ကမ္ဘာ့အလှူရှင်များစာရင်း

Thousands of Father Christmas from all over the globe take part in the world famous Santa Run in Newtown, Wales, on Sunday 04 December 2005.

Your browser doesn’t support HTML5

ကမ္ဘာ့အလှူရှင်များစာရင်း

ကိုယ့်မသိတဲ့လူစိမ်းကို အကူအညီပေးမှု၊ ငွေကြေးပေးကမ်းမှု အဖွဲ့တခုခုကို လုပ်အားထောက်ခံမှုစတဲ့ အချက် (၃) ချက်ကိုကြည့်ပြီး ရက်ရောဆုံးနဲ့ စေတနာအရှိဆုံး တိုင်းပြည်စာရင်းကို ဗြိတိန်အခြေစိုက် Charities Aid Foundation (CAF) က စုဆောင်းပြီး ထုတ်ပြန်လာတာ နှစ်အနည်းငယ် ရှိသွားပါပြီ။ ၂၀၁၈ မှာ အင်ဒိုနီးရှားနိုင်ငံ က ပထမ ရရှိသွားပါတယ်။ မြန်မာက လေးနှစ်ဆက်တိုက် ပထမနေရာကို ရရှိခဲ့ပြီးမှ ၂၀၁၈ စာရင်းမှာ အဆင့် (၉) အထိ ကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၇ က နိုင်ငံပေါင်း (၁၄၀) ကျော်မှာ စစ်တမ်းကောက်ယူပြီး ကမ္ဘာ့အလှူရှင်စာရင်းကို ၂၀၁၈ မှာ ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်။

၂၀၁၄ မှာ ပထမနေရာကို မြန်မာနဲ့ အမေရိကန်တို့ ပူးတွဲရယူခဲ့ပါတယ်။ ရက်ရောဆုံးနဲ့ စေတနာ အရှိဆုံးနိုင်ငံ (၂၀) ကို (၂၀၁၃) ကနေ (၂၀၁၇) အထိ ငါးနှစ်ကာလစစ်တမ်း ကောက်ယူတဲ့အခါမှာ မြန်မာက ပထမ၊ အမေရိကန်က ဒုတိယ၊ နယူးဇီးလန်းက တတိယ၊ သြစတေးလျက စတုတ္ထ၊ အိုင်ယာလန်းက ပဉ္စမ၊ ကနေဒါ ဆဋ္ဌမ၊ အင်ဒိုနီးရှား သတ္တမ၊ ဗြိတိန်က အဋ္ဌမအဆင့်တို့မှာ ရှိကြပါတယ်။ သီရိလင်္ကာကအဆင့် (၁၀)၊ မလေးရှားကအဆင့် (၁၃)၊ စင်္ကာပူကအဆင့် (၁၈) တို့မှာ ရှိနေပါတယ်။ ဒီအထဲမှာ အာရှပစ္စီဖိတ်ဒေသက (၇) နိုင်ငံ၊ ဥရောပက (၇) နိုင်ငံ၊ အာဖရိက (၄) နိုင်ငံ နဲ့ အာရပ် (၂) နိုင်ငံတို့ ပါဝင်ပါတယ်။

ကူညီမှု၊ ပေးကမ်းမှုနဲ့ လုပ်အားထောက်ပံ့မှုမှာ အများဆုံးအမတ် (၁၀၀) ဆီ ပေးထားပြီး၊ ရာခိုင်နှုန်း ဘယ်လောက်ရသလဲဆိုတာကို စာရင်းလုပ်ထားပါတယ်။ ပေးကမ်းလှူဒါန်းတဲ့နေရာမှာ မြန်မာဟာ (၉၀) ရာခိုင်နှုန်းကျော် အမြဲတမ်းရနေတာမို့ ရက်ရောဆုံး ဖြစ်နေပါတယ်။ ဒါပေမဲ့ လူစိမ်းကို ကူညီမှုနဲ့ လုပ်အားထောက်ပံ့မှုမှာ မြန်မာက (၅၀) ရာခိုင်နှုန်းကျော်ရခဲ့ရာကနေ ၂၀၁၈ မှာတော့ ကူညီမှုမှာ (၄၀) ရာခိုင်နှုန်း၊ လုပ်အားပေးမှုမှာ (၃၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ပေးကမ်းလှူဒါန်းမှုမှာ မြန်မာက နံပတ် (၁) ဖြစ်နေတာ ထေရဝါဒီဗုဒ္ဓဘာသာဘုန်းကြီး (၅) သိန်းကို လှူဒါန်းနေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပေးကမ်းမှုမှာ အင်ဒိုနီးရှားက ဒုတိယ၊ သြစတေးလျ က တတိယ၊ ဗြိတိန်က စတုတ္ထဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ပိုပြီးချမ်းသာတဲ့ ထိုင်းနိုင်ငံက အဆင့် (၂၂) မှာ ရှိနေတာကို သတိပြုသင့်ပါတယ်။

စင်္ကာပူဟာ ဝင်ငွေကောင်းပေမယ့် ကူညီပေးကမ်းမှုမှာ အားနည်းတာကြောင့် လွန်ခဲ့တဲ့ (၅) နှစ်တာ ကမ္ဘာ့စေတနာရှင်စာရင်းမှာ အဆင့် (၆၄) သာ ရှိပါတယ်။ ဒါပေမဲ့ လူစိမ်းကို ကူညီမှုနဲ့ လုပ်အားပေးထောက်ပံ့မှုတွေ တိုးပွားလာတဲ့အတွက် ၂၀၁၈ စာရင်းမှာ အဆင့် (၇) အထိ တက်သွားပါတယ်။ ပေးကမ်းလှူဒါန်းရာမှာတော့ စင်္ကာပူဟာ (၅၀) ရာခိုင်နှုန်းလောက်သာ အမှတ်ရပါတယ်။ ထိပ်တန်းစေတနာရှင်နိုင်ငံ (၂၀) စာရင်းမှာ ဆင်းရဲတဲ့နိုင်ငံ (၇) နိုင်ငံပါဝင်ပြီး ဂျပန် နဲ့ ဆော်ဒီအာရေဗီရား လို ချမ်းသာတဲ့ နိုင်ငံကြီးတွေ မပါဝင်တာဟာလည်း သတိထားသင့်တဲ့အချက် တခု ဖြစ်ပါတယ်။ ပေးကမ်းလှူဒါန်းဆုံး (၁၀) နိုင်ငံစာရင်းမှာ မြန်မာနဲ့ အင်ဒိုနီးရှားတို့သာ အာရှနိုင်ငံဖြစ်ပြီး ကျန်နိုင်ငံတွေဟာ သြစတေးလျ၊ နယူးဇီလန် နဲ့ ဥရောပနိုင်ငံတွေဖြစ်ပြီး လူသားချင်းစာနာတဲ့ လူမှုရေးအကူအညီတွေပေးတာ များပါတယ်။

ကမ္ဘာ့အလှူရှင်စာရင်းကို နှစ်စဉ်ထုတ်ပြန်လာတာ (၉) ကြိမ် ရှိပါပြီ။ ဒီအထဲမှာ မြန်မာက (၄) ကြိမ် ပထမ ရရှိခဲ့ပြီး၊ အင်ဒိုနီးရှားက ၂၀၁၈ မှာ ပထမဦးဆုံးအကြိမ် ပထမ ရရှိသွားတာ ဖြစ်ပါတယ်။ မြေငလျင်လှုပ်မှုကြောင့် ဒုက္ခရောက်သူတွေကို ကူညီစောင့်ရှောက်သူနဲ့ ပေးကမ်းလှူဒါန်းသူဦးရေ တိုးပွားလာတာမို့ အလှူရှင် ပထမအဆင့်ကို ရောက်သွားတာလို့ ဆိုပါတယ်။ မြန်မာဟာ ပထမအဆင့်ကနေ အဆင့် (၉) ကို ကျသွားပေမယ့် ပေးကမ်းလှူဒါန်းရာမှာ (၈၈) ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံမို့ အလှူများတာလို့ ဆိုပေမယ့် အခြားဗုဒ္ဓဘာသာဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ပေးကမ်းလှူမှုမှာ (၅၃) ရာခိုင်နှုန်း အဆင့် (၂၂) မှာရှိပြီး၊ သီရိလင်္ကာက လှူဒါန်းမှုမှာ (၃၉) ရာခိုင်နှုန်းနဲ့ အဆင့် (၃၆) မှာ ရှိနေပါတယ်။ လာအိုနိုင်ငံက (၃၃) ရာခိုင်နှုန်းနဲ့ အဆင့် (၄၉) နဲ့ ကမ္ဘောဒီးယားက (၃၀) ရာခိုင်နှုန်းနဲ့ အဆင့် (၅၅) မှာ ရှိကြပါတယ်။

ဗုဒ္ဓဘာသာဝင် အများစုရှိတာချင်းတူပေမယ့် ပေးကမ်းလှူဒါန်းတဲ့နေရာမှာ မြန်မာက ရာခိုင်နှုန်းအမာျးဆုံးနဲ့ အဆင့် (၁) မှာ အမြဲတမ်းရှိနေတာဟာ စဉ်းစားစရာကောင်းပါတယ်။ ဒီလိုဖြစ်ရတာဟာ ဘာသာရေးနဲ့မဆိုင်ဘဲ လူမျိုးဓလေ့နဲ့ သက်ဆိုင်တယ်လို့ ယူဆနိုင်ဖွယ် ရှိပါတယ်။ ဘုန်းကြီးဦးရေ ငါးသိန်းကို ကျွေးမွေးထားတဲ့နိုင်ငံမှာ ဘုန်းကြီးဝတ်ပြီး အသက်မွေးဝမ်းကျောင်းသူတွေလည်း အများကြီးရှိနိုင်ပါတယ်။ လုပ်အားပေးထောက်ပံ့ရာမှာ မြန်မာဟာ (၃၄) ရာခိုင်နှုန်းနဲ့ အဆင့် (၂၂) မှာ ရှိပါတယ်။ လူစိမ်းကို ကူညီတဲ့နေရာမှာတော့ (၄၀) ရာခိုင်နှုန်းနဲ့ အဆင့် (၁၂၂) ကို မြန်မာက ရရှိထားပါတယ်။

ကမ္ဘာ့အလှူရှင် နောက်ဆုံးစာရင်းအထိ ပေးကမ်းလှူဒါန်းတဲ့နေရာမှာ မြန်မာက ပထမ ရနေတုန်း ဖြစ်ပါတယ်။ မြန်မာကို ကူညီထောက်ပံ့ပြီး ငွေထုတ်ချေးတဲ့ တရုတ်ပြည်ကတော့ ပေးကမ်းလှူဒါန်းမှုမှာ (၁၄) ရာခိုင်နှုန်းနဲ့ အဆင့် (၁၁၃) ကို ရောက်နေပါတယ်။ ဂျပန်က (၁၈) ရာခိုင်နှုန်းနဲ့ အဆင့် (၉၉) မှာရှိပြီး၊ အိန္ဒိယကတော့ (၂၀) ရာခိုင်နှုန်းနဲ့ အဆင့် (၈၉) မှာ ရှိနေပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံကြီးတွေဟာ မြန်မာလောက် ပေးကမ်းလှူဒါန်းကြတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း တရုတ်ပြည်က ဘုန်းကြီးတွေ မြန်မာပြည်မှာလာပြီး အလှူခံနေတာ ဖြစ်ပုံရပါတယ်။