ပြည်သူ့နေထိုင်မှု အခြေအနေ

မန္တလေးမြို့ရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု။ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆။

NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ လူနေမှုအခြေအနေ တိုးတက်လာတယ်လို့ လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အစိုးရဗဟိုစာရင်းအင်းအဖွဲ့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ကမ္ဘာ့ဘဏ်အုပ်စုတို့ ပူးပေါင်းလေ့လာခဲ့တဲ့ စာမျက်နှာ (၂၀၀) ကျော်ရှိတဲ့ စစ်တမ်း ဖြစ်ပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့က ၂၀၁၆ နှစ်ကုန်က ၂၀၁၇ နှစ်ကုန်အထိ တနှစ်လုံးကောက်ယူခဲ့တဲ့ စာရင်းဇယားတွေပဲ ဖြစ်ပါတယ်။ မြို့နယ်ပေါင်း (၂၉၆) နယ်က အိမ်ထောင်စု (၁၃၇၃၀) ကို တွေ့ဆုံမေးမြန်းလို့ ရရှိတဲ့ အချက်အလက်တွေပါ။ အလုပ်အကိုင်၊ ဝင်ငွေနဲ့ ကုန်ကျစရိတ်တို့ကို မှတ်တမ်းတင်ထားပါတယ်။

လူနေမှုဘဝမှာ အဓိကကျတဲ့ အခြေခံလိုအပ်ချက်တွေ ပြောင်းလဲလာပုံကို ဖော်ပြထားပါတယ်။ ဥပမာ လျှပ်စစ်မီး အသုံးပြုတာကိုကြည့်ပြီး လူနေမှု တိုးတက်ပုံကို ဖော်ပြထားပါတယ်။ နေရောင်ခြည်ဆိုလာ နည်းပညာသုံးစွဲမှုနဲ့ ဓါတ်အားလိုင်းတိုးချဲ့မှုတွေကြောင့် အိမ်ထောင်စုတွေမှာ လျှပ်စစ်ပစ္စည်းအမျိုးမျိုး သုံးစွဲလာကြပါတယ်။ လျှပ်စစ်မီးသုံးနိုင်တဲ့နေရာတွေမှာ ညပိုင်းအထိ အလုပ်လုပ်နိုင်ကြပါတယ်။ ကျေးလက်မှာ နေရောင်ခြည်ဓါတ်အား အသုံးပြုသူ မရှိသလောက် ရှားပါးခဲ့ပါတယ်။

ဓါတ်အားလိုင်းကွန်ရက်ကို ၂၀၁၅ မှာ တိုင်းပြည်လူဦးရေ (၃၄) ရာခိုင်နှုန်း အသုံးပြုခဲ့ပေမယ့် ၂၀၁၇ ရောက်တော့ သုံးစွဲသူလူဦးရေ (၄၂) ရာခိုင်နှုန်းအထိ တိုးပွားလာပါတယ်။ လက်ကိုင်ဖုန်းအသုံးပြုသူ တိုးပွားလာတဲ့အတွက် ဆက်သွယ်မှု များပြားလာပါတယ်။ အိမ်ထောင်စုဦးရေရဲ့ (၈၅) ရာခိုင်နှုန်းဟာ ၂၀၁၇ မှာ အနည်းဆုံး လက်ကိုင်ဖုန်း (၁) လုံး ပိုင်ဆိုင်တယ်လို့ ဖော်ပြပါတယ်။ ဘဏ်လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လက်ကိုင်ဖုန်း (ခေါ်) Mobile Phone ဟာ အသုံးဝင်တာမို့ အသုံးများမှုနဲ့ တိုးတက်မှု ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ Mobile Phone အသုံးအနည်းဆုံးဒေသဟာ ရခိုင်နဲ့ ချင်းပြည်နယ် ဖြစ်ပါတယ်။ ဒါပေမဲ့ Mobile Phone ရှိသူတိုင်းဟာ ကမ္ဘာနဲ့ ဆက်သွယ်နိုင်တဲ့ Internet ကွန်ရက်နဲ့ ချိတ်ဆက်ထားတာ မဟုတ်လို့ ဒီနေရာမှာ အားနးည်းနေပါသေးတယ်။

လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်မှုကိုလိုက်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်း သုံးစွဲမှုလည်း များပြားလာပါတယ်။ တီဗီနဲ့ မော်တော်ဆိုင်ကယ် သုံးစွဲမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း သိသိသာသာ တိုးပွားနေပါတယ်။ ၂၀၁၅ မှာ တီဗီပိုင်တဲ့ အိမ်ထောင်စု (၂၅) ရာခိုင်နှုန်းလောက်သာ ရှိပေမယ့် ၂၀၁၇ ရောက်တော့ မိသားစု (၅၄) ရာခိုင်နှုန်းအထိ တိုးပွားလာပါတယ်။ စက်ဘီးစီးသူဦးရေကတော့ ကျဆင်းလာတယ်လို့ ဆိုပါတယ်။ မြို့တွေမှာ ကားပိုင်ရှင်ဦးရေ တိုးပွားလာပါတယ်။ ၂၀၀၅ က အိမ်ထောင်စု (၂၀) မှာ ကားပိုင်သူတဦးရှိရာက ၂၀၁၇ ရောက်တော့ နှစ်ဦး ရှိလာပါတယ်။

သတင်းအချက်အလက် သိရဖို့ ရေဒီယိုကို အားကိုးခဲ့တဲ့ ပြည်သူတွေဟာ တီဗီကိုလည်း ဦးစားပေးလာကြပါတယ်။ ၂၀၀၅ ကနေ ၂၀၁၄ အထိ ရေဒီယို သုံးစွဲသူဦးရေ တိုးပွားလာပေမယ့် ၂၀၁၄ နောက်ပိုင်းမှာ တီဗီနဲ့ လက်ကိုင်ဖုန်းကို သုံးသူတွေ များလာတယ်လို့ ဆိုပါတယ်။ ဓါတ်အားလိုင်းကွန်ရက်နဲ့ ဆက်သွယ်နိုင်တဲ့ နေရာဒေသတွေမှာ ရေခဲသေတ္တာ၊ ထမင်းချက်အိုးစတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို အသုံးပြုလာကြပါတယ်။ နေရာဒေသ၊ ရာသီဥတုနဲ့ လူမှုစီးပွားရေးအခြေအနေကိုလိုက်ပြီး၊ အိမ်ဆောက်ပစ္စည်းတွေ ကွဲပြားသွားပါတယ်။ ဒါပေမဲ့ အိမ်မိုးသွပ်ပြားသုံးတဲ့ အိမ်ထောင်စု (၄၄) ရာခိုင်နှုန်းရှိရာက ၂၀၁၇ မှာ (၈၀) ရာခိုင်နှုန်းအထိ တိုးပွားလာပါတယ်။ ခြောက်သွေ့ပူအိုက်တဲ့ဒေသတွေမှာ ဝါးထရံကို အများဆုံး အသုံးပြုကြပါတယ်။

ကျေးလက်ပညာရေးလည်း တိုးတက်လာပါတယ်။ အလယ်တန်းကျောင်းတက်ဦိးရေ (၂၀) ရာခိုင်နှုန်း တိုးပွားလာလို့ အိမ်ထောင်စုအခြေအနေ ကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။ အသက် (၁၅) နှစ်အထက် အလုပ်လုပ်နိုင်သူဦးရေ (၃၅) သန်းမှာ အမျိုးသမီးက (၅၄) ရာခိုင်နှုန်း ပါဝင်ပါတယ်။ မြို့နေလူဦးရေမှာ အလုပ်လုပ်တဲ့ အမျိုးးသမီး များပြားလာပါတယ်။ အမျိုးသမီးဦးရေမှာ (၅၂) ရာခိုင်နှုန်း အလုပ်လုပ်ကြပြီး အမျိုးသားဦးရေမှာတော့ (၇၀) ရာခိုင်နှုန်း အလုပ်လုပ်ကြပါတယ်။ ပြည်သူတွေ အများဆုံးလုပ်လေ့ရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောစတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်သူဦးရေ လျှော့နည်းလာပြီး ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းမှာ အလုပ်သမားဦးရေ တိုးပွားလာပါတယ်။

၂၀၀၅ မှာ စိုက်ပျိုးရေးလုပ်သူ (၆၀) ရာခိုင်နှုန်းရှိရာက ၂၀၁၇ မှာ (၅၀) ရာခိုင်နှုန်းအထိ ကျဆင်းလာပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းမှာ ပါဝင်သူဦးရေကတော့ (၃၀) ရာခိုင်နှုန်းဝန်းကျင်မှာ တည်ရှိနေတယ်လို့ ဆိုပါတယ်။ အရွယ်ရောက်သူတွေထဲမှာ အရေးအဖတ်အတွက် (အသုံးလုံး) ကျေသူ (၉၀) ရာခိုင်နှုန်း ရှိပေမယ့် ပြည်နယ်နဲ့ တိုင်းအဆင့်မှာ (၈၀) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ကရင်ပြည်နယ်မှာ စာတတ်သူ (၇၅) ရာခိုင်နှုန်းရှိပြီး၊ ရှမ်းပြည်နယ်မှာ (၆၅) ရာခိုင်နှုန်းသာရှိကြောင်း ကမ္ဘာ့ဘဏ်အုပ်စုရဲ့ နေထိုင်မှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။