မြန်မာ ကိုဗစ်ကူးစက်သူ တရက်အတွင်း ၁၀၀ နီးပါးရှိ

Donation website of UK Myanmar

ZawGyi/Unicode

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာအရေအတွက် မေလ ၂၇ ရက်နေ့က ၁၀၀ နီးပါးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အတည်ပြုလူနာ တနေ့ကို ၂၀၊ ၃၀ ဝန်းကျင်မှာ ရှိနေရာက ခုလို ၁၀၀ နီးပါးထိတက်လာတာပါ။ ကူးစက်သူ ပြန်များလာတဲ့အတွက် ပြည်သူတွေ သတိထား နေထိုင်သွားလာဖို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနတာဝန်ရှိသူတဦးက သတိပေးပါတယ်။ ရခိုင်ကလာတဲ့ ဒီသတင်းကို ကိုသိန်းထိုက်ဦးက ပြောပြထားပါတယ်။

နေ့စဉ် ကိုဗစ် ဓာတ်ခွဲနမူနာစစ်ဆေးမှု သောင်းဂဏန်းထိရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ထောင်ဂဏန်းအထိ သိသိသာသာ လျော့သွားခဲ့သလို နေ့စဉ် အတည်ပြုလူနာဟာလည်း အတော်နည်းသွားခဲ့ပါတယ်။ နေ့စဉ် ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာက ၂,၀၀၀ အောက်လောက်ပဲ ရှိခဲ့ပြီး အတည်ပြုလူနာကလည်း ဆယ်ဂဏန်းလောက်သာ တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အတည်ပြုလူနာ၂၀ ကျော် ၃၀ ဝန်းကျင်လောက်သာရှိခဲ့ရာက မေလ ၂၇ ရက်နေ့မှာတော့ အတည်ပြုလူနာ ၉၆ ယောက်တွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ၂၇ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲနမူနာ ၁,၇၈၈ ခုမှာ အတည်ပြု လူနာ ၉၆ ယောက်ကို တွေ့ခဲ့တာပါ။

အတည်ပြုလူနာအများစုက ချင်းပြည်နယ် တီးခါးမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်က ဖြစ်ကြတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကဆိုရင် ကျမတို့ ၁၇၀ ကျော် ၁၈၀ နီးပါး စစ်ဆေးတာမှာ ၉၆ ယောက်တွေ့တယ်နော်။ ၉၆ ယောက်တွေ့တာက ပြည်နယ်နဲ့ တိုင်းအနှံ့ကဖြစ်ပါတယ်။ အထူးသဖြင့် နှစ်နေရာမှာတော့ အစုလိုက် အပြုံလိုက်ဖြစ်တာကိုတွေ့ရတယ်။ ဒါကတော့ စကိုင်းတိုင်း တမူးမှာရယ်။ ချင်းပြည်နယ် တီခါးမှာရယ်ပေါ့နော်။ အဲဒီမှာတော့ အစုလိုက် အပြုံလိုက် တွေ့တာတော့ ရှိပါတယ်။ ဒါကြောင့်မိုလို့ ပိုးတွေ့တဲ့ဂဏန်းက ၉၆ ဖြစ်ပြီးတော့ ပိုးတွေ့တဲ့ ရာခိုင်နှူန်းကတော့ ၅.၃၇ ဖြစ်သွားတာ ဖြစ်ပါတယ်။ အရင်တုန်းက ရက်တွေကို ကြည့်လိုက်မယ်ဆိုရင် ၃% ကျော်တဲ့ရက် တရက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အများစုကတော့ ၃% ကပ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ခင် လေးငါးရက် အလိုကတည်းက ရောဂါဖြစ်ပွားမှုနှူန်းက တက်လာတယ်ဆိုတာကို သတိထားကြည့်မယ်ဆိုရင် တွေ့မှာဖြစ်ပါတယ်။ မနေ့ကတော့ အစုလိုက်အပြုံလိုက် case တွေကို ပေါင်းလိုက်လို့ဖြစ်ပါ တယ်။ တမူးက ပိုးတွေ့လူနာ ၅၆ ယောက်ရှိပါတယ်။ ချင်းပြည်နယ် တီခါးမြို့နယ်က ပိုးတွေ့လူနာ ၁၁ ယောက်ရှိပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေက ပေါင်းလိုက်တော့ ၉၆ ယောက် ဖြစ်သွားတာ ဖြစ်ပါတယ်။ ပြည်ပက ဝင်လာသူတွေ မဟုတ်ပါဘူး ပြည်တွင်းက သူတွေပဲ ဖြစ်ပါတယ်။”

ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှုတိုးလာတဲ့အတွက် ပြည်သူတွေအနေနဲ့ မပေါ့ဆသင့်သလို ပိုးတွေ့တဲ့ မြို့နယ်တွေကိုလည်း အသွားအလာ ကန့်သတ်ချက်တွေ အိမ်ပြင်မထွက်ဖို့ စည်းကမ်းချက် ထုတ်ပြန်တာတွေ လုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ဒါပြည်သူတွေအနေနဲ့ မပေါ့ဆဖို့ လိုပါတယ်။ လက်ရှိအနေအထားအရဆိုရင် ဒါ အစုလိုက် အပြုံလိုက် အများကြီးဖြစ်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ သို့သော် တနေရာထဲမှာ ကွက်ပြီးတော့ ဖြစ်နေပြီ အတိုင်းအတာတခုအထိတော့ စများလာပြီဆိုပြီးတော့ ပြောလို့ရပါတယ်။ ဒါတွေကို ကျမတို့ ကောင်းကောင်းထိန်းချုပ်နိုင်ဖို့အတွက် ကျမတို့ ဆောင်ရွက်နေ ပါတယ်။ ဒါမျိုး ဆက်မဖြစ်ဖို့အတွက် တယောက်စီတယောက်စီက အထူးဂရုစိုက်ဖို့ လိုသလိုပဲ ကျမတို့ ရောဂါဖြစ်ပွားတဲ့ မြို့နယ်တွေကိုလည်း နဂိုကလိုပဲ Stay home တွေ သတ်မှတ်ဖို့ ကိစ္စရပ်တွေ ဒါမျိုးတွေလည်း ဆောင်ရွက်နေပါတယ်။ ဒါတွေကို ည ၈ နာရီမှာ အသွားအလာပိတ်ပင်တားဆီးမယ့် အနေအထားတွေ ဒါတွေကို ကြေငြာမှာဖြစ်ပါတယ်။ အဲတော့ စောင့်ကြည့်နားထောင်ကြပါလို့ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အာဏာရှင်ဆန့်ကျင်လှုပ်ရှားတွေ တနိုင်ငံလုံး မြို့စုံမှာ ဒီကနေ့အထိ လုပ်နေကြပါတယ်။ အခုဆို ဈေးဆိုင်တွေ စားသောက်ဆိုင်တွေ တော်တော်များများလည်း ပုံမှန်လို ပြန်လည်ဖွင့်နေကြသလို ပြည်သူတွေကြားမှာလည်း နှာခေါင်းစည်း အကာအကွယ် ဝတ်ဆင်သူက တော်တော် နည်းသွားပါပြီ။ဒေါက်တာခင်ခင်ကြီးကတော့ ကျန်းမာရေး အသိပညာပေးတွေတိုးမြင့်လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“လုပ်ဖို့အစီအစဉ်ရှိပါတယ်။ လက်ကိုင် စပီကာတွေနဲ့ ကျန်းမာရေး အသိပညာပေးတဲ့ ကိစ္စရပ်တွေကို ပိုပြီးတော့ တိုးမြှင့်ဆောင်ရွက်ဖို့ ကိစ္စရပ်တွေ ဒါတွေလည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတာ့ ကျမတို့ ကိုဗစ်-၁၉ ကို အဓိက ကာကွယ်နိုင်တာက သူ့ရဲ့စည်းကမ်းတွေကို လိုက်နာမှသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ ဘယ်လောက်ပဲ နောက်ကနေပြီးတော့ပေါ့နော်။ ပိုးတွေ့တာတွေကို ရှာဖွေတယ်။ သူတို့ကို ထိရောက်တဲ့ ကုသမှုတွေ ပေးတယ်ဆိုပေမယ့်လည်း နောက်ထပ် ပိုးတွေ့တဲ့ လူနာမဖြစ်အောင် မတားဆီးနိုင်ဘူး ကျန်းမာရေးအသိပညာမပေးနိုင်ဘူးဆိုရင် ပိုးတွေ့တဲ့ လူနာတွေက များမှာ ဖြစ်ပါတယ်။”

ကိုဗစ်ရောဂါ ကူးစက်မှု ဒုတိယလှိုင်းထဲမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ တတိယလှိုင်း ဖြစ်မလာအောင် ကျန်းမာရေးဌာနကတော့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ အခုလောလောဆယ်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်း ၄ သောင်း ၃ ထောင်ကျော် (၁၄၃,၄၁၄) ၊ သေဆုံးသူ ၃,၂၁၆ ယောက်နဲ့ပြန်လည်နေကောင်းလာသူ ၁ သိန်း ၃ သောင်း ၂ ထောင်ကျော် (၁၃၂,၂၆၉) ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့မေလ ၂၇ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ ကိုဗစ်ကူးစက်သူ တရက်အတွင်း ၁၀၀ နီးပါးရှိ


====

Unicode











