၂၄ နာရီအတွင်း ကိုဗစ်အတည်ပြု ၃,၄၈၀ ဦး၊ သေဆုံး ၃၉၇ ဦး

CORONAVIRUS-MYANMAR

Zawgyi/Unicode

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်း အရှိန်လျော့မသွားသေးဘဲ ဆက်လက်ဖြစ်ပေါ်နေတာမှာ လွန်ခဲ့တဲ့၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၀,၀၂၀ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၃,၄၈၀ ဦးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ ည (၈) နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၃၉၇ ဦးရှိခဲ့ကြောင်း ဖော်ပြထားပြီး ဒီကနေ့အထိ စုစုပေါင်း သေဆုံးသူ ၉,၇၃၁ ဦး ရှိသွားပြီလို့လည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဓါတ်ခွဲစမ်းသပ်မှုတွေ အပြည့်အဝ မလုပ်နိုင်တာကြောင့် ရောဂါပိုးကူးစက်ခံရသူနဲ့ သေဆုံးအရေအတွက်ဟာ တရားဝင်ကိန်းဂဏန်းထက် ပိုများနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေ ကျန်းမာရေးလုပ်သားတွေက ခန့်မှန်းထားကြပါတယ်
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းဟာ ၂ လလောက် ကြာလာပြီဖြစ်ပေမယ့် ကူးစက်မှုအရှိန် လျော့ကျမသွားသေးသလို လူနာတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်လည်း အလုံအလောက် မရနိုင်တာကြောင့် သေဆုံးမှုနှုန်းလည်း လျော့ကျမသွားသေးပါဘူး။
လက်ရှိမှာတော့ တရုတ်နိုင်ငံက ရောက်လာတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေနဲ့ အသက်အရွယ် အကန့်အသတ်အလိုက် ဦးစားပေး ထိုးပေးရမယ့်စာရင်း ပြုလုပ်ပြီး ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။
နိုင်ငံအတွင်း အရှိန်မြင့်ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက်ဆိုပြီး ဘဏ်လုပ်ငန်းတွေမှအပ အများပြည်သူ အလုပ်ပိတ် ရက်အဖြစ် အရင် သြဂုတ်လ ၁ ရက်နေ့အထိ သတ်မှတ်ထားရာကနေ သြဂုတ် လ ၈ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းက စာသင်ကျောင်းတွေကိုလည်း သြဂုတ်လ ၈ ရက်နေ့အထိ ပိတ်ထားမယ့်အကြောင်း ကြေညာထားပြီး ဖြစ်သလို ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးက မြို့နယ်ပေါင်း ၁၀၀ ကျော်မှာလည်း Stay at home - မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

Zawgyi/Unicode



#Covid19 #MyanmarCovid #VOABurmese