ပြည်သူ့သဘောထား စစ်တမ်းများ

loudspeaker

Your browser doesn’t support HTML5

ပြည်သူ့သဘောထား စစ်တမ်းများ

ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ NLD အစိုးရ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ - People’s Alliance for Credible Election (PACE) အဖွဲ့က လွန်ခဲ့တဲ့နှစ်က စစ်တမ်း (၂) ခု ထုတ်ဝေခဲ့ပါတယ်။ ပထမစစ်တမ်းကို ဇန်နဝါရီလမှာ ထုတ်ဝေပြီး ဒုတိယစစ်တမ်းကို စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ပထမစစ်တမ်းကို ဇန်နဝါရီလမှာ ထုတ်ဝေပြီး။ ဒုတိယစစ်တမ်းကို စက်တင်ဘာလမှာ ထုတ်ပြန်ပါတယ်။ ဝါရှင်တန်အခြေစိုက် NDI – National Democratic Institute နဲ့ UK-AID တို့က ငွေကြေးနဲ့ နည်းပညာအကူအညီပေးတာကြောင့် အခုလို ပြည်သူ့သဘောထားစစ်တမ်းတွေကို ကောက်ယူနိုင်တာ ဖြစ်ပါတယ်။ Asia Foundation ကလည်း ၂၀၁၄ မှာ ပြည်သူ့သဘောထားစစ်တမ်း ထုတ်ပြန်ဖူးပါတယ်။

နိုင်ငံရေးနဲ့ အစိုးရနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိလို စိတ်ရှိဖို့ကိစ္စဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးကြီးပါတယ်။ ဒါပေမဲ့ NLD အစိုးရတက်ခါစမှာ နိုင်ငံရေး စိတ်ဝင်စားသူ (၆၀) ရာခိုင်နှုန်း ရှိခဲ့ရာက (၂၀၁၈) ရောက်တော့ (၄၀) ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ နောက်ခံပညာမြင့်မားလေလေ နိုင်ငံရေး စိတ်ဝင်စားမှုများလေ ဖြစ်နေတတ်ပါတယ်။ အထက်တန်းပညာ နောက်ခံရှိသူက (၅၀) ရာခိုင်နှုန်း၊ မရှိသူက (၃၀) ရာခိုင်နှုန်း နိုင်ငံရေးကို စိတ်ဝင်စားပါတယ်။ အမျိုးသားက အမျိုးသမီးထက်ပိုပြီး နိုင်ငံရေး စိတ်ဝင်စားတယ်လို့လည်း မှတ်တမ်းတင်ထားပါတယ်။

ပြည်သူအချင်းချင်း ယုံကြည်မှုနဲ့ မတူကွဲပြားတာကို လက်ခံနိုင်မှုဟာ ဒီမိုကရေစီစနစ်ရဲ့ အရေးကြီးတဲ့ အခြေခံတခု ဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းသူ (၈၀) ရာခိုင်နှုန်းနီးပါးက အချင်းချင်း ယုံကြည်မှုမရှိဘူးလို့ ဆိုပါတယ်။ မူးယစ်ဆေးစွဲသူနဲ့ အိမ်နီးချင်း မဖြစ်လိုသူက (၆၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။ အရက်သမားနဲ့ အိမ်နီးချင်းမဖြစ်လိုသူက (၄၀) ရာခိုင်နှုန်းရှိပြီး၊ လိင်တူချင်းပေါင်းသင်းသူတွေနဲ့ အိမ်နီးချင်း မဖြစ်ချင်သူက (၃၀) ရာခိုင်နှုန်း ရှိပါတယ်။ ကိုးကွယ်ယုံကြည်မှု မတူသူတွေနဲ့ အိမ်နီးချင်း မဖြစ်လိုသူတွေကတော့ (၂၀) ရာခိုင်နှုန်း ရှိပါတယ်။ ပြည်သူအချင်းချင်း ယုံကြည်မှုအားနည်းပြီး မတူကွဲပြားမှုကို လက်ခံနိုင်တဲ့ စွမ်းအားလည်း နည်းပါးနေပါတယ်။ NLD အစိုးရ တက်လာတဲ့ ၂၀၁၆ မှာ နိုင်ငံရေးစိတ်ဝင်စားသူ (၆၀) ရာခိုင်နှုန်းရှိရာက (၂၀၁၈) စစ်တမ်းမှာ (၄၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ် (၂၀၁၄) မှာ Asia Foundation က ပြည်သူ့သဘောထား စစ်တမ်းကောက်ယူတုန်းကလည်း ပြည်သူတွေတဦးနဲ့တဦး မယုံကြည်ရဘူးလို့ ပြောသူက (၈၀) ရာခိုင်နှုန်း ရှိပါတယ်။ အနှစ် (၅၀) ဖိနှိပ်ခံရတဲ့ လူ့အဖွဲ့အစည်းဖြစ်တာမို့ မဲဆန္ဒပေးဖို့ စိတ်ဝင်စားပေမယ့် နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ နိုင်ငံရေးပါဝင်မှုနဲ့ ဆွေးနွေးမှုကို အန္တရာယ်အဖြစ် မြင်ခဲ့တဲ့ အကျင့်ဓလေ့ကို ဖျောက်ဖျက်နိုင်ဖို့ ခက်ခဲနေကြပုံရပါတယ်။ လူဦးရေးသုံးထောင်မှာ နိုင်ငံရေးစိတ်ဝင်စားသူက (၁၅၀) ပဲ ရှိတယ်လို့ Asia Foundation အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေကို အကောင်းဘက်ကပဲ မြင်ကြတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစိုးရဟာ မိဘနဲ့တူပြီး ပြည်သူလူထုကို စောင့်ရှောက်ရမယ်လို့ မြင်သူက (၆၅) ရာခိုင်နှုန်း ရှိပါတယ်။

နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးတွေမှာ NLD အစိုးရခေတ်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကထက် ပိုမိုကောင်းမွန်လာတယ်လို့ မေးမြန်းခံရသူ တဝက်လောက်က ယူဆပါတယ်။ လုပ်ငန်းတည်ထောင်မှု၊ မိသားစုဝင်ငွေ၊ ကုန်ပစ္စည်းဝန်ဆောင်မှု စတဲ့ စီးပွားရေးကဏ္ဍတွေမှာ NLD အစိုးရခေတ်က ဦးသိန်းစိန်အစိုးရခေတ်ထက် သာတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်လာပြီး ဆင်းရဲချမ်းသာကွာဟမှုကလည်း ကျဉ်းမြောင်းလာပါတယ်။ ဘေးရန်ကင်းရှင်းမှုမှာလည်း လက်ရှိအစိုးရလက်ထက်မှာ ပိုမိုကောင်းမွန်လာတယ်လို့ အများစုကယူဆကြပြီး လေးပုံတပုံလောက်သာ ပိုဆိုးလာတယ်လို့ မြင်ကြပါတယ်။ တိုင်းရင်းသားနယ်မြေက လက်နက်ကိုင်ပဋိပက္ခတွေ လျော့ပါးသွားတယ်လို့ ယူဆသူနဲ့ ပိုဆိုးလာတယ်လို့ မြင်သူဦးရေကတော့ အတူတူ ဖြစ်နေပါတယ်။

ရပ်ရွာကိစ္စစုဝေးဆွေးနွေးပွဲ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲ၊ ပြည်သူ့နီတိသင်တန်း၊ ဆန္ဒထုတ်ဖော်ပွဲ၊ လက်မှတ်ထိုးတောင်းဆိုပွဲ စတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်သူ (၄၅) ရာခိုင်နှုန်းလောက် ရှိတယ်လို့ PACE အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျေးလက်ဒေသမှာတော့ ပါဝင်သူဦးရေ (၅၀) ရာခိုင်နှုန်းလောက် ရှိတယ်အတွက် နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်သူ ပိုမိုများပြားသလို ဖြစ်နေပါတယ်။ နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲကာလမှာ ပေးထားတဲ့ကတိတွေကို ရွေးကောက်ပွဲနိုင်ပြီးတဲ့အခါမှာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ကြတယ်လို့ မေးမြန်းခံရသူ (၅၀) ရာခိုင်နှုန်းက ဖြေကြားပါတယ်။

အစိုးရဆေးရုံနဲ့ ဆေးပေးခန်းတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုအခြေအနေကို မေးမြန်းတဲ့အခါမှာ ပိုမိုကောင်းမွန်လာတယ်လို့ (၆၅) ရာခိုင်နှုန်းက ဖြေဆိုပြီး (၁၈) ရာခိုင်နှုန်းကသာ အပြောင်းအလဲမရှိလို့ ဆိုပါတယ်။ စာတိုက်၊ မိုဘိုင်ဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု အခြေအနေဟာလည်း လက်ရှိ အစိုးရလက်ထက်မှာ ပိုကောင်းတယ်လို့ မေးမြန်းခံရသူ (၇၀) ရာခိုင်နှုန်းက ဆိုပါတယ်။ သန့်ရှင်းတဲ့ရေ သုံးစွဲနိုင်မှုမှာလည်း လက်ရှိအစိုးရလက်ထက်မှာ ပိုမိုကောင်းမွန်တယ်လို့ (၆၀) ရာခိုင်နှုန်းက ဖြေဆိုပါတယ်။ တပ်မတော်ကိုယ်စားလှယ် လုံးဝမရှိသင့်ဘူးလို့ ဖြေကြားသူက (၃၀) ရာခိုင်နှုန်းကျော် ရှိပါတယ်။