နာမည်ကျော် CNN သတင်းထောက် Anthony Bourdain သေဆုံး

နာမည်ကျော် CNN သတင်းထောက် Anthony Bourdain

ကမ္ဘာကျော် စားတော်ကဲတဦးလည်းဖြစ်၊ CNN ရုပ်သံဌာနမှာ Parts Unknown ဆိုတဲ့ အမည်နဲ့ နိုင်ငံတကာက ဟင်းလျာစုံတွေကို သုံးသပ် တင်ပြပေးနေသူလည်းဖြစ်တဲ့ Anthony Bourdain ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Strasbourg မြို့က ဟိုတယ်ခန်း တခုအတွင်း သောကြာနေ့ မနက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း CNN ရုပ်သံဌာနက အတည်ပြု ပြောဆိုပါတယ်။

Anthony Bourdain ဟာ သူ့ရဲ့ ရုပ်သံအစီအစဉ် Parts Unknown ရိုက်ကူးဖို့အတွက် ပြင်သစ်နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ မိတ်ဆွေ ပြင်သစ် စားဖိုမှူးက သောကြာနေ့မနက်ပိုင်းမှာ သူ့ရဲ့ ဟိုတယ်ခန်းကို ရောက်သွားတဲ့အချိန် Anthony Bourdain ထံက အကြောင်းပြန်ကြားမှု မရခဲ့ဘူးလို့ ဆိုပါတယ်။

Anthony Bourdain ဟာ အချက်အပြုတ် တော်ရုံတင်မကဘဲ၊ လူစိတ်ဝင်စားအောင် ဇာတ်လမ်းဆင် ပြောဆိုတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန်သူဖြစ်တယ်လို့ CNN က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

CNN က အပတ်စဉ် ထုတ်လွှင့်နေတဲ့ သူ့ရဲ့ Parts Unknown ရုပ်သံ အစီအစဉ်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲကို မြန်မာနိုင်ငံအကြောင်း ရိုက်ကူးပြီး စတင် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နိုင်ငံအနှံ့ သွားရောက်ခဲ့ပြီး အချက်အပြုတ် ဘက်မှာ ကျွမ်းကျင်သူတွေ အပါအဝင် တခြား အထင်ကရ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံခဲ့တာပါ။

သူ့ရဲ့ ရုပ်သံ အစီအစဉ်အတွက် အမေရိကန်နိုင်ငံက ချီးမြင့်တဲ့ ဆုတွေကို ရရှိခဲ့သလို အစားအသောက်နဲ့ ဆိုင်တဲ့ စာအုပ် ၂ အုပ်ကို ရေးသား ထုတ်ဝေခဲ့တာမှာ အရောင်းရဆုံး စာရင်းဝင်ခဲ့ပါတယ်။

ဒါဟာ အခုသီတင်းပတ်အတွင်း အမေရိကန်က ဒုတိယမြောက် နံမည်ကြီး ပုဂ္ဂိုလ်တဦး သေဆုံးခြင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာဘဲ ကမ္ဘာကျော် အမျိုးသမီး လက်ကိုင်အိတ်တွေ တီထွင် ထုတ်လုပ်သူ Kate Spade ဟာလည်း သူ့ကိုယ်သူ သတ်သေ သွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၄၅,၀၀၀ ရှိခဲ့တဲ့အတွက် ဒါဟာ နိုင်ငံအတွင်း တတိယမြောက် အများဆုံး သေဆုံးမှု ဖြစ်ပါတယ်။

Your browser doesn’t support HTML5

နာမည်ကျော် CNN သတင်းထောက် Anthony Bourdain သေဆုံး