Your browser doesn’t support HTML5
ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ တရားဥပဒေစိုးမိုးမှုဟာ အရေးကြီးဆုံး အခြေခံတခု ဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းနည်းလမ်းအတိုင်း လုပ်ကိုင်နိုင်ဖို့အတွက် အရွယ်ရောက်သူ နိုင်ငံသားတိုင်း ဥပဒေအကြောင်း အထိုက်အလျောက် သိသင့်တယ်လို့ ယူဆကြပါတယ်။ ဥပဒေဟောင်းကို ပြုပြင်ရေးဆွဲပြီး အသစ်တွေကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းနေပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေအကြောင်း သိသူကနည်း (၂၈) ရာခိုင်နှုန်းသာရှိပြီး၊ မသိသူက ပိုများပါတယ် (၄၂) ရာခိုင်နှုန်း။ တိုင်းနဲ့ဒေသကြီးတွေမှာလည်း မသိသူကများပြီး (၃၉) ရာခိုင်နှုန်းဖြစ်ပြီး ပြည်နယ်တွေမှာ မသိသူများက ပိုများပါတယ် (၄၉) ရာခိုင်နှုန်းလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ဆိုပါတယ်။
နိုင်ငံသားအခွင့်အရေး ကန့်သတ်တဲ့ ဥပဒေတွေကို လွှတ်တော်က ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ပြည်သူ့သဘောထား ကောက်ယူတဲ့အခါမှ မသိသူက လူများစု (၄၇) ရာခိုင်နှုန်း၊ ထောက်ခံသူက လူနည်းစု (၂၄) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပြည်နယ်တွေမှာတော့ တဝက်ကျော် (၅၅) ရာခိုင်နှုန်းက ဒီကိစ္စကို မသိပါဘူး။ စီးပွားရေးလုပ်ငန်း အဆင်ပြေအောင် ဥပဒေပြင်ဆင်ပြဌာန်းတာကို ရန်ကုန်မြို့တော်နဲ့ တိုင်းဒေသကြီးက အများဆုံးထောက်ခံတာ တွေ့ရပါတယ်။ ဒုတိယအကြိမ် လွှတ်တော်မှာ ဥပဒေပြုရုံတင်မကဘဲ အစိုးရဌာနတွေရဲ့ လပ်ပုံကိုင်ပုံကို စစ်ဆေးပြီး၊ ဘတ်ဂျက်အသုံးစရိတ် ဖြတ်တောက်တာေျတွ လုပ်လာပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်နိုင်ရုံနဲ့ လွှတ်တော်ဟာ အရေးပါလာပြီလို့ မပြောနိုင်သေးပါဘူး။ လမ်းမှန်ကို သွားနေပေမယ့် ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို အပြည့်အဝသုံးနိုင်ဖို့ အများကြီးလိုသေးတယ်လို့ ပြင်သစ်ပညာရှင် ဒေါက်တာရေးနော့အီဂါတူ (Dr.Renaud Egretea) က ထောက်ပြဖူးပါတယ်။ အစိုးရကို အသေအချာ စောင့်ကြည့်ရမယ့် တာဝန်ရှိတယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေ နားမလည်ကြတာ များတယ်ဆိုပါတယ်။ အစိုးရကို အတိုက်အခံလုပ်ရမယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ လွှတ်တော်မှာ ဘယ်လိုပေါ်လစီ ချမှတ်တယ်ဆိုတာကို အပြင်လူတွေ မသိတာများပါတယ်။ စစ်အာဏာရှင်စနစ်က မွေးထုတ်လာတဲ့ လွှတ်တော်ဖြစ်တာမို့ သူများနဲ့မတူ တမူထူးခြားနေတာဟာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ပြည်ထောင်စုလွှတ်တော် လွတ်လပ်စွာရှင်သန်တိုးတက်ရေးဟာ ဒီမိုကရေစီ ထွန်းကားရေးအတွက် အလွန်အရေးကြီးပါတယ်။ လွှတ်တော်ဟာ ကိုယ်ထူကိုယ်ထနည်းနဲ့ ရှင်သန်လာရမှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ ဆောင်ရွက်ချက်ကို မသိသူတွေက တဝက် (၄၅) ရာခိုင်နှုန်းလောက်ရှိပြီး လေးပုံတပုံ (၂၅) ရာခိုင်နှုန်းလောက်သာ ထောက်ခံပါတယ်။ ဒေသအတွက် အကျိုးရှိမယ့် ဥပဒေတွေကို ပြဌာန်းတယ်လို့ ယုံကြည်သူတွေက လေးပုံတပုံ (၂၅) ရာခိုင်နှုန်းရှိပြီး မသိနားမလည်သူက တဝက်နီးပါး (၄၆) ရာခိုင်နှုန်း ရှိပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် လွှတ်တော်ရဲ့ လုပ်ဆောင်ချက်ကို မသိသူအများဆုံးဖြစ်ပြီး (၆၀) ရာခိုင်နှုန်းရှိပါတယ်။ လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးတာကို ကျေနပ်အားရသူ အနည်းငယ်ရှိပြီး (၃၀) ရာခိုင်နှုန်း၊ မသိနားမလည်သူက (၄၀) ရာခိုင်နှုန်း ရှိပါတယ်။ ဝန်ကြီးဌာနတွေကို မေးခွန်းထုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံသူအနည်းငယ်ရှိပြီး (၂၂) ရာခိုင်နှုန်း၊ မသိသူက (၅၂) ရာခိုင်နှုန်း ရှိပါတယ်။
ပြည်သူ့အကျိုးစီးပွားနဲ့ စစ်အုပ်စုအကျိုးစီးပွား ပဋိပက္ခဖြစ်နေတာကို လွှတ်တော်သစ်မှာ အထင်အရှား ပြနေပါတယ်။ စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ဖို့သာ စိတ်ဝင်စားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေဟာ ပုဂ္ဂိုလ်စွဲနဲ့ ဂိုဏ်းဂဏစွဲကိုသာ အဓိကထားပြီး အဝေဖန်မခံနိုင်ဘဲ ဖြစ်နေပါတယ်။ လွှတ်တော်သစ်နဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား မရှိအောင် ဆောင်ရွက်ရမယ်လို့ NLD အဖွဲ့ချုပ်က ကြေညာထားပေမယ့် နိုင်ငံရေးအကျဉ်းသား (၈၀) ကျော်နဲ့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးလှုပ်ရှားသူ လေးရာကျော် ရှိနေကြောင်း သိရပါတယ်။ ၂၀၂၀ အတွက် ပြည်သူ့နိုင်ငံရေးမျှော်မှန်းချက် စစ်တမ်းကိုကြည့်ရင် ပြည်သူတွေဟာ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်နေတယ်ဆိုတာကို မသိကြတာ များပါတယ်။ ဒီမိုကရေစီဓလေ့ ရှင်သန်ဖို့အတွက် မဲဆန္ဒပေးရုံနဲ့ တာဝန်ကျေတာ မဟုတ်ကြောင်း သိဖို့လိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ မဲဆန္ဒနယ်က ပြဿနာကို ပိုမိုနားလည်သဘောပေါက်သင့်တယ်လို့ မေးမြန်းခံရသူ တဝက်နီးပါး (၄၇) ရာခိုင်နှုန်းက ယူဆပါတယ်။ မဲဆန္ဒနယ်တွင်းက ဖွံ့ဖြိုးရေးလုပ်ငန်း အရည်အသွေး ကောင်းမွန်လာအောင် လွှတ်တော်ကိုယ်စားလှယ်က စစ်ဆေးရမယ်လို့ (၃၀) ရာခိုင်နှုန်းက ယုံကြည်ပါတယ်။ ခြုံကြည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်တွေကို ကောင်းတဲ့ဘက်က မြင်သူဦးရေ တိုးပွားလာတယ်လို့ ပြောနိုင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရပ်ရွာကိစ္စကို အခုထက်ပိုပြီး နားလည်အောင် ကြိုးပမ်းရမယ်လို့ အများစုက မြင်ပါတယ်။ ပြည်သူကလည်း လွှတ်တော်အကြောင်း ပိုမိုသိရှိဖို့ လိုပါတယ်။
ပြင်သစ်ပညာရှင် ဒေါက်တာရေးနော့အီဂါတူကတော့ အရပ်သားအသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ တက္ကသိုလ်ပညာရှင်စတာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအေဂျင်စီ၊ နိုင်ငံခြားအစိုးရ၊ နိုင်ငံခြားပါလီမန်နဲ့ အဖွဲ့အစည်းတွေပေးတဲ့ အကူအညီကို ထိရောက်စွာအသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ လွှတ်တော်စွမ်းအားကောင်းဖို့ ရေရှည်စီမံကိန်းနဲ့ အကောင်အထည် ဖော်ရပါလိမ့်မယ်။ ကိုယ်စားလှယ်ပညာပေး အစီအစဉ်ကို ပြည်နယ်နဲ့တိုင်းအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့လိုပါတယ်။ လွှတ်တော်ဟာ ကိုယ်ထူကိုယ်ထနည်းနဲ့ ရှင်သန်လာအောင် အရပ်သားအသင်းအဖွဲ့ နိုင်ငံရေးပါတီစတာတွေနဲ့ ပူးတွဲဆောင်ရွက်ဖို့ လိုပါတယ်။