သယံဇာတ ဖယ်ဒရယ်စနစ်

NRGI -The Natural Resource Governance Institute, an independent, non-profit organization, helps people to realize the benefits of their countries’ oil, gas and mineral wealth through applied research, and innovative approaches to capacity development, tec

Your browser doesn’t support HTML5

သယံဇာတ ဖယ်ဒရယ်စနစ်

တိုင်းပြည်ထဲက မြေပေါ်မြေအောက် သဘာဝသယံဇာတများရဲ့ ပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်တယ်လို့ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့ အခြေခံဥပဒေနဲ့ အခြားဥပဒေတွေမှာ ဖော်ပြထားကြပါတယ်။ ဒါပေမဲ့ သဘာဝသယံဇာတို စီမံခန့်ခွဲပြီး အကျိုးအမြတ် ခံစားပိုင်ခွင့်ကိုတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား ဥပဒေအရ ဖြန့်ဝေထားပါတယ်။ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ပေးထားတာကို သဘာဝသယံဇာတ ဖယ်ဒရယ်စနစ်လို့ခေါ်ကြောင်း Natural Resource Governance Institute ရဲ့ လွန်ခဲ့တဲ့ ဇန်နဝါရီလထုတ် စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီစနစ်မျိုးကို မြန်မာပြည်မှာ သုံးနိုင်ကြောင်း တင်ပြထားပါတယ်။

အရပ်သားအစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးစဉ်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်၊ တိုင်းအစိုးရတွေကြား လုပ်ပိုင်ခွင့် အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ရည်မှန်းချက်က ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးလို့ ဆိုပါတယ်။ ဒီသဘောနဲ့ကြည့်ရင် ပြည်နယ်၊ တိုင်းဒေသကြီးတွေကို ရပိုင်ခွင့် ပို့ပေးရလိမ့်မယ်။ အခုအချိန်အထိ သဘာဝသယံဇာတ ထုတ်ယူမှုကို ဗဟိုအစိုးရကလည်း သူတို့ပိုင်နက်ထဲက သဘာဝသယံဇာတကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းကြပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်နဲ့တိုင်းတွေမှာ လုပ်နိုင်ကိုင်နိုင်တာလေးတွေ ရှိလာပါတယ်။ တနိုင်တပိုင်နဲ့ အသေးစားလုပ်ငန်းတွေကို ဒေသန္တရအစိုးရက လိုင်စင်ချပေးနိုင်ပြီး အချို့သောအခွန်အခတွေကို စည်းကြပ်ပိုင်ခွင့် ရှိလာတာဟာ ထင်ရှားတဲ့ ပြောင်းလဲမှုလို့ဆိုပါတယ်။ အခွန်ဝင်ငွေ ခွဲဝေပေးမှုမှာလည်း တိုးတက်လာပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအဆင့်မှာသာ စီမံခန့်ခွဲမှုတွေ ဆက်လုပ်နေတဲ့အတွက် ဗဟိုချုပ်ကိုင်မှုကို မျှော်မှန်းသလောက် မလျှော့နိုင်သေးဘူးလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘာဝသယံဇာတကိစ္စကို ဆွေးနွေးတာမျိုး မရှိသလောက် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ သယံဇာတ ခွဲဝေမှုနဲ့ ပတ်သက်ပြီး ပုံစံအမျိုးမျိုး ကျင့်သုံးပုံကို စာတမ်းမှာ တင်ပြထားပါတယ်။ ဗဟိုအစိုးရတာဝန်နဲ့ ဒေသန္တရအစိုးရတာဝန်ကို ခွဲခြားတာမျိုး ရှိသလို၊ ပူးတွဲတာဝန်ယူတာမျိုးလည်း ရှိပါတယ်။

တိုင်းပြည်ကိုလိုက်ပြီး သယံဇာတခွဲဝေမှုပုံစံ အမျိုးမျိုးပြောင်းလဲသွားတာ တွေ့ရပါတယ်။ အားလုံးနဲ့ သင့်တော်တဲ့ စံပြပုံစံဆိုတာ မရှိပါဘူး။ နိုင်ငံရဲ့ အခြေအနေကိုလိုက်ပြီး လုပ်ပိုင်ခွင့်အတိုင်းအတာလည်း ပြောင်းလဲသွားပါတယ်။ ဗဟိုအစိုးရက ဥပဒေပြဌာန်းပြီး ပြည်နယ်အစိုးရကို အကောင်အထည်ဖော်စေပြီး စောင့်ကြည့်ခိုင်တာမျိုး လုပ်လေ့ရှိပါတယ်။ မွန်ဂိုးလီယားနိုင်ငံမှာဆိုရင် သတ္တုတွင်းဆိုင်ရာ ပတ်ဝန်းကျင်ကိစ္စမှာ ခရိုင်အုပ်ချုပ်ရေးမှူးကို အာဏာပိုင်အဖြစ် သတ်မှတ်ပါတယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ကုမ္ပဏီကို အပြစ်ပေးနိုင်ခွင့်အာဏာကို ဒေသန္တရအဖွဲ့အစည်းကို ပေးအပ်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ဌာနက ဒေသန္တရရုံးခွဲဟာ စောင့်ကြည့်ရေးအာဏာပိုင် ဖြစ်ပါတယ်။ သူတို့ဟာ ဗဟိုအစိုးရက တာဝန်ပေးတဲ့အတိုင်း လုပ်ဆောင်ကြရပါတယ်။

ရေနံဓါတ်ငွေ့နဲ့ သတ္တုတွင်းကိစ္စမှာ ဗဟိုနဲ့ ဒေသန္တရအစိုးရတို့ ပူးတွဲတာဝန်ယူတာမျိုးလည်း ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဗဟိုအစိုးရက လုပ်ပိုင်ခွင့် လိုင်စင်ချပေးတဲ့ လုပ်ငန်းဟာ ဒေသခံအာဏာပိုင်ရဲ့ အတည်ပြုချက် ရယူရပါတယ်။ Australia နိုင်ငံမှာတော့ ကမ်းလွန်ရေနံဓါတ်ငွေ့ လုပ်ပိုင်ခွင့်ကို ဗဟိုနဲ့ပြည်နယ် ပူးတွဲအာဏာပိုင်အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အများအားဖြင့် ဒေသဆိုင်ရာ အစိုးရတွေကို တာဝန်ပေးလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှု၊ အသေးစားလုပ်ငန်းနဲ့ ကျန်းမာရေးအခြေအနေ စတာတွေကို ဒေသခံအာဏာပိုင်တွေက စောင့်ကြည့်ဖို့ တာဝန်ယူရပါတယ်။ ဒေသကို ထိခိုက်နိုင်တဲ့ လုပ်ငန်းမှာ ဒေသခံအာဏာပိုင်ကို တာဝန်ပေးတဲ့သဘော ဖြစ်ပါတယ်။ ကုမ္ပဏီကြီးငယ်တွေနဲ့ သဘောတူညီချက်ရယူမှု၊ အခွန်စည်းကြပ်မှု စတာတွေကိုတော့ ဗဟိုအစိုးရက တာဝန်ယူ လုပ်ကိုင်တာများပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဗဟိုနဲ့ ပြည်ထောင်စုအစိုးရတွေ တာဝန်ယူရမယ့်ကိစ္စတွေကို အတိအကျ သတ်မှတ်ဖို့ လိုပါတယ်။ ဥပဒေပြုမှု၊ အကောင်အထည်ဖော်မှု၊ စောင့်ကြည့်မှု စတာတွေကို ဘယ်အစုအဖွဲ့က ဆောင်ရွက်မည်ဆိုတာကို ရှင်းလင်းပြတ်သားစွာ သိဖို့လိုပါတယ်။ လောလောဆယ်မှာ လုပ်ငန်းတွေထပ်နေပြီး ရှင်းလင်းမှုမရှိတာဟာ ပြဿနာ ဖြစ်နေပါတယ်။ ဥပမာ ပြည်ထောင်စုအဆင့်ကို စောင့်ကြည့်ရေး တာဝန်ပေးတာဟာ လက်တွေ့မလုပ်နိုင်အောင် ဖန်တီးထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် ဒေသဆိုင်ရာ အစုအဖွဲ့တွေ ပါဝင်ပြီး တာဝန်ယူနိုင်ဖို့ အထူးလိုအပ်နေပါတယ်။

သဘာဝသယံဇာ စီမံခန့်ခွဲမှုမှာ ပါဝင်ဆုံးဖြတ်လိုတဲ့ ဒေသခံအဖွဲ့အစည်းတွေမှာ စွမ်းဆောင်နိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ပြည်နယ်နဲ့တိုင်းက အခွန်ကောက်ခံရင် အခွန်ငွေ စီမံခန့်ခွဲမှုစွမ်းရည် ရှိဖို့လိုပါတယ်။ ပြည်ထောင်စုအဆင့်က အခွန်ကောက်နေတာ ထိရောက်မှုမရှိလို့ ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။ ဗဟိုနဲ့ပြည်နယ်အကြား ယုံကြည်မှု တည်ဆောက်ရာမှာ ပွင့်လင်းမြင်သာဖို့ အရေးကြီးပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် လွှဲပြောင်းတဲ့အခါမှာ ပွင့်လင်းမြင်သာမှု ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုအပ်ပါတယ်။ လုပ်ပိုင်ခွင့်နဲ့ ခွဲဝေခွင့်ကို ရှင်းလင်းစွာ သတ်မှတ်ဖို့ အရေးကြီးကြောင်း စာတမ်းမှာ တင်ပြထားပါတယ်။