နိုင်ငံခြားရင်းနှီးမြုပ်နံှမှု အခြေအနေ

Serge Pun, right, executive chairman of First Myanmar Investment, joyfully hugs a bell pillar as electronic trading commence listing his company during the opening day of trading at Yangon Stock Exchange in Yangon, Myanmar, March 25, 2016.

Serge Pun, right, executive chairman of First Myanmar Investment, joyfully hugs a bell pillar as electronic trading commence listing his company during the opening day of trading at Yangon Stock Exchange in Yangon, Myanmar, March 25, 2016.

Your browser doesn’t support HTML5

နိုင်ငံခြားရင်းနှီးမြုပ်နံှမှု အခြေအနေ

ရခိုင်ပြဿနာကို အပြည်ပြည်ဆိုင်ရာမှာ အပြင်းအထန်တုံ့ပြန်နေတုန်း ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်သေးတာဟာ တိုင်းပြည်စီးပွားရေးကို ထိခိုက်လာနိုင်တယ်လို့ မေလထုတ် ကမ္ဘာ့ဘဏ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အတိုးသက်သာစွာ ငွေချေးယူနိုင်တဲ့ အခွင့်အလမ်းလည်း နည်းပါးသွားနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု နည်းသွားရင် ကုန်ထုတ်လုပ်မှု၊ ဘဏ္ဍာဝန်ဆောင်မှုနဲ့ စိုက်ပျိုးလယ်ယာမှာ တိုးတက်မှုနှေးကွေးသွားပါလိမ့်မယ်။ ဒီနှစ်ထဲမှာ ရင်းနှီးမြု့ပ်နံှမှုဟာ မျှော်မှန်းထားတာရဲ့ တဝက်လောက်သာ ဝင်လာကြောင်း သိရပါတယ်။ ဒါပေမဲ့ ရင်းနှီးဖို့ စိတ်ဝင်စားသူတွေ ပိုများလာပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ နေပြည်တော်မှာကျင်းပတဲ့ ရင်းနှီးမြုပ်နံှမှုဖိုရမ်ကို တက်ရောက်သူ (၁၂၀၀) ကျော် ရှိပါတယ်။ ၂၀၁၆ မှာ ပြဌာန်းတဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှု ဥပဒေနဲ့ ၂၀၁၇ မှာ ပြဌာန်းတဲ့ ရင်းနှီးမြုပ်နံှမှု စည်းမျဉ်းတွေကို နိုင်ငံခြားကုမ္ပဏီတွေက ကြိုဆိုပါတယ်။ တိုင်းပြည်ပို့ကုန် (၂၀) ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး အလုပ်သမား (၁၈) ရာခိုင်နှုန်းကို အလုပ်ပေးထားတဲ့ နိုင်ငံခြားလုပ်ငန်းကဏ္ဍက ထောက်ခံကြိုဆိုတာ ဖြစ်ပါတယ်။ NLD အစိုးရဟာ အရင်ရှိခဲ့တဲ့ အဟန့်အတားတွေကို လျှော့ချပြီး ပိုမိုစနစ်ကျတဲ့ လုပ်နည်းလုပ်ထုံးတွေ ကျင့်သုံးလာပါတယ်။

ရင်းနှီးမြုပ်နံှသူအချင်းချင်း အငြင်းပွားတဲ့အခါ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိလာတာဟာ နိုင်ငံခြားကုမ္ပဏီတွေကို အားသစ်လောင်းရာရောက်ပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုက လုပ်ငန်းအခြေအနေကို စီစစ်တဲ့အခါ ပို့ကုန်လုပ်ငန်းက အလုပ်သမားတွေဟာ ပိုပြီးထုတ်လုပ်နိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အစိုးရပြဌာန်းတဲ့ ဥပဒေအတိုင်း လုပ်ကိုင်ရာမှာ အဆင်မပြေတာတွေလည်း ရှိပါတယ်။ အစိုးရစည်းမျဉ်းနဲ့အညီ ဖြစ်ဖို့ကြိုးပမ်းရတာဟာ ကုမ္ပဏီမန်နေဂျာအတွက် အလုပ်ကြီးတခုလို ဖြစ်နေပါတယ်။ ဒီကိစ္စမှာတင် အလုပ်ချိန် (၅) ရာခိုင်နှုန်း သုံးနေရတယ်လို့ မန်နေဂျာတွေက ပြောပါတယ်။ မြန်မာပြည်မှာ လုပ်ငန်းစတင်နိုင်ဖို့အတွက် ပြင်ဆင်ရတာက တနှစ်လောက်ကြာပါတယ်။ လုပ်ငန်းအတွက် မြေနေရာရအောင် စောင့်ရတာက (၆) လ ကြာတယ်လို့ ကုမ္ပဏီ (၃၅) ရာခိုင်နှုန်းက ပြောပါတယ်။ နိုင်ငံခြားကယူလာတဲ့ပစ္စည်း၊ အကောက်ခွန်ဌာနက စစ်ဆေးတာကို စောင့်ရတာ (၂) လအထိ ကြာပါတယ်။

ဒါကြောင့်မို့ နိုင်ငံခြားုကုမ္ပဏီတွေ ဝင်ရောက်လာအောင် ဆွဲဆောင်ရုံတင်မကပဲ သူတို့ရဲ့ လုပ်ငန်းကိုင်ငန်း အဆင်ပြေအောင်လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေဟာ လုပ်ရကိုင်ရ အဆင်ပြေတာကိုသာ လိုလားကြတယ်လို့ ကမ္ဘာ့ဘင်္ဏစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒေသခံကုမ္ပဏီတွေကတော့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုကြောင့် နည်းပညာသစ်တွေရရှိပြီး ဈေးကွက်ကျယ်ပြန့်လာလိမ့်မယ်လို့ ယူဆကြပါတယ်။ ရင်းနှီးမြုပ်နံှမှုဥပဒေသစ်ကို အများပြည်သူနာလည်လာအောင် အစိုးရက ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ တိုင်းဒေသအဆင့် ဝန်ထမ်းတွေကို စွမ်းရည်မြှင့်တင်ပေးဖို့ လိုတယ်လို့လည်း အကြံပေးထားပါတယ်။ အရာထမ်းတိုင်းမှာ စွမ်းရည်မရှိတာ ထင်ရှားပါတယ်။

ဥပဒေသစ်အရ ရင်းနှီးမြုပ်နံှမှု ကူညီရေးကော်မတီ ဖွဲ့စည်းထားတာ ကုမ္ပဏီအားလုံးကို တန်းတူရည်တူ အခွင့်အရေးပေးသလို ဖြစ်နေပါတယ်။ လောလောဆယ်တော့ မြေနဲ့အကောက်ခွန်ကိစ္စ ဖြေရှင်းဖို့အတွက် တကယ်စွမ်းဆောင်နိုင်တဲ့ အရာထမ်းနဲ့ ဆက်သွယ်နိုင်ဖို့ ပိုပြီးအရေးကြီးတယ်လို့ နိုင်ငံခြားကုမ္ပဏီတွေက မြင်ပါတယ်။ အဆက်အသွယ်ကောင်းရင်ကောင်းသလို ပြဿနာအခက်အခဲကို ကျော်လွှာနိုင်တာကြောင့် မညီမျှတဲ့ ပြိုင်ဆိုင်မှုကို အားပေးသလို ဖြစ်နေပါတယ်။ အစိုးရယန္တရားနဲ့ဆိုင်တဲ့ အခက်အခဲကို ကျော်လွှားရာမှာ လာဘ်ပေးလာဘ်ယူမှု ရှိတာကိုတော့ ကမ္ဘာ့ဘဏ်စစ်တမ်းမှာ မဖော်ပြပါဘူး။ ဥပဒေစည်းမျဉ်းအတိုင်းလုပ်လို့ မထိရောက်ဘဲ အဆက်အသွယ်ကောင်းကောင်း ရှိမှသာ အလုပ်ဖြစ်တယ်ဆိုတာကို နိုင်ငံခြားကုမ္ပဏီ (၈၀) ရာခိုင်နှုန်းက နားလည်သဘောပေါက်ကြပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဝင်လာတာများလေလေ ပို့ကုန်ထုတ်လုပ်မှု အားကောင်းလာလေလေမို့ အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်ပါတယ်။ ကမ္ဘာ့ဘဏ်စစ်တမ်းကို ပြန်ကြည့်ရင် နိုင်ငံခြားကုမ္ပဏီဟာ ဒေသခံကုမ္ပဏီထက် အလုပ်သမားနှစ်ဆလောက် ပိုသုံးတာကို တွေ့ရပါတယ်။ လုပ်ခလည်း ပိုပေးနိုင်ပါတယ်။ ကုန်ထုတ်လုပ်သားကို (၁၂) ရာခိုင်နှုန်း။ ရုံးအမှုထမ်းကို (၃) ရာခိုင်နှုန်း လုပ်ခပို့ပေးပါတယ်။ နိုင်ငံခြားပိုင်များတဲ့ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားအင်အား (၄) သိန်းကျော် ရှိပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြား ရင်းနှီးမှု တိုးပွားလာရင် ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချနိုင်မယ့် အလားအလာ ရှိပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နံှမှုကြောင့် ရေရှည်မှာ ဆင့်ပွားုအကျိုးခံစားရမှုတွေ ရှိနိုင်ပါတယ်။ ဥပမာ အတတ်ပညာ ပြန့်ပွားမှုဟာ ဆင့်ပွားအကျိုးခံစားရမှုတခု ဖြစ်ပါတယ်။ ဒေသခံကုမ္ပဏီကို နိုင်ငံခြားကုမ္ပဏီကသုံးရင် သုံးသလို အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ နိုင်ငံခြားကုမ္ပဏီတွေ လိုချင်သလောက် ဒေသခံကုမ္ပဏီက ကုန်ကြမ်းမပေးနိုင်ဘဲ ဖြစ်နေပါတယ်။ မြန်မာပြည်ဟာ စီးပွားရေးလုပ်ငန်း လုပ်ရတာ ခက်ခဲတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံနေရဆဲ ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၁၉၀) မှာ မြန်မာထက်သာတဲ့နိုင်ငံက (၁၇၀) ရှိပြီး မြန်မာထက်ညံ့ထက်နိုင်ငံက (၁၉) နိုင်ငံသာ ရှိပါတယ်။