အရည်အသွေး နဲ့ အရေအတွက်

Phaung Daw Oo Monastic Education High School-teachers

Your browser doesn’t support HTML5

အရည်အသွေး နဲ့ အရေအတွက်

ကျောင်းသူကျောင်းသားတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ဖို့အတွက် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးကို အရင်ဆုံး မြှင့်တင်ဖို့ လိုအပ်ကြောင်း လွန်ခဲ့တဲ့ ဧပြီလ (၂၇) ရက်နေ့က ပညာရေးဝန်ကြီးက မန္တလေးမှာ ပြောပါတယ်။ ကိုယ်ပိုင်ကျောင်းက ဆရာ၊ ဆရာမ အရည်အသွေး မြှင့်တင်ရေး (၁) လ သင်တန်းဖွင့်ပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ပညာသင်ဘုန်းကြီးကျောင်းစတဲ့ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေ အရေအသွေး မြှင့်တင်ရေးဟာ ရည်ရွယ်ချက် နံပတ် (၁) ဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာအားကိုးတဲ့ အလွတ်ကျက်ပညာရေးစနစ် ကျင့်သုံးလာတာကြာပြီ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ကိုလိုခေတ်ပညာရေးဟာ ကမ္ဘာ့အဆင့်မီ ပညာရေး ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ထင်ရှားတဲ့ တက္ကသိုလ်တွေထဲမှာ ရန်ကုန်တက္ကသိုလ် ပါဝင်ပါတယ်။ ကျွန်ပညာရေးလို့ နိုင်ငံရေးသမားတွေ ခေါ်လေ့ရှိတဲ့ ကိုလိုနီပညာရေးစနစ်က ဘွဲ့ရသူတွေဟာ လွတ်လပ်ရေးရတော့ ရန်ကုန်တက္ကသိုလ်မှာ ဆရာတွေ ဖြစ်လာကြပြီး စစ်ပြီးခေတ်မျိုးဆက်ကို ကမ္ဘာ့အဆင့်မီအောင် သင်ကြားပို့ချနိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်တွေဟာ ကိုလိုနီခေတ်က ဘွဲ့ရသူတွေပါ။ အရည်အသွေး မကျဆင်းအောင် နှစ်ပေါင်းများစွာ အဆက်မပြတ် ကြိုးပမ်းကြရပါတယ်။

မဆလအာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်ကစပြီး မဆလအစိုးရ ဆင်းပေးပြီး စစ်အစိုးရ တက်လာတဲ့ ၁၉၈၈ ခုနှစ်အထိ ပညာအရည်အသွေး တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ၁၉၈၈ နောက်ပိုင်းအနှစ် (၂၀) ကျော်မှာ ပညာရေးကဏ္ဍဟာ စစ်အစိုးရရဲ့ အဖြည့်ခံတခု ဖြစ်လာပါတယ်။ နိုင်ငံရေး ဦးတည်ချက်အတွက် ပညာရေးကို လိုသလို အသုံးပြုတဲ့အချိန် ဖြစ်ပါတယ်။ အရည်အသွေး ကျဆင်းချိန်မှာ အရေအတွက် များပြားလာပါတယ်။ ၁၉၈၈ မှာ တက္ကသိုလ်ကောလိပ် (၃၂) ခုသာ ရှိပေမယ့် အနှစ် (၂၀) ကျော်အတွင်းမှာ (၁၇၁) ခုအထိ တိုးပွားလာပါတယ်။ ဒီတက္ကသိုလ်တွေမှာ သွားရောက်သင်ကြားရတာ ခက်ခဲတဲ့အတွက်၊ အဝေးရောက်တက္ကသိုလ်တွေ တက်ကြတာများပါတယ်။ ၂၀၁၅ စာရင်းအရ အဝေးရောက်တက္ကသိုလ်တက်သူ သုံးသိန်းကျော် ရှိပါတယ်။ စာမေးပွဲနီးလာရင် ဆယ်ရက်သင်တန်းတက်ပြီး ဖြေရတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ ဘွဲ့ရချိန်မှာ အလွတ်ကျက်ထားတာတွေ မေ့ကုန်တဲ့စနစ် ဖြစ်ပါတယ်။

အရည်အသွေးရှိတဲ့ ပညာရေး တည်ဆောက်ဖို့အတွက် ရင်းနှီးမြုပ်နံှမှု လိုအပ်ပါတယ်။ ဒါကြောင့် အစိုးရအသုံးစရိတ် (၂၀) ရာခိုင်နှုန်းအထိ ပညာရေးမှာသုံးဖို့ ရည်ရွယ်ကြောင်း၊ ၂၀၁၅ အမျိုးသားပညာရေးဥပဒေမှာ ဖော်ပြထားပါတယ်။ အလွတ်ကျက်ကျောင်းသားဘဝကနေ ကျိုးကြောင်းဆက်စပ်တွေးခေါ်တတ်တဲ့ ကျောင်းသားအဖြစ် အသွင်းပြောင်းဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနှစ်ကကျင်းပတဲ့ ပညာဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ ပြောပါတယ်။ ဆရာပြောသမျှ နားထောင်ရတဲ့ အစဉ်အလာ မဟုတ်ဘဲ၊ ပြောရဲဆိုရဲ သွက်လက်ထက်မြတ်တဲ့ ကျောင်းသားကျောင်းသူတွေ ဖြစ်လာအောင် ဆရာ၊ ဆရာမတွေက လေ့ကျင့်ပေးမှ ‘ဒီမိုကရေစီအစ စာသင်ကျောင်းက’ ဖြစ်လာပါလိမ့်မယ်လို့ ဆိုပါတယ်။

ကလေးတွေ လွတ်လပ်စွာ တွေးခေါ်နိုင်အောင် မြေတောင်မြှောက်ပေးတဲ့ သင်ကြားနည်းဟာ မြန်မာ့ရိုးရာအစဉ်အလာနဲ့ ဆန့်ကျင်ပြီး ဆရာ၊ ဆရာမအခန်းကဏ္ဍကို မှေးမှိန်စေတဲ့အတွက် လက်မခံကြဘူးလို့ ဆိုပါတယ်။ စဉ်းစားတွေးခေါ်တတ်အောင် သင်ပေးတဲ့နည်းအစား အလွတ်ကျက်နည်းကိုသာ ဆရာ၊ ဆရာမတွေက နှစ်သက်တယ်လို့ ပညာရေးသုတေသနဗျူရိုရဲ့ စစ်တမ်းတခုမှာ ဖော်ပြထားကြောင်း သိရပါတယ်။ NLD အစိုးရရဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းမှာလည်း အလွတ်ကျက်ဓလေ့ကနေ ဆန်းစစ်တွေးခေါ်တဲ့ဓလေ့ကို ကူးပြောင်းဖို့လိုကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စက အပြောလွယ်သလောက် လက်တွေ့လုပ်ဖို့ ခက်ခဲပုံ ရပါတယ်။ အရည်အသွေး တိုးတက်ဖို့အတွက် နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ အရေအတွက်ကတော့ နှစ်အနည်းငယ်အတွင်း တိုးပွားလာနိုင်ပါတယ်။

အစိုးရရဲ့ ပညာရေးအသုံးစရိတ် တိုးပွားလာတာကတော့ သိသာပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပညာရေးအသုံးစရိတ် လေးဆလောက် တိုးပွားလာပြီး အစိုးရအသုံးစရိတ်ရဲ့ (၇) ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ဒါပေမဲ့ တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ (၂) ရာခိုင်နှုန်းသာရှိပြီး မလေးရှားကတော့ (၆) ရာခိုင်နှုန်း ရှိပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ကျောင်းသစ် (၇၆၁၆) ဆောက်လုပ်နိုင်ခဲ့ပြီး ကျောင်းဟောင်း (၈၉၄၅) ကို မွမ်းမံနိုင်ခဲ့ပါတယ်။ ကျောင်းအဆောက်အဦး တိုးပွားလာတာနဲ့အတူ ဆရာ၊ ဆရာမ (၇၂၀၀၀) လောက်ကိုလည်း ခန့်အပ်နိုင်ကြောင်း သိရပါတယ်။

ကမ္ဘာ့စံချိန်မီ ပညာအရည်အသွေးရနိုင်ဖို့အတွက် စဉ်းစားတွေးခေါ်ပြီး ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ဖို့ လိုပါတယ်။ ရထားတဲ့ သတင်းအချက်အလက်တွေကို အကဲဖြတ်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ကျိုးကြောင်းဆက်စပ်ပြီး ဆင်ခြင်တွေးခေါ်တတ်တဲ့ အရည်အသွေး ရှိလာအောင် မြေတောင်မြှောက်ပေးရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရေးဟာ ဆက်စပ်နေပါတယ်။ ကွဲပြားခြားနားတဲ့ အယူအဆ ထုတ်ဖော်ပြောဆိုသူကို အရေးယူနေတဲ့ အစိုးရဟာ ကျောင်းသားတွေ ဆင်ခြင်တွေးခေါ်တတ်အောင် လုပ်ပေးနိုင်ပါ့မလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်နေပါတယ်။