စားသုံးသူ အခွင့်အရေး လစ်ဟင်းမှု

နိုင်ငံတကာ ဈေးနှုန်းနဲ့ ညှိပြီး လျှပ်စစ် မီတာခတွေ ဈေးတက်လိုက်ပေမယ့် နိုင်ငံတကာက ပေးနေတဲ့ ဝန်ဆောင်မှုမျိုး မပေးနိုင်တာဟာ စားသုံးသူ အခွင့်အရေးကို ကာကွယ်မပေးတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စားသုံးသူအခွင့်အရေး ကာကွယ်ရေးအဖွဲ့ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောဆိုပါတယ်။ စားသုံးသူ အခွင့်အရေးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က အခုထက်ပိုပြီး ဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။ ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဦးဗအုပ်ခိုင်။ ။ ဗမာပြည်မှာ လူဦးရေ ထားပါတော့ သန်း ၅၀ ကျော် ရှိတဲ့ အထဲမှာ စားသုံးသူ အခွင့်အရေးကို တကယ် ပြည့်ပြည့်စုံစုံ နားလည်တဲ့ လူဦးရေက တသိန်းတောင်မှ မပြည့်ချင်ဘူးလို့ ပြောရမှာပေါ့နော်။ ကျနော် ဆိုလိုချင်တာတော့ မြန်မာနိုင်ငံမှာ စားသုံးသူ အခွင့်အရေးကို ကာကွယ်ဖို့ အတွက် ကိုယ့်အခွင့်အရေး ဘာတွေ ရှိတယ်ဆိုတာကို နားမလည်တဲ့ လူက များနေတယ်လို့ဘဲ ကျနော် ပြောချင်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဆိုတော့ စားသုံးသူ အနေနဲ့ နစ်နာပါတယ်လို့ ပြောလာတဲ့ အခြေအနေမှာရော ဝန်ဆောင်မှု ပေးတဲ့သူတွေ ဘက်ကရော၊ နောက်တခါ ထုတ်လုပ် ရောင်းချသူတွေ ဘယ်သူ့မှာ တာဝန်ရှိပါတယ် ဆိုတဲ့ သတ်သတ်မှတ်မှတ် ပိုင်းဖြတ်ချက်မျိုးရော ဆရာတို့ တွေ့ရပါသလားရှင့်။

ဦးဗအုပ်ခိုင်။ ။ ကျနော်တို့ နိုင်ငံသည် တာဝန်ယူမှု တာဝန်ခံမှု အနည်းဆုံး နိုင်ငံ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိဆုံး နိုင်ငံလို့ ကျနော်တို့ ပြောရမယ်ပေါ့နော်။

အစားအသောက်တွေ ၊ လူသုံးကုန်တွေ ဆိုတာ မပြောနဲ့ Service ပေါ့ ဝန်ဆောင်မှု တွေမှာ ဝန်ဆောင်မှု ပေးတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကရော ဝန်ဆောင်မှုကို ရယူတဲ့ စားသုံးသူတွေကရော ဒီစားသုံးသူရဲ့ အခွင့်အရေးကို နားမလည်ကြဘူး။ နားမလည်ကြတဲ့ အခါကျတော့ ပြောမယ်ဆိုရင် ဒီ ဝန်ဆောင်မှု ပေးတယ်ဆိုတဲ့ နေရာမှာ အပြင် လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေတင် မကဘူး။ အစိုးရ တာဝန်ယူထားတဲ့ ဌာနဆိုင်ရာတွေက ဝန်ဆောင်မှု ပေးတာတွေလည်း ရှိနေတယ်။ ဥပမာ စည်ပင်သာယာရေး ကော်မတီလိုမျိုး နောက်ဆုံး EPC လိုမျိုး ဝန်ဆောင်မှု ပေးတဲ့ ပုဂ္ဂိုလ်တွေ။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဒါကို နားမလည်ဘူး။ ပြောမယ်ဆိုလို့ ရှိရင်တော့ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ တော်တော်များများ ကိုယ်တိုင်ကိုယ်က စားသုံးသူ အခွင့်အရေး ဆိုတာကို နားမလည်တာက ခက်နေတယ်ပေါ့နော်။

ဥပမာ အခု မီတာခ ဈေးတက်တယ်။ မီတာခက နိုင်ငံတကာ စံနှုန်းနဲ့ အညီ ဈေးတက်ဖို့ဘဲ သိတယ်။ နိုင်ငံတကာ ဘယ်လို ဝန်ဆောင်မှု ပေးတယ်၊ ကိုယ်လည်း ဘယ်လို ဝန်ဆောင်မှု ပေးရမယ်ဆိုတာကို သူတို့ နားမလည်ဘူး။ အဲဒါတွေက ခက်နေတာ။ နောက်ပြီး ကျနော်တို့ စားသုံးတဲ့ နေရာမှာ လူတွေက စားသုံးသူ အခွင့်အရေးဆိုတာ အစားအသောက်လောက်ဘဲလို့ မှတ်ယူနေကြတဲ့ သူတွေကလည်း များတယ်။

မသိင်္ဂ ီထိုက်။ ။ အရင်ကထက် စာရင်တော့ လူတွေရဲ့ အသံတွေက ပိုများလာတယ်။ ဒီအချိန်မှာရော အာဏာပိုင်တွေဘက်က စားသုံးသူ အခွင့်အရေးကို ကာကွယ်ပေးရမယ်ဆိုတဲ့ အသိမျိုး၊ ပွင့်လင်းလာမှုမျိုး၊ တာဝန်ယူမှုမျိုးရော ဆရာတို့ တွေ့ရပါသလားရှင့်။

ဦးဗအုပ်ခိုင်။ ။ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောမယ်ဆို ကျနော်တို့ နိုင်ငံမှာ ကျနော်တို့ အသင်းက ဒီစားသုံးသူရေးရာ ဦးစီးဌာနတို့ ဘာတို့ မပေါ်ခင် ကတည်းက ကျနော်တို့က ပထမဆုံး စပြီးတော့ ဒီနိုင်ငံမှာ Consumer Rights ဆိုတဲ့ စကားကို စပြီးတော့ ပြည်သူတွေရဲ့ နားတွေ မျက်စိတွေ စဖွင့်ပေးခဲ့တဲ့ အရပ်ဖက် အဖွဲ့အစည်း တခုပေါ့နော်။ အဲဒါကြောင့်မို့လို့ လည်းဘဲ အစိုးရက နောက်ကနေ လိုက်လုပ်ကြတာဘဲ။ ပြောမယ်ဆိုလို့ ရှိရင် သူတို့ စစချင်းတောင် ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ ကျနော်တို့ လုပ်တာတွေကို လိုက်လုပ်ရင်း လုပ်ရင်းနဲ့ ။

ဒါတော့ ကောင်းသော အတုခိုးခြင်းပါဘဲ။ ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် ခက်နေတာက ကျနော်တို့ နိုင်ငံက တသက်လုံး အာဏာရှင် လက်အောက်မှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး နေလာတဲ့ အခါကျတော့ ဟန်ပြ လုပ်ခဲ့တာတွေက များတယ်ဗျ။ ဟုတ်လား။ ဌာနဆိုင်ရာတွေ အနေနဲ့ ပြည်သူကို ပြည်သူကို ဝန်ဆောင်မှု ပေးရမယ်။ ပြည်သူကို မျက်နှာမူရမယ် ဆိုတာကို မသိဘူး။ ပြောမယ်ဆိုလို့ ရှိရင်တော့ ဟန်ပြ လုပ်ခဲ့တာတွေက များတဲ့ အကျင့် ပါလာတဲ့ အခါကျတော့ အသားကျနေတဲ့ နိုင်ငံဆိုတော့ အခုအချိန်ထိတော့ ဟန်ပြဘဲ ကျနော်တို့ကတော့ တွေ့နေရတယ်။ တကယ် ထိထိရောက်ရောက် စားသုံးသူကို အကာအကွယ် ပေးနေတာမျိုး ကျနော်တို့ မတွေ့ရသေးဘူး။

ထွက်လာတဲ့ စားသုံးသူ ဥပဒေကိုက စားသုံးသူကို အပြည့်အ၀ အကာအကွယ် မပေးနိုင်သေးဘူး၊ မပေးနိုင်သေးတဲ့ အပြင် လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေ ပုဒ်မတွေ ပါနေသေးတယ်။ ကျနော်တို့လည်း ကန့်ကွက်တာဘဲ လွှတ်တော်တွေ စာပို့၊ ဒါပေမယ့် သိပ်ပြီးတော့ မထူးခြားခဲ့ဘူး။ အဲဒါကိုက စားသုံးသူရဲ့ အခွင့်အရေးကို လစ်လျူရှုတဲ့ သဘော သက်ရောက်နေတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ စားသုံးသူ အခွင့်အရေး ကာကွယ်ပေးမှု အပိုင်းမှာရော အစိုးရဘက်က ဒါဟာ အရေးကြီးတယ်လို့ ခံယူတဲ့ အနေအထားမျိုး တွေ့ရပါသလား။

ဦးဗအုပ်ခိုင်။ ။ အဲဒါတော့ လုံး၀ မတွေ့ရဘူး။ ဒီဘက် အစိုးရ လက်ထက်မှာ။ အစိုးရပိုင်း ကိုယ်တိုင်က စားသုံးသူ အခွင့်အရေးက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သူတို့ နားမလည်တာ တွေ့နေရတယ်။ နားမလည်တဲ့ အတွက်လည်း ဒီဘက်ကို စိတ်မဝင်စားဘူး။ အစိုးရပိုင်းက။ စိတ်မဝင်စားတဲ့ အတွက် စားသုံးသူ အကာအကွယ် ပေးတဲ့ လုပ်ငန်းကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် မလုပ်နိုင်တာလို့ဘဲ ကျနော်တို့ကတော့ မြင်တယ်လေ။ စိတ်မဝင်စားလို့ ဆိုတဲ့ နေရာမှာ ဘာလို့ စိတ်မဝင်စားလဲ ဆိုတော့ ဒီအစိုးရ ကိုယ်တိုင်ကိုက စားသုံးသူ အခွင့်အရေးက ဘယ်လောက် အရေးကြီးတယ် ဆိုတာကို နားမလည်လို့ စိတ်မဝင်စားတာလို့ဘဲ ကျနော်တို့က ပြန်ပြီးတော့ သုံးသပ်လို့ ရတယ်ပေါ့နော်။

မသိင်္ဂ ီထိုက်။ ။ ဒီ စားသုံးသူ အခွင့်အရေးဟာ ဘယ်လောက် အရေးကြီးပါတယ်လို့ ဆရာတို့ တိုက်တွန်းချင်ပါသလဲ။

ဦးဗအုပ်ခိုင်။ ။ ပြောမယ်ဆိုလို့ ရှိရင် Consumer ဆိုတာ စားသုံးသူ ဆိုတာ နိုင်ငံတော် သမ္မတ ကနေ စပြီး နောက်ဆုံး ခေါင်းရွက် ဗျက်ထိုး အထိ အားလုံး အကုန်လုံးက စားသုံးသူဘဲ။ နောက် စားသုံးသူရဲ့ အခွင့်အရေးက ပြည်သူ အားလုံးက စားသုံးသူဘဲ။ အဲဒီ စားသုံးသူတိုင်းက စားသုံးသူ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို နိုင်ငံတော်မှာ အုပ်ချုပ်တဲ့ လူကြီးပိုင်းတွေ ကိုယ်တိုင်ကိုက သိဖို့ လိုတယ်ပေါ့နော်။

သိဖို့လိုလို့ ကျနော်တို့က လွှတ်တော်မှာလည်း စားသုံးသူ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြမ်းတွေ ရေးဆွဲတဲ့ အချိန်တုန်းက၊ လွှတ်တော် နှစ်ရပ် သဘောထား ကွဲလွဲမှုတွေ ဖြစ်တဲ့ အချိန်မှာလည်း ကျနော်တို့က အစွမ်းကုန် ဥပဒေကြမ်း ကော်မတီကိုရော နိုင်ငံတော် သမ္မတကိုရော ဒါ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို စာတွေလည်း ပို့ပါတယ်။ ဒါပေမယ့် ခုန ပြောသလို သူတို့ ကိုယ်တိုင်ကိုယ်က ဒါကို အရေးကြီးတယ်လို့ မမှတ်ယူတဲ့ အတွက်လည်း ကျနော်တို့ လုပ်သလောက်က မအောင်မြင်ဘူးပေါ့နော်။

Your browser doesn’t support HTML5

စားသုံးသူ အခွင့်အရေး လစ်ဟင်းမှု