မြန်မာအစိုးရ သက်ဆိုးရှည်ရေးအတွက် စီးပွားရေး၊ နိုင်ငံရေး နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေကြသူတွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ အမည်စာရင်း ခံသူတွေထဲမှာ စာနယ်ဇင်းသမား တချို့လည်း ပါဝင်နေပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးကို လိပ်မူ ရေးသားထားတဲ့ အဲဒီ တောင်းဆိုစာထဲမှာ အရင် အမေရိကန် အစိုးရက ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့ခံရသူတွေအပြင် နောက်ထပ် ၄၂ ဦးကိုပါ ပိတ်ဆို့ အရေးယူမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ တောင်းဆိုလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် လက်ရှိ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲက တခုဖြစ်တဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့မိသားစုဝင်တွေနဲ့ နီးစပ်သူ အသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုမှာ ပါဝင်သူတွေအပြင် နောက်ထပ် ၄၂ ဦးကိုပါ အဲဒီ ပိတ်ဆို့အရေးယူမယ့် စာရင်းထဲ ထည့်ပေးဖို့ အမေရိကန် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့အဖွဲ့ USCB က တနင်္လာနေ့ ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ ဒီလူတွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်ကစပြီး လက်ရှိ အရပ်သား အစိုးရအထိ စီးပွားရေး၊ နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေးလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါသလို သတင်းနဲ့ စာနယ်ဇင်းလောကက သူတချို့ပါ ပါဝင်နေတာနဲ့ ပတ်သက်လို့တော့ USCB မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလို ရှင်းပြပါတယ်။
“ပထမအချက်က ကျနော်တို့က သူတို့ကို မီဒီယာသမားရယ်လို့ အသိအမှတ် မပြုပါဘူး။ သူတို့က မီဒီယာကို ခုတုံးလုပ်ပြီးတော့ ကိုယ့်အကျိုးစီးပွား ကိုယ်ရှာနေတဲ့သူတွေ၊ အဲဒီလိုပဲ ကျနော်တို့ သတ်မှတ်ပါတယ်။ သူတို့က အစိုးရ မျက်နှာသာပေးမှုနဲ့ မဂ္ဂဇင်းတိုက်တွေ၊ ဂျာနယ်တိုက်တွေ ထောင်ကြတယ်။ အစိုးရ အလိုကျ ဝါဒဖြန့်ချိရေး လုပ်ငန်းတွေကို သူတို့ရဲ့ သတင်းဂျာနယ်တွေက တွင်တွင်ကျယ်ကျယ် လုပ်ပြီးတော့ သူတို့ကိုသူတို့ ချမ်းသာအောင် တည်ဆောက်ကြတာ။
“နောက် သူတို့အားလုံးက ကျနော်နားလည်သလောက် ဗိုလ်မှူးချုပ် ကျော်ဆန်းရဲ့ အပေါင်းအပါတွေပေါ့၊ ဗိုလ်မှူးချုပ် ကျော်ဆန်းက မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ကြွေးကြော်ပြီး ဖွဲ့စည်းထားတဲ့ ပြည်ပမီဒီယာတွေကို တန်ပြန်ဖို့ လှုပ်ရှား ဆောင်ရွက်နေတဲ့ နေရာမှာ အဓိက တာဝန်ခံကြတဲ့ ပုဂ္ဂိုလ်တွေ။ နောက်တခါ သူတို့ရဲ့ ပြည်တွင်းမှာ ရပ်တည်ချက်၊ သူတို့ရဲ့ လှုပ်ရှားမှုတွေ အားလုံးလည်း ကျနော်တို့ ပြည်တွင်းက တခြား မိတ်ဆွေတွေနဲ့ လေ့လာ သုံးသပ်ပါတယ်။ ကျနော်တို့ တွေ့ရတာ သူတို့ရဲ့ ရပ်တည်ချက်၊ လှုပ်ရှားမှုနဲ့ ဆောင်ရွက်ချက်တွေ အားလုံးက စစ်အစိုးရကို နိုင်ငံရေးအရ အားပေး ထောက်ခံတယ်၊ နောက် စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး လုပ်ငန်းတွေကို လက်ဝေခံ ဆောင်ရွက် လှုပ်ရှားနေတဲ့သူတွေ ဖြစ်တယ်။”
သတင်း စာနယ်ဇင်းသမားတွေဟာ ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ အစိုးရရဲ့ အသုံးချခံ အဖြစ်မခံဘဲ မီဒီယာသမားပီပီ ရပ်တည်နေရင်တော့ အခုလို ပိတ်ဆို့ အရေးယူခံရမယ့် စာရင်းထဲ ပါမှာမဟုတ်ဘူးလို့ မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။
“ယေဘုယျ ပြောမယ်ဆိုရင်တော့ ကျနော်ထင်တယ်၊ မီဒီယာသမား ဖြစ်ရုံသက်သက်နဲ့ သို့မဟုတ် စစ်အစိုးရဘက်ကို ဘက်လိုက်တဲ့ မီဒီယာသမား ဖြစ်ရုံသက်သက်နဲ့တော့ အဲဒီ List ထဲ မပါသင့်ဘူးလို့ ယေဘုယျ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘက်လိုက်တယ် ဆိုတဲ့ ကိစ္စမျိုးကတော့ ကိုယ့်ရဲ့ ခံယူချက်နဲ့ ပတ်သက်တာပေါ့။ သူ့ခံယူချက်က စစ်အစိုးရဘက်က မှန်တယ်ထင်လို့ သူလိုက်ပေးတယ် ဆိုတဲ့ သဘောမျိုး ဆိုရင်တော့ ကျနော်တို့ ဘာမှ ပြောလို့မရဘူး။ လူတိုင်းက လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကိုယ်ယုံကြည်တဲ့အတိုင်း လုပ်ခွင့် ရှိတာကိုး။
“ဒါပေမဲ့ တကယ်တမ်း စိတ်ဓာတ်ရေးရာ အရပါ ချို့ယွင်းလို့၊ သဘောကတော့ တကယ်ကို Crony ဖြစ်ချင်လို့ Crony ဖြစ်နေတဲ့ လူစားမျိုး ဆိုရင်တော့ တမျိုးပေါ့။ အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်တယ် ဆိုရင်ပေါ့။”
မီဒီယာသမားတွေအပြင် ထိပ်မှာ ပါနေတာကတော့ စစ်အစိုးရ လက်ထက်ကတည်းက စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အထူးအခွင့်အရေး ရလာခဲ့ကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။
အခု အသစ် အဆိုပြုလာတဲ့ တိုးချဲ့စာရင်းထဲက အများစုဟာ ဥရောပသမဂ္ဂနဲ့ သြစတြေးလျ နိုင်ငံတို့ရဲ့ ပိတ်ဆို့ အရေးယူ ခံထားရသူတွေ အများအပြား ပါဝင်သလို လုံး၀ ပိတ်ဆို့ အရေးယူခြင်း မခံရသေးတဲ့ သူတွေလည်း ပါဝင်တဲ့အကြောင်း USCB အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဆက်ပြောပါတယ်။
အခု အမည်စာရင်း တင်သွားတာဟာ ပထမအဆင့်သာ ရှိသေးပြီး တကယ် အရေးယူမယူ ဆိုတာကတော့ အမေရိကန် အစိုးရက ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်။
“တခုရှိတာက ကျနော်တို့က ဒီနာမည်စာရင်းကို ပို့တယ်။ နာမည်စာရင်းထဲမှာ ကျနော်တို့ ဖြစ်သင့် ဖြစ်ထိုက်တယ်လို့ ကျနော်တို့ မြင်တဲ့သူတွေကို ဒီစာရင်းထဲမှာ ထည့်တယ်။ ပြီးတော့ ဘာကြောင့်ဆိုတဲ့ အကြမ်းဖျင်း ကျနော်တို့ ရရှိနိုင်တဲ့ သုံးသပ်ချက်ကို ထည့်ပြီးတော့ တင်ပြထားတယ်။ အသေးစိတ်ကတော့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ သူတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ရှိပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ဆက်ပြီးတော့ အသေးစိတ် စုံစမ်း ဖော်ထုတ်ရမှာပါ။”
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောင်းလဲခဲ့တာ ရက်ပေါင်း ၁၀၀ ကျော်လာပေမဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည်ဖော်ခြင်း မရှိသေးသလို နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကိုလည်း ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ USCB အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။
မြန်မာအစိုးရ အနေနဲ့ သိသာထင်ရှားပြီး လူထုအတွက် အမှန်တကယ် အကျိုးရှိစေမယ့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာအောင် အားပေးတဲ့ နည်းလမ်းဟာ သူတို့ကို ကျောထောက်နောက်ခံ ပေးနေတဲ့ စီးပွားရေး သမားတွေကို ပစ်မှတ်ထား အရေးယူခြင်းက အထိရောက်ဆုံးနည်းလမ်း ဖြစ်တာကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သ်နာ (Timothy Geithner) ကို အခုလို စာရေးသား တောင်းဆိုခြင်း ဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။