မဲဆွယ် စည်းရုံးမှု ဆိုင်ရာ နိုင်ငံရေးပါတီများ ကျင့်ဝတ် သဘောတူညီမှု ရရှိ

ရွေးကောက်ပွဲ မဲရုံ (၂၀၁၂)။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုမှာ နိုင်ငံရေး ပါတီတွေကြား တန်းတူ အခွင့်အရေး ရရှိရေး၊ ဘာသာရေးကို နိုင်ငံရေး အကျိုး အမြတ်အတွက် အသုံးမပြုရေး အပါအဝင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ လိုက်နာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို နိုင်ငံရေး ပါတီတွေကြား သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာဖို့ ပျက်ကွက်ရင်လည်း နိုင်ငံရေး ပါတီတွေက တညီတညွတ်တည်း ကန့်ကွက် ရှုတ်ချ သွားဖို့ကိုလည်း သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ လူအင်အား ငွေအင်အား မတူညီတဲ့ နိုင်ငံရေး ပါတီတွေကြား အခု သဘော တူညီချက်က ဘယ်လောက် ထိရောက်မှု ရှိနိုင်လဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီးက ဦးဆောင်ပြီး မြန်မာနိုင်ငံ တွင်းက နိုင်ငံရေးပါတီ အားလုံးတို့ ၄ လနီးပါး ဆွေးနွေးခဲ့ကြတဲ့ ရွေးကောက်ပွဲ မှာ နိုင်ငံရေး ပါတီများ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ဒီကနေ့မှာ အပြီးသတ် သဘောတူ လိုက်ကြပြီ ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ပြောဆို ထားတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ အင်အားကြီး နိုင်ငံရေး ပါတီကြီးတွေနဲ့ အင်အားနည်းတဲ့ နိုင်ငံရေး ပါတီကြီးတွေကြား မဲဆွယ်စည်းရုံးခွင့် တန်းတူ ရရှိရေး အတွက် လက်ရှိ မှတ်ပုံတင် ထားတဲ့ နိုင်ငံရေး ပါတီတွေကြား တသဘောတည်း ရှိကြတယ် လို့လည်း ဆွေးနွေးခဲ့ကြတဲ့ လုပ်ငန်းအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းက ပြော ပါတယ်။

"မဲဆွယ်စည်းရုံးရေးသွားတဲ့အခါမှာ လေယာဉ်နဲ့သွားရင်တောင် စင်းလုံးဌား လေယာဉ်စီးခွင့်မရှိဘူး။ ရဟတ်ယာဉ်တွေ စီးခွင့်မရှိဘူး။ ဒါမျိုးတွေကအစ ကန့်သတ်ထားပါတယ်။ ဒါတွေကို ပါတီတွေ လိုက်နာမလား။ မလိုက်နာဘူးလား ဆိုတာတော့ သူတို့အပေါ် မူတည်တယ်ပေါ့။ အားလုံးကတော့ ကော်မာရှယ်ဖလိုက် လို့ခေါ်တဲ့ အများသုံးလေယာဉ်နဲ့ပဲ စီးမယ်။ ဒါမျိုးတွေ ပြောထားတာ ရှိတယ်။

ဘာသာရေးကို နိုင်ငံရေးအရ အသုံးမပြုရဆို တာကိုတော့ တော်တော်လေး ကို ပြင်းပြင်းထန်ထန် ပြောထားတာရှိတယ်။ ဒါပေမဲ့လည်းပဲ နယ်တွေမှာကျတော့ ဘာသာရေးအဆောက်အဦးတွေ ကို Public Hearing ဆိုတဲ့ လူထု အစည်းအဝေးတွေမှာ သုံးရလေ့ရှိတော့ အဲ့ဒီ့ကိစ္စမှာတော့ ကျနော်တို့က ဘာသာရေး အဆောက်အဦးမှာ ဝတ်ပြုတဲ့ နေရာကလွဲပြီးတော့ ကျန်တဲ့နေရာ အများပြည်သူ သုံးတဲ့နေရာတွေမှာ အများပြည်သူ စုဝေးတဲ့နေရာတွေမှာ ပါတီစည်းရုံးပွဲတွေ လုပ်ဖို့အတွက် ခွင့်ပြုထားတယ်။ အရေးကြီးဆုံးအချက်ထဲမှာဆိုရင်တော့ ကိုယ်နဲ့ လယ်ဗယ်တူ ကစားကွက်ရှိအောင် လုပ်ထားတယ်။ ပြီးတော့ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချအောင် တားဆီးထားတာရှိတယ်။"

နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေကြား ၄ လနီးပါး အကြိတ်အနယ် ဆွေးနွေး ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ တာမှာတော့ အင်အားကြီး လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က ကိုယ်စားလှယ် လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တန်း ရွေးကောက်ပွဲမှာ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်လာရတဲ့ အချိန်မှာ လက်ရှိ အာဏာရ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီတွေ အနေနဲ့ အခု သဘောတူထားတဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်း လိုက်နာဖို့ ပျက်ကွက်ရင်တော့ တနည်းတဖုံ အရေးယူနိုင်အောင်လည်း စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ကိုယ်စားလှယ် အဖြစ်ရော အခု လိုက်နာရမယ့် ကျင့်ဝတ်တွေ ချမှတ်ရေး လုပ်ငန်းအဖွဲ့မှာပါ ပါဝင်ခဲ့သူ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

"လိုက်နာမလားဆိုတဲ့မေးခွန်းကတော့ ပါတီတခုရဲ့ဂုဏ်သိက္ခာနဲ့ ပဲ ဆိုင်ပါတယ်။ ပါတီတွေ အားလုံးက ဒီဟာကို သဘောတူပြီး ဆွဲခဲ့ကြတယ်။ အဖွဲ့ချုပ်အပါအဝင် အားလုံးကလိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကို လိုက်နာလား မလိုက်နာဘူးလားဆိုတာ စောင့်ကြည့်ဖို့အတွက်ကို ပုံစံတခု တည်ဆောက်ဖို့ အတွက် ပြောထားတာ ရှိပါတယ်။ အဲ့တာက Fllow up နောက်ထပ် ဆက်လုပ်မယ့် အစီအစဉ်ပါ။ အင်ဒိုနီးရှားဥပမာကို ကြည့်ပြီးတော့မှ ကျနော်တို့က မလိုက်နာဘူးဆိုရင် အပြစ်တော့ ေ်ပးလို့မရဘူးပေါ့။ ဘယ်လိုရှုတ်ချမလဲ ဒါမျိုးတွေ လုပ်ဖို့ရှိပါတယ်။ "

အခု နိုင်ငံရေး ပါတီတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကိုတော့ နီပေါလ်နိုင်ငံက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဟောင်းက နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးသလို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ စိစစ်ပေးခဲ့တာပါ။ သဘောတူထားတဲ့ နိုင်ငံရေး ပါတီတွေကြား စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကိုတော့ ဒီလတတိယပတ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီတို့က ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးကြဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်၊ ရွေးကောက်ပွဲ ကော်မရှင်တို့ကိုလည်း ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်။