သမ္မတဟောင်း Trump ကို လုပ်ကြံပစ်ခတ်မှုအပေါ် မြန်မာတချို့အမြင်

သမ္မတဟောင်း Trump သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် တွေ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ။

သမ္မတဟောင်း Donald Trump ကို လုပ်ကြံပစ်ခတ်တဲ့ ဖြစ်ရပ်ကို နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချမှုနဲ့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာဘဲ ဒီကိစ္စကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မြို့တော် Indianapolis မြို့မှာ အခြေစိုက်တဲ့ မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) ရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာ Dr. Ro Dinga က ပြောပါတယ်။

"ကျနော်အနေနဲ့တော့ Shock ဖြစ်ပါတယ်။ ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။ ဒီလို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ် ပစ်ခတ်တာ အကြမ်းဖက်မှုတရပ် ဖြစ်ပါတယ်။ အမေရိကန်သမိုင်းကိုကြည့်ရင် ၁၉၈၁ မတ်လ ၃၀ ရက်နေ့မှာ သမ္မတရော်နယ်ရီဂင်ကို ကားထဲအဝင်မှာ လုပ်ကြံပစ်ခတ်ခဲ့တယ်။ သမ္မတ ရော်နယ်ရီဂင်ကတော့ အသက်မဆုံးရှုံးခဲ့ဘူး။ အဲဒီနောက် နှစ်ပေါင်း ၄၀ ကျော်မှာ ဒါမျိုးထပ်ဖြစ်တာ ဖြစ်တယ်။ တော်တော်လေး မကောင်းပါဘူး။ အမေရိကမှာတော့ ဒီလိုပဲ သေနတ်ကလည်း အလွယ်တကူ ဝယ်ယူလို့ ရရှိတယ်။ နောက် စိတ်ကူးပေါက်ပြီးတော့၊ အရူးတွေဝင်ပြီးတော့ ပစ်ခတ်သတ်ဖြတ်တာတော့ နေ့စဉ်နဲ့အမျှလို ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကတော့ သမ္မတလောင်းဝင်ပြိုင်မယ့် သမ္မတဟောင်းလည်းဖြစ်တဲ့ Donald Trump ကို လုပ်ကြံသတ်ဖြတ်တာတော့ တော်တော်ကိုမကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ရှုတ်ချပါတယ်။"

သမ္မတဟောင်း Donald Trump ကို လုပ်ကြံပစ်ခတ်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) ရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာ Dr. Ro Dinga က သူ့ရဲ့အမြင်သဘောထားကို ပြောပြခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ဗွီအိုအေက မြန်မာစစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အခုချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။