အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ နာဆာက လွှတ်တင်ထားတဲ့ Curiosity အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် က ဂြိုဟ်မျက်နှာပြင်မှာ ထူးဆန်းတဲ့ မဲနက်လုံးဝိုင်းနေတဲ့ အရာတခုကို တွေ့ခဲ့တာမို့ အဲဒီအရာကို လေဆာရောင်ခြည်နဲ့ ချေမွှပြီး စမ်းသပ်စစ်ဆေး နိုင်ခဲ့ပါတယ်။
လုံးနေပြီး ဂေါက်သီးအရွယ်ရှိတဲ့ ဒီအရာဝတ္တုကို အောက်တိုဘာလ ၂၇ ရက်နေ့က ပထမဆုံး နာဆာက တွေ့ရှိခဲ့တာ ဖြစ်ပြီး ဒါဟာ ကမ္ဘာမြေပေါ်မှာ တွေ့နေကျ ဥက္ကာပျံ အမျိုးအစားနဲ့ တူတဲ့ သံနဲ့ နီကယ်တွေနဲ့ ဖွဲ့စည်းထားတာလို့ ပြောပါတယ်။
ဒီလိုဥက္ကာပျံ အပိုင်းအစတွေကို အင်္ဂါဂြိုဟ်ပေါ်မှာလည်း တွေ့ခဲ့ဘူးပေမယ့် ဒီတကြိမ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရှိနေတဲ့ Curiosity ယာဉ်မှာ တပ်ထားတဲ့ ChemCam စက်နဲ့ ခွဲခြား စစ်ဆေးနိုင်ခဲ့တာဖြစ်ပါတယ်။
နေရာသစ်တခုကို ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အရောင်မဲနက်နက် နဲ့ ချောမွတ်တောက်ပနေပြီး လုံးဝိုင်းနေတဲ့ ပုံသဏ္ဍန် ရှိနေတဲ့ ဒီအလုံးလေးကို MSL သိပ္ပံပညာရှင်တွေက သိပ်စိတ်ဝင်စားခဲ့ကြတယ်လို့ ပြင်သစ်နိုင်ငံ Toulouse တက္ကသိုလ်နဲ့ CNRS ပြင်သစ် အမျိုးသား သိပ္ပံ သုတေသနဌာနရဲ့ IRAP နက္ခတ္တရူပဗေဒနဲ့ နက္ခတ်တာရာ သုတေသနဌာနက ChemCam စက်တာဝန်ခံ တဦးဖြစ်တဲ့ Pierre-Yves Meslin ကပြောပါတယ်။
ဥက္ကာခဲနဲ့တူတဲ့ “Egg Rock” လို့ခေါ်တဲ့ ကျောက်ဥ ကို အင်္ဂါဂြိုဟ်ပေါ်မှာ သေသေချာချာ စစ်ဆေး စမ်းသပ်နေတာပါ။ ဒီကျောက်ဥဟာ ဥက္ကာပျံ အရည်ပျော်သွားပြီး မပျော်ပဲ ကျန်ရစ်နေတဲ့ အတွင်းဖက်က အပိုင်းဖြစ်ကြောင်းလည်း ပြောပါတယ်။
New Mexico တက္ကသိုလ်က ChemCam အဖွဲ့ဝင် တဦးဖြစ်တဲ့ Horton Newsom ကတော့ ဥက္ကာပျံတွေ ကွဲကြေသွားပြီး သူတို့ရဲ့ ကြွင်းကျန်တဲ့ အတွင်းပိုင်းတွေဖြစ်တဲ့ သံဥက္ကာပျံတွေကို ကမ္ဘာမြေမှာရော အင်္ဂါဂြိုဟ်ပေါ်မှာပါ တွေ့ရပြီး အင်္ဂါဂြိုဟ်ပေါ် တွေ့ရတဲ့ အမျိုးအစားက ပိုစုံတယ်လို့ ပြောပါတယ်။
ဒီကျောက်ဥကို အင်္ဂါဂြိုဟ်ပေါ်က ရှေးဟောင်းရေကန်တခု ရှိခဲ့မယ်လို့ ယူဆရတဲ့ Mount Sharp တောင်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
အင်္ဂါဂြိုဟ်ပေါ်က ကျောက်ဥ