Your browser doesn’t support HTML5
သစ်တောဦးစီးဌာနက ထုတ်ပြန်တဲ့သတင်းတွေမှာ တရားမဝင်သစ်နဲ့ သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိတဲ့ သတင်းတွေကို အများဆုံး တွေ့နိုင်ပါတယ်။ ဒီအမှုတွေမှာ သစ်တောဝန်ထမ်း အဂတိလိုက်စားမှုနဲ့ ဆက်နွယ်နေတာလည်း ရှိပါတယ်။ တာဝန်ပေါ့လျော့မှုလည်း ရှိပါတယ်။ သစ်တောဝန်ထမ်းတဦးဟာ ပျမ်းမျသစ်တောနယ်မြေဧက (၉၀၀၀) ကို ထိန်းသိမ်းဖို့ တာဝန်ယူနေရလို့ မနိုင်မနင်း ဖြစ်တာလည်း ရှိပါတယ်။ အများဆုံးအရေးယူခံရတဲ့ ဝန်ထမ်းတွေကတော့ တောခေါင်းနဲ့ တောအုပ်တွေ ဖြစ်ပါတယ်။ လွတ်လပ်ရေးရစဉ်က သစ်တောဖုံးလွှမ်းတဲ့ ဧရိယာ (၇၀) ရာခိုင်နှုန်း ရှိခဲ့ပေမယ့် အခုတော့ (၄၀) ရာခိုင်နှုန်းသာ ရှိပါတယ်။
သစ်တောသယံဇာတ အရင်းအမြစ် ပျက်စီးလာတာကို ကာကွယ်ဖို့နဲ့ ပြည်သူ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သစ်တောဥပဒေသစ်ကို ပြဌာန်းထားတာ (၁) နှစ် ရှိသွားပါပြီ။ ၁၉၉၂ သစ်တောဥပဒေကို ရုတ်သိမ်းပြီး အသစ်ပြဌာန်းတာမို့ ပိုမိုထိရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ အကူအညီပေးရမယ်လို့ ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။ NLD အစိုးရက (၂၀၁၆) ကနေ (၂၀၂၁) အထိဖြစ်တဲ့ ဒုတိယ (၅) နှစ် စီမံကိန်း အကောင်အထည်ဖော်ဖို့ တာဝန်ကျေပါတယ်။ စီမံကိန်းသစ်မှာ ပြည်သူပါဝင်ဖို့ ဦးစားပေးပါတယ်။
၂၀၁၀ ကနေ ၂၀၁၅ အထိ သစ်တောနယ်မြေဧကပေါင်း တစ်သန်းခွဲလောက် ပျက်စီးဆုံးရှုံးနေရတာမို့ ကမ္ဘာမှာ သစ်တောပြုန်းတီးနှုန်း တတိယအများဆုံးဟာ မြန်မာပြည် ဖြစ်ပါတယ်။ ပထမ က ဘရာဇီးနိုင်ငံ ဖြစ်ပြီး၊ ဒုတိယက အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၂၀၁၁ ကနေ ၂၀၃၁ အထိ အနှစ် (၂၀) ဘက်စုံ စီမံကိန်းချပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ပါတယ်။ (၅) နှစ် စီမံကိန်း (၄) ခုနဲ့ အကောင်အထည်ဖော်မယ့် အနှစ် (၂၀) စီမံကိန်း ဖြစ်ပါတယ်။ NLD အစိုးရဟာ (၂၀၁၆) မှ (၂၀၂၁) အထိဖြစ်တဲ့ ဒုတိယ (၅) နှစ် စီမံကိန်းကို အကောင်အထည် ဖော်နေပါတယ်။ ဒီစီမံကိန်းမှာ ပြည်သူလူထုနဲ့ဆိုင်တာ (၃) နှစ် ရှိပါတယ်။ ကျေးလက်လူထုအတွက် အခြေခံသစ်တောထွက်ပစ္စည်း ဖြည့်ဆည်းရေး၊ အိမ်ဆောက်လုပ်ဖို့ လိုအပ်တဲ့သစ်ကို ဖြန့်ဝေနိုင်ရေးနဲ့ ပတ်ဝန်းကျင်နဲ့ သစ်တောထိန်းသိမ်းရေးမှာ လူထုပါဝင်လာရေး စသည်တို့ ဖြစ်ပါတယ်။
စိုက်ပျိုးရေးတိုးချဲ့မှုကြောင့် သစ်တောတွေ ပျက်စီးရတာ များတယ်လို့ မကြာမီကထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၀၂ မှ ၂၀၁၄ အထိ (၁၀) နှစ်ကျော်အတွင်း စိုက်ပျိုးရေးနဲ့ သတ္တုတွင်းလုပ်ငန်းကြောင့် သစ်တောဧရိယာဧက (၂) သန်းခွဲ ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ သစ်တောနယ်မြေအနီးမှာ လမ်းဖောက်မှုနဲ့ အခြားအခြေခံအဆောက်အအုံ တည်ဆောက်တာကလည်း အကြောင်းရင်းတခု ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ သစ်တောဦးစီးဌာနတို့ သဘောထားကွဲလွဲတာဟာလည်း ပြဿနာပေါ်ရတဲ့ အကြောင်းရင်းပဲလို့ ဆိုပါတယ်။ စိုက်ပျိုးမြေနဲ့ မြေလပ်မြေလွတ်မြေရိုင်းတွေကို စိုက်ပျိုးရေးဌာနက ကြီးကြပ်ပြီး သစ်တောနယ်မြေကို သစ်တောဌာနက ကြီးကြပ်ပါတယ်။
သစ်တောနယ်မြေမှာ ကြိုးဝိုင်းတောနဲ့ ကြိုးပြင် ကာကွယ်တောတွေ ပါဝင်ပါတယ်။ သစ်တောဌာနက သစ်တောနယ်မြေ ကျယ်ဝန်းလာတာကို လိုလားပြီး၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနဲ့ ဆည်မြောင်းဌာနကတော့ စိုက်ပျိုးမြေ တိုးပွားတာကို မြင်ချင်ပါတယ်။ ဒီနေရာမှာ ဝန်ကြီးဌာန (၂) ခု ထိပ်တိုက်တွေ့ပါတော့တယ်။ စိုက်ပျိုးရေးလုပ်ငန်း အားပေးဖို့ ရည်ရွယ်ပြီး မြေလွတ်မြေလပ်မြေရိုင်း ဥပဒေကို ပြဌာန်းထားပါတယ်။ ဒီဥပဒေရဲ့ ပြင်ဆင်ချက်ကို မနှစ်က ပြဌာန်းပါတယ်။ ဆန်စပါးအပြင် ဆီထွက်အုန်း၊ ရာဘာ၊ ကြံ စတဲ့ စိုက်ခင်းတွေ တိုးပွားလာအောင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာနက အားပေးပါတယ်။ တရားဝင် စိုက်ပျိုးရေးလုပ်ငန်း ချဲ့ထွင်မှုနဲ့ သစ်ခိုးထုတ်မှုကြောင့် ကောင်းမွန်တဲ့နယ်မြေတွေ ပျက်စီးရတယ်လို့ ဆိုပါတယ်။ သတ္တုတွင်းကြောင့် ကချင်၊ မန္တလေးနဲ့ စစ်ကိုင်းမှာ တောမြေဧက (၁) သန်းကျော် ဆုံးရှုံးပါတယ်။
ကျောက်စိမ်းတူးဖော်မှုကြောင့် သစ်တောနယ်မြေတင်မကပဲ သဘာဝပတ်ဝန်းကျင်ပါ ပျက်စီးရပါတယ်။ ဥရုမြစ်နဲ့ ချင်းတွင်းမြစ်တလျှောက်က သစ်တောတွေ ပျက်စီးကုန်တာဟာ သယံဇာတ တူးဖော်မှုကြောင့် ဖြစ်ပါတယ်။ ရေအားလျှပ်စစ်နဲ့ ဆည်မြောင်း တည်ဆောက်မှုကြောင့် ၂၀၂၀ ကနေ ၂၀၁၄ အထိ (၁၀) နှစ်ကျော်ကာလမှာ သစ်တောနယ်မြေဧက နှစ်သိန်းနီးပါး ပျက်စီးသွားပါတယ်။ ရေကာတာ တည်ဆောက်မှုကြောင့် မြေဧက သုံးသိန်းခွဲလောက် ရေမြုပ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ စိုက်ပျိုးမြေဧက ဆယ်သန်း တိုးချဲ့မယ် စီမံကိန်းမှာ မြေလပ်မြေလွတ်မြေရိုင်း နဲ့ ရိုးရာမြေပါ ပါဝင်လာဖွယ် ရှိပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၉၇၀ ကစပြီး (၄၅) နှစ်လောက် ကျွန်းနဲ့အခြားသစ်တောတွေကို အလွန်အကျွံ ထုတ်ယူတာဟာ သစ်တောမြေ ပျက်စီးပြုန်းတီးရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ၂၀၁၀ မှာ ကျွန်းတန်ချိန် (၅) သိန်းကျော်နဲ့ အခြားသစ်မာတန်ချိန် (၃) သန်းနီးပါး ထုတ်ယူခဲ့ပြီးနောက် သစ်ထုတ်လုပ်မှု ကျဆင်းလာတယ်လို့ ဆိုပါတယ်။ မြန်မာ့သစ်တောကို တောကောင်း၊ တောပျက်နဲ့ တောနိမ့်ဆိုပြီး (၃) မျိုး ခွဲခြားထားပါတယ်။ တိုင်းပြည်ဧရိယာ (၂၁) ရာခိုင်နှုန်းကသာ တောကောင်းဖြစ်ပြီး၊ တောပျက်က (၂၁) ရာခိုင်နှုန်း၊ တောနိမ့်က (၂၂) ရာခိုင်နှုန်း ရှိပါတယ်။ သစ်ထုတ်ယူမှု များလာရင် တောကောင်းဟာ တောပျက် ဖြစ်သွားပါတယ်။