္ဂနွေညမှာ ကျင်းပမယ့် Rio အိုလံပစ် ပိတ်ပွဲအခမ်းအနားမှာ တိုင်းပြည်ကိုယ်စားပြု အလံကိုင် ချီတက်ပေးဖို့ အမေရိကန် အိုလံပစ်အသင်းဝင်တွေက ကျွမ်းဘားချန်ပီယံ Simone Biles ကို ရွေးချယ်လိုက်ကြပါတယ်။ Rio အိုလံပစ်ပြိုင်ပွဲမှာ ကျွမ်းဘားနဲ့ ရွှေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁ ခု ရရှိခဲ့တဲ့ Biles ကို “ထူးခြားစွာ လေးစားသမှုပြုတဲ့အနေနဲ့ ရွေးချယ်ခြင်း” ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ အိုလံပစ် နောက်ဆုံး ပြိုင်ပွဲတွေမှာ အမျိုးသား Basketball ဗိုလ်လုပွဲ အပါအဝင် ရွှေတံဆိပ် ၁၂ ခုအတွက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Basketball ပြိုင်ပွဲမှာတော့ အမေရိကန်အသင်းက Serbia အသင်းကို ၉၆-၆၆ နဲ့ အပြတ်အသတ် အနိုင်ရရှိသွားပါတယ်။ တတိယ ကြေးတံဆိပ်ဆု ပြိုင်ပွဲမှာတော့ စပိန်အသင်းက သြစတြေးလျအသင်းကို ၈၉-၈၈ နဲ့ နိုင်သွားပါတယ်။
အမျိုးသားမာရသွန်အပြေးပြိုင်ပွဲမှာတော့ ကင်ညာနိုင်ငံက Eliud Kipchoge က ၂ နာရီ၊ ၈ မိနစ်၊ ၄၄ စက္ကန့်နဲ့ ပန်းဝင်ပြီး ရွှေတံဆိပ်ဆု ရသွားပါတယ်။
တနင်္ဂနွေနေ့က အားကစားပြိုင်ပွဲတွေ အားလုံး ပြီးဆုံးသွားတဲ့အချိန်မှာတော့ အမေရိကန်က ရွှေတံဆိပ် ၄၆ ခု၊ ငွေတံဆိပ် ၃၇ ခု၊ ကြေးတံဆိပ် ၃၈ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂၁ ခုနဲ့ ပထမ ရရှိသွားပါတယ်။ ဒါဟာ ၁၉၈၄ ခုနှစ်က အမေရိကန်နိုင်ငံ Los Angeles မြို့မှာ ကျင်းပခဲ့တဲ့ နွေရာသီး အိုလံပစ်ပြိုင်ပွဲ နောက်မှာ အမေရိကန်အသင်းအနေနဲ့ ဆုတံဆိပ် အများဆုံး ပြန်လည် ရရှိတာလည်း ဖြစ်ပါတယ်။
၂၀၁၆ Rio အိုလံပစ်ပြိုင်ပွဲမှာတော့ ဗြိတိန်အသင်းက ရွှေ ၂၇ ခု၊ ငွေ ၂၃ ခု၊ ကြေး ၁၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၇ ခုနဲ့ ဒုတိယ အဆင့်ကို ရရှိသွားပြီး တရုတ်အသင်းကတော့ ရွှေ ၂၆ ခု၊ ငွေ ၁၈ ခု၊ ကြေး ၂၆ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇၀ ခုနဲ့ တတိယအဆင့်ကို ရရှိသွားပါတယ်။ အဲဒီနောက်မှာတော့ ရုရှားအသင်းက စုစုပေါင်း ဆုတံဆိပ် ၅၆ ခုနဲ့ အဆင့် ၄၊ ဂျာမနီအသင်းက စုစုပေါင်း ဆုတံဆိပ် ၄၂ ခုနဲ့ အဆင့် ၅ အသီးသီး ရရှိသွားကြပါတယ်။
Your browser doesn’t support HTML5
Rio အိုလံပစ်မှာ အမေရိကန် ဆုတံဆိပ် အများဆုံးရ