Your browser doesn’t support HTML5
နိုင်ငံရေးပါတီတွေကို ပြည်သူလူထုက ဘယ်လိုသဘောထားသလဲဆိုတာကို သိရအောင် "ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့" က မကြာသေးမီက စစ်တမ်းကောက်ယူထားပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ အညွှန်းတခု ဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ (၉၀) ကျော် ရှိပေမယ့် ပြည်သူတွေ ကြားဖူးနားဝရှိတဲ့ ပါတီတွေက အလွန်နည်းပါတယ်။ လူသိအများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ဖွံ့ပါတီတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေနဲ့ နီးစပ်သူတွေက (၅၀) ရာခိုင်နှုန်း၊ မနီးစပ်သူတွေက (၅၀) ရာခိုင်နှုန်း ရှိပါတယ်။ နီးစပ်မှုရှိသူ (၅၀) ရာခိုင်နှုန်းထဲမှာ NLD ပါတီကို လူကြိုက်များပြီး၊ ကြံ့ဖွံ့ကို လူကြိုက်နည်းပါတယ်။
မြို့ပြမှာရော၊ ကျေးလက်မှာပါ အများစုက NLD ပါတီကို ထောက်ခံကြပါတယ်။ တပြည်လုံးမှာဆိုရင် NLD ပါတီကို ထောက်ခံသူ (၃၃) ရာခိုင်နှုန်းရှိပြီး၊ ကြံ့ဖွံ့ပါတီကို ထောက်ခံသူ (၅) ရာခိုင်နှုန်းသာ ရှိပါတယ်။ တိုင်းဒေသကြီးတွေမှာ NLD ပါတီက ထောက်ခံမှုအရဆုံး (၄၀) ရာခိုင်နှုန်း ဖြစ်ပေမယ့်၊ ပြည်နယ်တွေမှာတော့ အဲဒီတဝက် (၁၈) ရာခိုင်နှုန်းတောင် မရှိပါဘူး။ အခြားတိုင်းရင်းသား နိုင်ငံရေးပါတီတွေဟာ ပြည်နယ်တွေမှာ ထောက်ခံမှု ပိုရကြပါတယ်။ ဥပမာ ရှမ်းပြည်မှာ NLD ပါတီက ပထမ (၁၆) ရာခိုင်နှုန်း၊ ရှမ်း SNLD က (၈) ရာခိုင်နှုန်း၊ ကြံ့ဖွံ့က တတိယ (၄) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပအို့ဝ်ပါတီ (၃) ရာခိုင်နှုန်းနဲ့ အခြားပါတီငယ်တွေ အနည်းငယ် (၁) ရာခိုင်နှုန်းလောက် ထောက်ခံမှုရရှိကြပါတယ်။
NLD ပါတီကို ပြည်သူ့အကျိုးစီးပွား ကိုယ်စားပြုတဲ့ပါတီအဖြစ် သတ်မှတ်ကြပါတယ်။ မြို့ပြမှာရော၊ ကျေးလက်မှာရော အများစုက NLD ပါတီကို ထောက်ခံကြပါတယ်။ ရန်ကုန်မြို့တော်မှာ NLD ပါတီကို ထောက်ခံသူများပြီး (၄၄) ရာခိုင်နှုန်း၊ ကြံ့ဖွံ့ပါတီကို ထောက်ခံသူ (၄) ရာခိုင်နှုန်း အလွန်နည်းပါတယ်။ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထောင်ခဲ့တဲ့ ကြံ့ဖွံ့ပါတီကို ထောက်ခံသူဦးရေဟာ နေရာတိုင်းမှာနည်းပါး (၅) ရာခိုင်နှုန်းပဲ ရှိတာကို တွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးကျော်ရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူ့ပါတီအပေါ် ထားရှိတဲ့သဘောထားကို မေးမြန်းတဲ့အခါမှာ NLD က ပထမ (၅၂) ရာခိုင်နှုန်း၊ ကြံ့ဖွံ့ပါတီက ဒုတိယ (၂၆) ရာခိုင်နှုန်း၊ ပြည်သူ့ပါတီက တတိယ (၁၄) ရာခိုင်နှုန်း၊ SNLD ပါတီက စတုတ္ထ (၁၂) ရာခိုင်နှုန်း၊ ရခိုင်အမျိုးသားပါတီက ပဉ္စမ (၁၁) ရာခိုင်နှုန်း၊ မွန်အမျိုးသားပါတီက ဆဋ္ဌမ အသီးသီးရရှိကြပါတယ်။ ရန်ကုန်မြို့တော်မှာ NLD ထောက်ခံသူ အများဆုံးဖြစ်ပြီး (၆၅) ရာခိုင်နှုန်း ရှိပါတယ်။ ဒုတိယအများဆုံးကတော့ တိုင်းဒေသကြီးတွေမှာဖြစ်ပြီး (၅၈) ရာခိုင်နှုန်း ဖြစ်ပြီး၊ ပြည်နယ်တွေမှာတော့နည်းပြီး (၃၉) ရာခိုင်နှုန်း ဖြစ်ပါတယ်။
တပြည်လုံးမှာ ကြံ့ဖွံ့ပါတီကို အကောင်မြင်သူ လေးပုံတစ်ပုံ (၂၅) ရာခိုင်နှုန်း ရှိပါတယ်။ ရန်ကုန်မြို့တော်နဲ့ တိုင်းဒေသကြီးတွေမှာလည်း ဒီလောက်ပဲ ရှိပါတယ်။ ရှစ်လေးလုံးမျိုးဆက်တွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီနဲ့ ပတ်သက်တဲ့သဘောထားကို မေးမြန်းတဲ့အခါမှာ ကြားနေသူဦးရေက အများဆုံး (၄၀) ရာခိုင်နှုန်း၊ ဖြစ်နေပြီး၊ မသိသူက ဒုတိယအများဆုံး (၃၄) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပြည်သူ့ပါတီကို အကောင်းမြင်သူတွေက (၁၄) ရာခိုင်နှုန်း၊ အကောင်မမြင်သူက (၇) ရာခိုင်နှုန်းထက် ပိုများပါတယ်။ ပြည်သူ့ပါတီနဲ့ ပတ်သက်ပြီး ကြားနေသူဦးရေဟာ ရန်ကုန်မြို့မှာ အများဆုံး (၄၀) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကြားနေမဲဆန္ဒရှင်တွေများလာရင် ရွေးကောက်ပွဲကို ခန့်မှန်းရ ခက်ခဲလာပါတယ်။ ဒါကြောင့် ကြားနေမဲဆန္ဒရှင်တွေကိ အထူးစည်းရုံးကြတာ များပါတယ်။
မဲဆန္ဒပေးတဲ့အခါမှာ ကိုယ်စားလှယ်လောင်းတွေကို အမျိုးသား၊ အမျိုးသမီး ခွဲခြားတာမျိုး မရှိတာဟာ ကောင်းတဲ့လက္ခဏ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုးကွယ်တဲ့ဘာသာ မတူတဲ့ ကိုယ်စားလှယ်လောင်းကိုတော့ အများစုက မဲမပေးလိုကြပါဘူး။ တပြည်လုံးခြုံကြည့်ရင် ဘာသာချင်းမတူတဲ့ ကိုယ်စားလှယ်လောင်းကို မဲမပေးချင်သူကများပြီး (၅၂) ရာခိုင်နှုန်း၊ မဲပေးချင်သူကနည်း (၂၉) ရာခိုင်နှုန်းပါတယ်။ ဘာသာမတူတဲ့ ကိုယ်စားလှယ်လောင်းကို မထောက်ခံချင်သူဦးရေဟာ ကျေးလက်ဒေသမှာ အများဆုံး (၅၉) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ကျေးလက်ဒေသမှာ ဘာသာရေးအစွဲအလန်း ပိုမိုကြီးမားနေတာကို တွေ့နိုင်ပါတယ်။ မိမိနဲ့လူမျိုးချင်းမတူတဲ့ ကိုယ်စားလှယ်လောင်းကို မဲဆန္ဒပေးလိုသူ (၅၀) ရာခိုင်နှုန်းနီးပါး ရှိနေတာကိုကြည့်ရင် နိုင်ငံရေးမှာ ဘာသာရေးစိတ်ဓါတ်က ပိုပြီးလွှမ်းမိုးသလို ဖြစ်နေပုံရပါတယ်။
စစ်တမ်းကောက်ယူစဉ် မေးမြန်းခံရသူတွေထဲမှာ အများစု (၇၇) ရာခိုင်နှုန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲပေးသူ သိသိသာသာ နည်းပါးပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲပေးသူ (၅၀) ရခိုင်နှုန်းကျော် ရှိနိုင်ပေမယ့် ပြည်နယ်တွေမှာတော့ (၃၀) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ မဲဆန္ဒပေးသူများလေလေ ဒီမိုကရေစီဓလေ့ အလားအလာကောင်းလေလေလို့ ယူဆကြပါတယ်။ မဲဆန္ဒပေးသူတာဟာ နိုင်ငံရေးစိတ်မဝင်စားကြောင်း ပြသရာရောက်နေပါတယ်။ ဒါကြောင့် မဲဆန္ဒပေးတာကို နိုင်ငံသားရဲ့ တာဝန်အဖြစ် နိုင်ငံအချို့မှာ သတ်မှတ်ကြပါတယ်။
အစိုးရနဲ့ နိုင်ငံရေးရာ သတင်းရဖို့အတွက် ရုပ်မြင်သံကြားကို အများဆုံး (၅၆) ရာခိုင်နှုန်း ကြည့်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီနောက် စာနယ်ဇင်းနဲ့ Facebook ကို အားကိုးကြပါတယ်။ အင်တာနက်နဲ့ ရေဒီယိုသတင်း ရယူသူတွေက တတိယ အများဆုံးဖြစ်ပါတယ်။ ရုပ်မြင်သံကြားမှာလည်း MRTV ကြည့်သူ အများဆုံးဖြစ်ပြီး၊ DVB က ဒုတိယ အများဆုံးနေရာမှာ ရှိနေပါတယ်။ ဒါကြောင့် ရုပ်မြင်သံကြားနဲ့ အဆက်အသွယ်များတဲ့ နိုင်ငံရေးပါတီတွေကို ပိုပြီးလူသိများဖွယ် ရှိပါတယ်။