နိုင်ငံခြားထောက်ပံ့ကူညီမှု

Your browser doesn’t support HTML5

နိုင်ငံခြားထောက်ပံ့ကူညီမှု

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်ပြဿနာကြောင့် NLD အစိုးရကို နိုင်ငံခြားက ဝေဖန်နေကြပေမယ့် ဂျပန်ကတော့ ယုံကြည်တယ်လို့ပြောပြီး ဒုက္ခသည်ပြန်ခေါ်ရေးအတွက် ဒေါ်လာငွေ (၃) သန်း မကြာမီက အလကားပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွက် နောက်ထပ်ဒေါ်လာသန်း (၂၀) ပေးဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာကြောင့် နိုင်ငံခြားကူညီထောက်ပံ့မှု အများဆုံးရတဲ့ နိုင်ငံစာရင်းမှာ မြန်မာ ပါဝင်လာပါတယ်။ ပြည်ပထောက်ပံ့မှုမှာ အလကားပေးတာမျိုး ရှိသလို၊ အစပိုင်းမှာ ဆပ်စရာမလိုဘဲ နောက်ပိုင်းကျမှ အတိုးနည်းနည်းနဲ့ ပြန်ဆပ်ရတာမျိုးလည်း ရှိပါတယ်။

နိုင်ငံတနိုင်ငံက အခြားနိုင်ငံတနိုင်ငံကို ငွေကြေး၊ ပစ္စည်းကိရိယာနဲ့ အတတ်ပညာပေးအပ်တာ ကို နိုင်ငံခြား (သို့မဟုတ်) ပြည်ပ ထောက်ပံ့ကူညီမှုလို့ ခေါ်ပါတယ်။ တနည်းဆိုရင်တော့ အစိုးရတခုက အခြားအစိုးရတခုကို ထောက်ပံ့တာပါ။ ထောက်ပံ့မှုလက်ခံတဲ့ နိုင်ငံမှာ လုပ်ကိုင်နေတာကို သဘောကျလို့ ထောက်ပံ့တာရှိသလို၊ သြဇာညောင်းချင်လို့ ထောက်ပံ့တာလည်း ရှိပါတယ်။ ဆင်းရဲလွန်းလို့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့လည်း ကူညီထောက်ပံ့တာ ရှိပါတယ်။ ထောက်ပံ့မှုတွေ များလာတာမို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသစ်ကို မကြာမီက ဖွဲ့စည်းလိုက်ပါတယ်။

လွတ်လပ်ရေးရချိန်ကစပြီး အခုအချိန်အထိ မြန်မာပြည်ကို ထောက်ပံ့ကူညီနေတဲ့ နိုင်ငံဟာ ဂျပန် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်ကိုလိုနီ မြန်မာပြည်ကို ဂျပန်ကျူးကျော်တိုက်ခိုက်လို့ ဆုံးရှုံးပျက်ဆီးရတာတွေကို လျော်ကြေးပေးတဲ့အနေနဲ့ ဂျပန်က ထောက်ပံ့ပါတယ်။ ၁၉၅၅ မှ ၁၉၆၅ အထိ (၁၀) နှစ်ကာလမှာ ဒေါ်လာသန်း (၂၅၀) ထောက်ပံ့ပါတယ်။ စစ်အစိုးရလုပ်ရပ်ကို မကြိုက်လို့ အခြားနိုင်ငံနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့မှုကို ရပ်လိုက်ပေမယ့် ဂျပန်ကတော့ အနည်းအကျဉ်း ဆက်လက်ထောက်ပံ့ပါတယ်။ ရည်ရွယ်ချက်က ဂျပန်ကုမ္ပဏီတွေ အလုပ်ရနေဖို့ ဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ် ဝင်လာပါတယ်။ ပထမဦးဆုံး ၁၉၉၁ မှာ ဒေါ်လာ (၉) သန်း ဗမာအစိုးရကို အလကားပေးပါတယ်။ နောက်တော့ အတိုးမယူဘဲ ဒေါ်လာ (၉) သန်း ထုတ်ချေးပါတယ်။ ၁၉၉၇ ကစပြီး ဆယ်နှစ်အတွင်း တရုတ်အစိုးရက မြန်မာအစိုးရကို ဒေါ်လာ (၂၄) သန်း အလကားပေးပြီး သန်း (၄၈၀) ကို အတိုးနည်းနည်းနဲ့ ချေးငှာ့းပါတယ်။

မြန်မာပြည်ကို နိုင်ငံခြားထောက်ပံ့တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားအဖွဲ့အစည်းတွေက အစီရင်ခံစာအမျိုးမျိုး ရေးသားထုတ်ဝေပါတယ်။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက Asia Foundation သုတေသီ Thomas Carr ရေးသားပြုစုတဲ့ အစီရင်ခံစာ ထွက်လာပါတယ်။ ၂၀၁၆ ဇွန်လက ၂၀၁၇ ဇူလိုင်လအထိ မြန်မာနိုင်ငံမှာ တွေ့ဆုံမေးမြန်းလေ့လာစုံစမ်းပြီး ရေးသားထားတာ ဖြစ်ပါတယ်။ Understanding Aid to Myanmar since 2011 ဆိုတဲ့ စာတမ်းပါ။ ဦးသိန်းစိန်အစိုးရ တက်လာချိန်ကစပြီး မြန်မာပြည်ကို ကူညီထောက်ပံ့မှု များလာပုံကို ရှင်းလင်း တင်ပြထားတာပဲ ဖြစ်ပါတယ်။ ထောက်ပံ့ကူညီနိုင်အောင် မြန်မာအစိုးရဆပ်ရမယ့် အကြွေးကို အထိုက်အလျှေက် ပြေပျောက်အောင် လုပ်ဖို့လည်း လိုပါတယ်။

ဦးသိန်းစိန်အစိုးရတက်လာချိန်မှာ အပြည်ပြည်ဆိုင်ရာကို ပေးဆပ်ရမည့်ကြွေးမြီက ဒေါ်လာသန်းပေါင်းတစ်ထောင်ကျော်နေပါပြီ။ ဒီကိစ္စကို အရင်ရှင်းနိုင်မှ နောက်ထပ်ချေးငှားနိုင်မှာ (သို့မဟုတ်) ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ကြွေးပြဿနာမှာ ဂျပန်က အဓိကနေရာက ပါဝင်ပါတယ်။ ဒေါ်လာသန်း (၅၄၄၀) ကို ဂျပန်က ပြန်မတောင်းဘဲ လျှော်ပစ်လိုက်ပါတယ်။ နော်ဝေကလည်း ဒေါ်လာသန်းငါးရာကျော်ကို လျှော်ပစ်လိုက်ပါတယ်။ ဂျပန်နဲ့ နော်ဝေ ကောင်းမှုကြောင့် ပေးဆပ်ရမည့်ကြွေးမြီ (၅၀) ရာခိုင်နှုန်းလောက် ပြေပျောက်သွားပါတယ်။ ကျန်ရှိနေသေးတဲ့ အကြွေးကိုတော့ (၁၅) နှစ်အတွင်း တဖြည်းဖြည်း ပြန်ဆပ်ဖို့ စီစဉ်ထားလိုက်ပါတယ်။ ဦးသိန်းစိန်အစိုးရကို ဒေါ်လာသန်း (၂၂၀၀) ဂျပန်က ထပ်ချေးပြီး ကမ္ဘာ့ဘဏ်က သန်း (၅၂၀) အာရှဖွံ့ဖြိုးရေးဘဏ်က သန်း (၅၇၂) အတိုးနည်းနည်းနဲ့ ထပ်ချေးပြန်ပါတယ်။

နောက်တော့ ဥရောပနဲ့ အမေရိကန်ကလည်း ထောက်ပံ့ချေးငှားလာကြတဲ့အတွက် ၂၀၁၅ ရောက်တော့ အလှုရှင်အဖွဲ့အစည်း (၄၀) လောက် မြန်မာပြည်မှာ အလုပ်ရှုပ်နေတာကို တွေ့နိုင်ပါတယ်။ ကူညီထောက်ပံ့ဖို့ ဒေါ်လာသန်းပေါင်း (၁၄၀၀၀) ယာယီသတ်မှတ်ပေးတဲ့အနက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒေါ်လာသန်းပေါင်း တစ်သောင်းကျော် ထောက်ပံ့ချေးငှားနိုင်ခဲ့ပါတယ်။ NLD အစိုးရ တက်လာတဲ့အခါမှာ ထောက်ပံ့ချေးငှားမှုတွေ အရှိန်အဟုန်နဲ့ တိုးပွားလာမယ်လို့ မျှော်လင့်ကြပေမယ့် ထင်သလို ဖြစ်မလာဘဲ ဦးသိန်းစိန်အစိုးရ ပုံစံအတိုင်း ဆက်သွားနေတာကို တွေ့ရပါတယ်။

ငါးနှစ်အတွင်း ဒေါ်လာသန်း (၈၀၀၀) ထောက်ပံ့ဖို့ ၂၀၁၆ မှာ ဂျပန်က ကတိပြုပါတယ်။ ပြည်ပကူညီ ထောက်ပံ့မှုကို ထိရောက်စွာ အသုံးပြုနိုင်ဖို့ မြန်မာအစိုးရဘက်ကရော အလှုရှင်နိုင်ငံတွေကရော စီမံခန့်ခွဲမှုတွေ ပြုပြင်ပြောင်းလဲလာကြပါတယ်။ အစိုးရနဲ့ အလှုရှင်အဖွဲ့အစည်း ပူးတွဲလုပ်ကိုင်နိုင်ရေးအတွက် လုပ်နည်းလုပ်ထုံးတွေ ပြုပြင်လာပါတယ်။ ဒါကြောင့်မို့ NLD အစိုးရဟာ ဦးသိန်းစိန်အစိုးရနဲ့ ကွဲပြားခြားနားတဲ့ နည်းလမ်းကို လိုက်မလားဆိုတာကို စောင့်ကြည့်ရမယ်လို့ Thomas Carr က ဆိုပါတယ်။