Your browser doesn’t support HTML5
ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေကို သိရှိနိုင်ဖို့အတွက် EU (ခေါ်) ဥရောပနိုင်ငံများသမဂ္ဂအဖွဲ့က လွန်ခဲ့တဲ့ အောက်တိုဘာလမှာ လေ့လာရေးမစ်ရှင်တခုက မြန်မာပြည်ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီမတိုင်မီကလည်း ရိုဟင်ဂျာအပေါ် ပြစ်မှုကျူးလွန်မှုနဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့က အရာရှိ (၇) ဦးကို ဒဏ်ခတ်အရေးယူနိုင်ကြောင်း ဇွန်လမှာ ကြေညာပါတယ်။ လေ့လာရေးမစ်ရှင်ရဲ့ တွေ့ရှိချက်တွေကို အခြေခံပြီး လူ့အခွင့်အရေးချိုးဖျက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လွန်ခဲ့တဲ့ မတ်လက ချမှတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို (၃၇) နိုင်ငံက ထောက်ခံပြီး၊ တရုတ်၊ ကျူးဘားနဲ့ ဖိလစ်ပိုင်က ကန့်ကွက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်မှုတွေ ရပ်ဆိုင်းပြီး ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းတာ ဖြစ်ပါတယ်။ အခွန်ကင်းလွတ်မှုကို အခွင့်ကောင်းယူပြီး ယူရိုသန်း (၂၃၀၀) ဖိုး ဥရောပကို မြန်မာက (၂၀၁၈) မှာ တင်ပို့လိုက်ပါတယ်။ ဒီအထဲမှာ အဝတ်အထည်က ယူရိုသန်း (၁၇၀၀) ကျော်၊ ဆန်က သန်း (၁၄၀) ကျော်၊ ကျောက်မျက်က သန်း (၁၃၀) နဲ့ ဖိနပ်က သန်း (၁၂၀) ကျော် ပါဝင်ပါတယ်။ ဒီလိုဆက်လက်တင်ပို့နိုင်ဖို့အတွက် ကုလသမဂ္ဂနဲ့ လက်တွဲဖို့ လိုအပ်ကြောင်း EU ဥရောပအဖွဲ့က ကြေညာပါတယ်။
မြန်မာအစိုးရကတော့ ကုလသမဂ္ဂအစီရင်ခံစာနဲ့ ဆုံးဖြတ်ချက်တွေဟာ တဖက်သတ်လုပ်ရပ်တွေ ဖြစ်တယ်လို့ဆိုပြီး လက်မခံပါဘူး။ လူ့အခွင့်အရေးအခြေအနေ ကောင်းမွန်မလာဘူးဆိုရင် EU က တခုခုလုပ်ရတော့မယ့် အခြေအနေကို ရောက်သွားနိုင်ပါတယ်။ မြန်မာကို ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့် ရုတ်သိမ်းတာဟာ EU အတွက် အလွယ်ဆုံးနည်းပါ။ အထည်အလိပ်၊ ဘိနပ်နဲ့ အခြားအသုံးအဆောင်ပစ္စည်း ထုတ်လုပ်နေတဲ့ မြန်မာအလုပ်သမား တစ်သန်းကျော် ရှိပါတယ်။ ဒီအထဲမှာ အထည်ချုပ်လုပ်ငန်းမှာ အမျိုးသမီး (၇) သိန်းကျော် ရှိပါတယ်။ စစ်အစိုးရကို EU နဲ့ အမေရိကန် ဒဏ်ခတ်အရေးယူစဉ်က အထည်ချုပ်စက်ရုံ (၁၂၀) ကျော်သာ ကျန်ပါတယ်။ ဒဏ်ခတ်မှု ရုတ်သိမ်းပြီး အခွန်လွတ် ကုန်သွယ်ခွင့် ပြန်ရတော့မှ မဟာရန်ကုန်၊ ပဲခူး၊ ပုသိမ်နဲ့ ဖားအံ့မှာ အထည်ချုပ်စက်ရုံတွေ ပေါ်ထွက်လာပါတယ်။ ၂၀၁၄ ကဆိုရင် တနှစ်အတွင်း အထည်ချုပ်စက်ရုံအသစ် (၅၀) ကျော် ထပ်တိုးလာပါတယ်။
မြန်မာပြည်က ပို့ကုန်တွေ အကန့်အသတ်မရှိ၊ အခွန်အကောက်မရှိ၊ ဥရောပမှာ ရောင်းချခွင့် ပြန်ရတာ (၂၀၁၃) က ဖြစ်ပါတယ်။ ဒီအခွင့်ထူးကြောင့် မြန်မာအထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နံှသူများပြားလာပါတယ်။ အခွန်ဆောင်ရမယ်ဆိုရင်တော့ အခွန်ကင်းလွတ်ခွင့်ရတဲ့ နိုင်ငံတွေကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်လို့ မြန်မာပြည်က ထွက်ခွါတဲ့ ကုမ္ပဏီတွေ များပြားလာပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖျက်မှုနဲ့ ကမ္ဘောဒီးယားရဲ့ အခွန်ကင်းလွတ်ခွင့်ကို ယာယီရုတ်သိမ်းဖို့ ဖေဖေါ်ဝါရီလမှာ အီးယူက ကြေညာတာကို မြန်မာအစိုးရ သတိထားသင့်တယ်လို့ မကြာမီက စင်္ကာပူ ISEAS လေ့လာရေးဌာနက ထုတ်ဝေတဲ့ Whither Garment Industry ဆိုတဲ့ Nick J. Freeman ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။
အစိုးရစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် အရပ်သားတွေလုပ်တဲ့ အလုပ်ကို ဒဏ်ခတ်အရေးယူသလို ဖြစ်နေပါတယ်။ အခွန်ကင်းလွတ်ခွင့် ရုတ်သိမ်းလိုက်လို့ နစ်နာမယ့်သူတွေကတော့ မြန်မာအလုပ်သမား၊ တရုတ်၊ ကိုရီးယားနဲ့ အခြားနိုင်ငံခြားကုမ္ပဏီတွေ ဖြစ်ပါတယ်။ တရုတ်ပိုင် အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမား (၃) သိန်းကျော် ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဂျပန်၊ ကိုရီးယား၊ စပိန်၊ ဂျာမဏီ၊ ယူကေ နဲ့ တူရကီတို့ကို မြန်မာ့အထည် (၈၅) ရာခိုင်နှုန်း တင်ပို့ပါတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုအတွက် မြန်မာ့အထည်ချုပ်လုပ်ငန်းကို ဓါးစားခံလုပ်သလို ဖြစ်နေပါတယ်။ စစ်တပ်ပိုင် ကုမ္ပဏီတွေ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရွေးချယ်ပြီး အရေးယူတာကသာ အီးယူအဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ နီးစပ်လိမ့်မယ်လို့ သုံးသပ်သူလည်း ရှိပါတယ်။ စစ်တပ်ကို မနိုင်လို့ အထည်ချုပ်လုပ်ငန်း မီးရှို့တာ သဘာဝ မကျပါဘူး။
အီးယူအဖွဲ့ဟာ မြန်မာအစိုးရကို သတိပေးထားပြီးဖြစ်လို့ အခြေအနေ ကောင်းမလာဘူးဆိုရင် အရေးယူဖွယ် ရှိပါတယ်။ ကမ္ဘောဒီးယားကို အရေးယူတဲ့ ဥပမာကို Nick J. Freeman က သူ့စာတမ်းမှာ တင်ပြထားပါတယ်။ အရေးမယူခင် အစိုးရနဲ့ (၆) လလောက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပါတယ်။ ဒီ (၆) လအတွင်းမှာ လူ့အခွင့်အရေးအခြေအနေကို အသေးစိတ် စောင့်ကြည့်လေ့လာပါတယ်။ အဲဒီတောက် အစီရင်ခံစာ ပြင်ဆင်တာက (၃) လ ကြာပါတယ်။ စုစုပေါင်း (၁၂) လလောက်ကြာတော့မှ ဥရောပကော်မရှင်က အခွန်ကင်းလွတ်ခွင့် ရုတ်သိမ်းကြောင်း ကြေညာပြီး ရုတ်သိမ်းမယ့် အချိန်ကာလကို သတ်မှတ်ပါတယ်။ ဒီလိုကြေညာပြီး (၆) လအကြာမှာ အခွန်ကင်းလွတ်ခွင့် နိဂုံးချုပ်နိုင်ပါတယ်။
မြန်မာပြည်ထုတ်အထည်များကို အီးယူက အခွန်ကောက်ယူတာကြောင့် အထည်ချုပ်လုပ်ငန်း အများအပြား ရပ်ဆိုင်းသွားတာကို စစ်တပ်က ဂရုစိုက်မှာ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အရပ်သားကသာ အီးယူအပေါ် အမုန်းပွားလာဖွယ် ရှိပါတယ်။ ၁၉၉၆ ကနေ ၂၀၁၃ အထိ အီးယူက အခွန်ကင်းလွတ်ခွင့် ရုတ်သိမ်းခဲ့တဲ့အတွက် မြန်မာ့စီးပွားရေးမှာ အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရပါတယ်။ အီးယူရဲ့ လုပ်ရပ်ကြောင့် ဖွံ့ဖြိုးစနိုင်ငံတွေကို ကူညီရိုင်းပင်းဖို့ တီထွင်ထားတဲ့ အခွန်ကင်းလွတ်ခွင့်ဟာ မြန်မာပြည်မှာတော့ အကူအညီပေးရာ မရောက်ဘဲ ဒုက္ခပေးသလို ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။