Bosnia စစ်ရာဇဝတ်မှုကျူးလွန်သူ တပ်မှူး တရားခွင်မှာ အဆိပ်သောက်အဆုံးစီရင်

Bosnia War Crimes

ဘော့စနီးယားနိုင်ငံ၊ Croat နွယ်ဖွား စစ်တပ်မှူးဟောင်း အသက် (၇၂) နှစ်ရှိပြီဖြစ်တဲ့ Slobodan Praljak ဟာ သူ့အပေါ် ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ထားတာကို ကုလသမဂ္ဂ တရားသူကြီးတဦးက အတည်ပြုလိုက်ပြီးချိန်မှာပဲ ဗုဒ္ဓဟူးနေ့ တုန်းက the Hague မြို့ တရားရုံးအတွင်း အဆိပ်သောက်လိုက်တဲ့အတွက် သေဆုံးသွားပြီဖြစ်ကြောင်း Croatia နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

Praljak ဟာ Bosnia မွတ်ဆလင်တွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အတွက် the Hague မြို့ နိုင်ငံ တကာ ရာဇဝတ်မှုခုံရုံးက ထောင်ဒဏ် နှစ် (၂၀) စီရင်ထားတာ ဖြစ်ပါတယ်။

Praljak ဟာ တရားရုံးရှေ့မှောက်မှာ အဆိပ်သောက်ပြီးနောက် - “ကျွနု်ပ်ဟာ စစ် ရာဇဝတ်ကောင် မဟုတ်ဘူး” လို့ အော်ဟစ်သွားခဲ့တဲ့တရားခွင်ကို မှုခင်းဖြစ်ပွားရာ နေရာအဖြစ် Dutch ရဲအာဏာပိုင်တွေက သတ်မှတ်လိုက်ပါတယ်။

ခုံရုံးသဘာပတိ တရားသူကြီးက ကြားနာမှုကိုရပ်ဆိုင်းလိုက်ပြီး တရားရုံးတော်အတွင်း ရှိနေတဲ့ ဆေးဝန်ထမ်းတွေကို Praljak ကို ကုသမှုပေးဖို့ခေါ်ယူလိုက်ပါတယ်။ တရားခံက အဆိပ်သောက်တယ်လို့ ဝန်ခံခဲ့တဲ့အတွက် ဆေးဝန်ထမ်းတွေက ၁ နာရီကျော်ကြာ ကုသပေးခဲ့ကြပြီး သူ့ကို ဆေးရုံကို ခေါ်ဆောင်ပြီးတဲ့နောက် သေဆုံးသွားပါတယ်။

ဒီအဆိပ်သောက် သေကြောင်းကြံစည်မှုဟာ ကုလသမဂ္ဂ နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံး ကနေ ၁၉၉၀ ခုနှစ်တွေအတွင်းက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် Praljak နဲ့အတူ နောက်ထပ် ဘော်စနီးယားနဲ့ Croat နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင် ၅ ဦးတို့ အပေါ် ၂၀၁၃ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို ထပ်မံအတည်ပြုနေစဉ် ဖြစ်သွားခဲ့ တာပါ။

Bosnia စစ်အတွင်း Bosnia မွတ်ဆလင်တွေအပေါ် လူမျိုးအလုပ် သုတ်သင် ရှင်းလင်း မှုမှာ ပါဝင်ခဲ့မှုအတွက် လွန်ခဲ့တဲ့ ၄ နှစ်က ဒီလူ ၆ ဦးကို ပြစ်ဒဏ် စီရင်ခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

Croatia War Crimes