စီးပွားရေးပြုပြင်မှု အရှိန်အဟုန် ရရှိရေး

A police officer stands on guard near national flags of Myanmar and Japan during the commencement ceremony of the Thilawa Special Economic Zone (SEZ) project in the Japanese Special Economic Zone at Thilawa outside Yangon November 30, 2013. The first pha

Your browser doesn’t support HTML5

စီးပွားရေးပြုပြင်မှု အရှိန်အဟုန် ရရှိရေး

လွန်ခဲ့တဲ့နှစ်က မတည်မငြိမ်ဖြစ်ခဲ့တဲ့ မြန်မာ့စီးပွားရေးအခြေအနေဟာ တည်ငြိမ်လာပြီး တဖြည်းဖြည်းတိုးတက်လာတယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ဇွန်လထုတ် စီးပွားရေးစောင့်ကြည့်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုယ်တိုင်စုဆောင်းထားတဲ့ အချက်အလက်တွေနဲ့ မြန်မာအစိုးရဌာနတွေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ကမ္ဘာ့ဘဏ်အုပ်စုဟာ မြန်မာ့စီးပွားရေးစောင့်ကြည့်ရေး အစီရင်ခံစာကို (၆) လတကြိမ် ထုတ်ဝေပါတယ်။ ဇွန်လထုတ် အစီရင်ခံစာဟာ ဒီနှစ်ရဲ့ ပထမ (၆) လပတ် အစီရင်ခံစာ ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်လာတာမို့ (၆.၅) ရာခိုင်နှုန်းအထိ စီးပွားရေးတိုးတက်လာမယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ပို့ကုန်တိုးပွားလာပြီး သွင်းကုန်ကျဆင်းလာတာကို တွေ့မြင်ရတယ်လို့ ဖော်ပြပါတယ်။ အစိုးရအသုံးစရိတ် လိုငွေပြမှုဟာ တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ (၅) ရာခိုင်နှုန်းကျော် ရှိမယ်လို့ ခန့်မှန်းပေမယ့် တကယ့်လိုငွေဟာ ဒီထက်ပိုပြီးနည်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လျှပ်စစ်ဓါတ်အားမှာ အစိုးရထောက်ပံ့ပေးမှုဟာ အသုံးစရိတ်ရဲ့ (၆) ရာခိုင်နှုန်းအထိ တက်သွားပြီး လာမယ့် (၂) နှစ် (၃) နှစ်အတွင်း (၁၁) ရာခိုင်နှုန်းအထိ ဖြစ်သွားနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင်ပြဿနာကို အရေးတကြီး ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် လျှပ်စစ်စွမ်းအင်ကဏ္ဍပြုပြင်ရေးကို အလျှင်အမြန် မလုပ်နိုင်ရင် အစိုးရအတွက် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး ကြီးမားလာပြီး ရင်းနှီးမြုပ်နံှလိုသူတွေကို ဆွဲဆောင်မှု ခက်ခဲလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက ဆိုပါတယ်။ တိုင်းသူပြည်သားတွေ တတ်နိုင်တဲ့ လျှပ်စစ်စွမ်းအင် ပေးနိုင်ဖို့ကိစ္စကို အထူးကဏ္ဍတခုအဖြစ် ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ပထမ (၆) လပတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၈ ကြား လျှပ်စစ်ဓါတ်အားကို နှစ်ဆတိုး ထုတ်လုပ်ပေမယ့် လိုအပ်သလို မပေးနိုင်တာဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။ မီးမှန်မှန်မရတဲ့အတွက် လုပ်ငန်း (၉၅) ရာခိုင်နှုန်းဟာ အိမ်သုံးမီးစက်ကို ဆောင်ထားရပါတယ်။ လောလောဆယ် (၃.၆) ဂီဂါဝပ် သုံးနေတာကို ငါးနှစ်အတွင်း (၈.၆) ဂီဂါဝပ်အထိ တိုးထုတ်နိုင်ဖို့အတွက် နှစ်ဆတိုးရင်းနှီးမြုပ်နံှပြီး အမြန်နှုန်းသုံးဆလောက်နဲ့ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက ဆိုပါတယ်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ ကုန်ကျစရိတ်တိုးပွားလာပေမယ့် မီတာခ မပြောင်းလဲတဲ့အတွက် အရှုံးခံပြီးတော့ ထုတ်လုပ်နေရပါတယ်။ လျှပ်စစ်မီး ပေးရတဲ့စရိတ်က တိုးပွားလာပေမယ့် မီတာခဟာ၂၀၁၄ ကအတိုင်းပဲ ဖြစ်နေပါတယ်။ ကောက်ယူရရှိတဲ့ မီတာခဟာ ရသင့်ရထိုက်တဲ့ မီတာခထက် (၄၀) ရာခိုင်နှုန်း လျော့နည်းနေတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒါကြောင့် ၂၀၁၇ မှာ ကျပ် (၅၈၀) ဘီလျံအရှုံးပေါ်ခဲ့ရာက ၂၀၁၈ မှာ ကျပ် (၇၅၀) ဘီလျံ အရှုံးပေါ်ပါတယ်။ ဒီလိုစိုက်ထုတ်ရတာကို ကာမီအောင် အစိုးရရဲ့ ဘတ်ဂျက်အသုံးစရိတ်ကိုလည်း (၃၀) ရာခိုင်နှုန်း တိုးချဲ့လိုက်ပါတယ်။ အရှုံးခံပြီး လျှပ်စစ်ဓါတ်အားပေးနေတာကို ရပ်ဆိုင်းဖို့ လိုအပ်နေပြီလို့ ကမ္ဘာ့ဘဏ်အုပ်စုက ယူဆပါတယ်။

လျှပ်စစ်ဓါတ်အား အများဆုံးသုံးသူတွေဟာ လူချမ်းသာတွေဖြစ်လို့ မီတာခသက်သာလေလေ သူတို့အတွက် အကျိုးရှိလေလေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်အုပ်စု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆင်းရဲသားဟာ သူတို့ိလို လျှပ်စစ်ပစ္စည်းမျိုးစုံကို သုံးနိုင်တာ မဟုတ်ပါဘူး။ ဥပမာ လေးအေးစက်ကို အမြဲတမ်းဖွင့်ထားတဲ့ လူချမ်းသာအတွက် အစိုးရကအရှုံးခံပြီး လျှပ်စစ်ဓါတ်အားထုတ်သလို ဖြစ်နေပါတယ်။ အစိုးရထုတ် လျှပ်စစ်ဓါတ်အား (၆၀) ရာခိုင်နှုန်းကို ချမ်းသာတဲ့ အိမ်ထောင်စုတွေကသုံးပြီး ဆင်းရဲသားက (၂) ရာခိုင်နှုန်းလောက်သာ သုံးတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် လျှပ်စစ်မီတာခ သင့်တော်သလို တိုးမြှင့်ဖို့ အရေးကြီးလာပါတယ်။ ဥပမာ တစ်လ ကီလိုဝပ် (၂၀၀) ကျော် သုံးသူတွေကို မီတာခ တိုးမြှင့်ကောက်ယူရာမှာ လျှပ်စစ်ဓါတ်အား အသုံးများရင်များသလို မီတာခ တိုးမြှင့်ကောက်ယူဖို့ အကြံပြုထားပါတယ်။

ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ ပါဝင်လာဖို့ လိုအပ်တာကိုလည်း ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ အာဆီယံအုပ်စုမှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနည်းဆုံးဟာ မြန်မာပြည်ဖြစ်ပါတယ်။ အများဆုံးက ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပြီး၊ လာအိုနဲ့ ကမ္ဘောဒီးယားတောင် မြန်မာနဲ့ သာနေတာကို တွေ့ရပါတယ်။ မြန်မာအစိုးရရဲ့ အာမခံချက်ကြောင့် ဘယ်လိုအကျိုးရှိခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိတာလည်း အစိုးရနဲ့ လက်တွဲဖို့ ခက်ခဲရတဲ့အကြောင်းတခု ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြိုင်ဆိုင်နိုင်တဲ့ တင်ဒါစနစ် ကျင့်သုံးဖို့လည်း ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ အကြံပေးထားပါတယ်။

ပြိုင်ဆိုင်မှုမရှိဘဲ ရယူတဲ့ စွမ်းအင်ထုတ်လုပ်ရေးစနစ်မှာ ဆိုးကျိုးများတာကို အနှစ် (၂၀) အာဖရိကသမိုင်းက သက်သေပြနေပါတယ်။ အပူပိုင်းဒေသမှာရှိတဲ့ မြန်မာပြည်ဟာ နေရောင်ခြည်ဓါတ်အားထုတ်ယူဖို့ သင့်တော်တဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဲဂါဝပ် (၂၀) ထုတ်လုပ်မယ့် နေရောင်ခြည် ဓါတ်အားစီမံကိန်းတခုတည်းသာရှိပြီး ဒီနှစ်ထဲမှာ ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံသုံးလျှပ်စစ်ဓါတ်အားရဲ့ (၈) ရာခိုင်နှုန်းကို နေရောင်ခြည်ကရယူဖို့ မြန်မာအစိုးရက ရည်ရွယ်ပေမယ့် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ ပါဝင်အောင် ဆွဲဆောင်ဖို့လိုကြောင်း ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ပထမ (၆) လပတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။