Your browser doesn’t support HTML5
သစ်တောအဆင့်အတန်း နိမ့်ကျမှုနဲ့ သစ်တောပြုန်းတီးမှု ဟန့်တားရာမှာ ဒေသခံပြည်သူလူထု ပါဝင်လာရမယ်ဆိုတဲ့ အသိရှိလာလို့ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတည်ထောင်ဖို့ ၁၉၉၅ က ညွှန်ကြားချက်ထုတ်ပါတယ်။ ဒါပေမဲ့ ဒေသခံပြည်သူအစုအဖွဲ့တွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းဖို့သာ ရည်ရွယ်တာကြောင့် လူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးကို အဓိက မထားပါဘူး။ အနှစ် (၂၀) ကြာတော့မှ ပြည်သူတွေရဲ့ သစ်တောရဲ့ အကျိုးအမြတ်ကို ခံစားနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၆ မှာ ညွှန်ကြားချက်အသစ် ထုတ်ပြန်ပါတယ်။ သစ်တောပစ္စည်းရောင်းချတဲ့ စီးပွားရေးလုပ်ငန်း တည်ထောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒါပေမဲ့ ၂၀၁၉ မေလမှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ထွက်လာတဲ့အတွက် ၂၀၁၆ ညွန်ကြားချက် ပျက်ပြယ်သွားပါတယ်။ ၂၀၁၉ ညွှန်ကြားချက်မှာ ပြည်သူအစုအဖွဲ့ပိုင် သစ်တောရဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြပါတယ်။ ဒေသခံပြည်သူတွေအတွက် သစ်တောဆိုင်ရာ လိုအပ်ချက် ဖြည့်ဆည်းရေး၊ အလုပ်အကိုင်ပေါ်လာပြီး၊ ဆင်းရဲမှုလျော့နည်းရေး၊ သစ်တောဧရိယာ တိုးပွားရေး၊ သစ်တောစီမံအုပ်ချုပ်ရေးမှာ ပြည်သူပါဝင်ရေးနဲ့ သစ်တောပြုန်းတီးမှု ကာကွယ်ရေး စတာတွေ ဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ပညာပေးလုပ်ငန်းတွေ လိုအပ်ပါတယ်။
ပြည်သူအစုအဖွဲ့ပိုင် သစ်တောအကြောင်း အများဆုံးလေ့လာတဲ့ အဖွဲ့အစည်းဟာ ဘန်ကောက်အခြေစိုက် - ပြည်သူနဲ့သစ်တော လေ့လာရေးဌာန- ဖြစ်ပါတယ်။ ပညာရှင် (၅) ဦး ရေးသားပြုစုပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ဝေတဲ့စာတမ်းအရ မြန်မာပြည်မှာ ဒေသခံအစုအဖွဲ့ပိုင်သစ်တော ဧက (၅) သိန်းကျော်ရှိကြောင်း သိရပါတယ်။ ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေးနယ်မြေရှိ ကြားခံတောနဲ့ ဒီရေတော စတာတွေမှာ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ဖို့ လျှောက်ထားနိုင်ပါတယ်။ အစုအဖွဲ့ပိုင်သစ်တောကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်း တည်ထောင်ဖို့ကိုလည်း သစ်တောဦးစီးဌာနက ခွင့်ပြုနိုင်ပါတယ်။ ၂၀၂၀ မှာ အစုအဖွဲ့ပိုင်သစ်တော စီးပွားရေးလုပ်ငန်း (၁၅၀) အထိ ရှိလာဖို့ ရည်ရွယ်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မှာ ရွာ (၁၈) ရွာအတွက် အစုအဖွဲ့ပိုင်သစ်တော ဧက (၁) သောင်းကျော်ရဖို့ သစ်တောဦးစီးဌာန၊ ဒေသခံအရပ်သားအသင်းအဖွဲ့တွေနဲ့ ဘန်ကောက်အခြေစိုက် ပြည်သူနဲ့ သစ်တောလေ့လာရေးဌာနတို့ ပူးတွဲလုပ်ကိုင်ပုံကို ဥပမာပေးထားပါတယ်။ ရွာ (၃) ရွာက ကိုယ်စားလှယ်တွေကို သင်တန်းပေးပြီး သစ်တောဧက (၂၉၀၀) ကို လုပ်ခိုင်းတဲ့အခါ ၂၀၁၈ အစောပိုင်းမှာ ရွှေရိုးမကြိမ်လုပ်ငန်းကို တည်ထောင်နိုင်ပါတယ်။ မြန်မာ့ကြိမ်ဝါးလုပ်ငန်းအသင်းနဲ့ ဆက်သွယ်ပြီး ကြိမ်အချောထည် ထုတ်လုပ်ရောင်းချနိုင်တာကို တွေ့ရပါတယ်။ ရွှေရိုးမရဲ့ အောင်မြင်မှုဟာ ဥက္ကဋ္ဌလုပ်သူရဲ့ ခေါင်းဆောင်မှုစွမ်းရည် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အစုအဖွဲ့ပိုင်သစ်တော လုပ်ခွင့်လက်မှတ်ရပြီး မကြာမီ ကြိမ်လုပ်ငန်း စတင်နိုင်တာပါ။ ဒေသခံလုပ်ငန်းရှင်တွေ ပါဝင်တဲ့ အစုအဖွဲ့ပိုင်သစ်တော စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။
အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းရဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တို့ ပူးတွဲလုပ်ကိုင်မှု တိုးပွားလာအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အစုအဖွဲ့ပိုင်သစ်တောရဲ့ စီးပွားရေးလုပ်ငန်းရှင်သန်လာမှသာ အစုအဖွဲ့ပိုင်သစ်တောစနစ် အောင်မြင်နိုင်တယ်ဆိုတာကို သစ်တောဦးစီးဌာနက သဘောပေါက်တာမို့ ပြည်သူ့အစုအဖွဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ အားပေးနေပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ရှားပါးနေသေးတယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းကို ကူညီဖို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိတယ်လို့ ၂၀၁၉ ညွှန်ကြားချက် အခန်း (၄) မှာ ဖော်ပြထားပါတယ်။ ဒေသခံပြည်သူရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ နည်းပညာနဲ့ စီးပွားရေးပညာ သင်တန်းတွေပေးနိုင်အောင် သစ်တောဦးစီးဌာနက စီစဉ်ပေးရမယ်လို့ ဆိုပါတယ်။
အစုအဖွဲ့ပိုင်သစ်တောထွက်ပစ္စည်းကို ဈေးကွက်မှာရောင်းနိုင်ဖို့ အရေးကြီးတာမို့ ဝယ်သူနဲ့ချိတ်ဆက်ဖို့ လိုပါတယ်။ လုပ်ငန်းအရင်းအနှီးရဖို့အတွက် ငွေကြေးအဖွဲ့အစည်းနဲ့ ချိတ်ဆက်နိုင်ဖို့ လိုပါတယ်။ လုပ်ငန်းကွန်ရက် ရှင်သန်ကြီးထွားလာဖို့လည်း အရေးကြီးပါတယ်။ ဒီလိုလုပ်ငန်းဆိုင်ရာကိစ္စတွေမှာ သစ်တောဦးစီးဌာနက ကူညီပံ့ပိုးရမယ်လို့ ၂၀၁၉ ညွှန်ကြားချက်က ဆိုပါတယ်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ချိတ်ဆက်မိအောင် သစ်တောဦးစီးဌာနက ကူညီဆောင်ရွက်ရမယ်လို့ အတိအကျဖော်ပြထားပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ (၄) လ မေလ (၈) ရက်နေ့က ထုတ်ပြန်တဲ့ (၂၃) မျက်နှာ ညွှန်ကြားချက်ဖြစ်လို့ လူသိနည်းနေပုံ ရပါတယ်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဟာ တိုးတက်မှုအစီရင်ခံစာရေးဖို့လည်း တာဝန်ရှိပါတယ်။ အစီရင်ခံစာမှာ ပါဝင်ရမယ့် အကြောင်းအရာတွေကို ၂၀၁၉ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် - အစကောင်းမှ အနှောင်းသေချာ - ဆိုသလို အစီရင်ခံစာ ရေးနိုင်အောင် လုပ်ငန်းစစဉ်ကတည်းက စနစ်တကျ မှတ်တမ်းတင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှ လုပ်ငန်းအတွေ့အကြုံနဲ့ အသုံးပြုတဲ့ အတတ်ပညာတွေကို လေ့လာအကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။