ရန်ကုန်မြို့ရဲ့ အကျပ်အတည်း

Your browser doesn’t support HTML5

ရန်ကုန်မြို့ရဲ့ အကျပ်အတည်း

လူဦးရေ ငါးသန်းကျော်ရှိတဲ့ ရန်ကုန်မြို့ဟာ တိုင်းပြည်ရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့တော်ဖြစ်ပြီး အများဆုံး ကုန်ထုတ်လုပ်တဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သွားရေးလာရေး ကျပ်တည်းလာတဲ့အတွက် မြို့တော်ရဲ့ စီးပွားရေးနဲ့ မြို့သူမြို့သားတွေရဲ့ လူနေမှုအဆင့်အတန်းဟာ ကျဆင်းတော့မယ့် အလားအလာများနေပါတယ်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုမှာ ရန်ကုန်ဟာ အဓိကနေရာက ပါဝင်နိုင်ပေမယ့် သွားလာရခက်ခဲတာကြောင့် ပြဿနာဖြစ်နေတယ်လို့ Bristol, Oxford နဲ့ London တက္ကသိုလ်ပညာရှင် သုံးဦးပြုစုရေးသားတဲ့ Mobility Crisis သွားရေးလာရေးပြဿနာ ဆိုတဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုဟာ သယ်ယူပို့ဆောင်ရေးစနစ်ပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒါပေမဲ့ ယာဉ်ကြောကျပ်တည်မှု ဖြေရှင်းဖို့ လောလောဆယ်ကြိုးပမ်းနေတာတွေဟာ ရေရှည်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သီးခြားလွတ်လပ်တဲ့ တာဝန်ခံတဲ့ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အစည်း တည်ထောင်ပြီး ကိုင်တွယ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ရန်ကုန်လူထုဟာ ကားစီးသူတွေဖြစ်လို့ ယာဉ်ကြောကျပ်တည်းလာရင် သွားလာမှုလည်း ကျပ်တည်းလာပါတယ်။ တိုင်းပြည်ရဲ့ နှစ်စဉ်လူဦးရေးတိုးတက်မှုဟာ (၂) ရာခိုင်နှုန်းဖြစ်ပေမယ့် ရန်ကုန်တိုင်းမှာတော့ (၁၄) ရာခိုင်နှုန်း တိုးပွားလာတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော်ဟာ လူနေထူထပ်လာသလို လူနေရပ်ကွက်တွေလည်း များပြားလာတဲ့အတွက် တနေရာနဲ့ တနေရာ ဆက်သွယ်ဖို့ သယ်ယူပို့ဆောင်ရေး လိုအပ်လာပါတယ်။ ဒီအချိန်မှာ မော်တော်ကားတွေ များလာပြီး ကိုယ်ပိုင်ကား သုံးသူဦးရေလည်း တိုးပွားလာပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ကားသွင်းခွင့်ပြုတဲ့အခါ ရန်ကုန်ကားစီးရေ တစ်ဆခွဲလောက် ပိုများလာပါတယ်။ လူစီးကား (၉၀) ရာခိုင်နှုန်း၊ ထရပ်ကား (၅၀၀) ရာခိုင်နှုန်း တိုးပွားလာပါတယ်။ အရပ်သားကို မော်တော်ဆိုင်ကယ်သုံးခွင့် ပိတ်ပင်ထားပေမယ့် မော်တော်ဆိုင်ကယ်စီးရေဟာလည်း နှစ်ဆတိုးလာပါတယ်။ ကားသုံးသူ၊ ဆိုင်ကယ်သုံးသူ များပြားလာချိန်မှာ ဘတ်စ်ကားစီးသူတွေ နည်းပါးသွားပါတယ်။ ဘတ်စ်ကားနဲ့ တိုင်းစီတွေ စည်းကမ်းမဲ မောင်းနှင်းတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားရပါတယ်။

ရန်ကုန်မြို့လယ်ရပ်ကွက်မှာ ကားရပ်စရာနေရာမရှိတာနဲ့ ကျောင်းအကြို့အပို့လုပ်တဲ့ကား ၂၅၀၀၀ လောက် ရှိနေတာဟာလည်း ယာဉ်ကြောကို ကျပ်တည်းစေတယ်လို့ ဆိုပါတယ်။ မြို့လယ်မှာ မော်တော်ဆိုင်ကယ် စီးခွင့်ပိတ်ထားလို့ တော်ပါသေးတယ်။ ဆိုင်ကယ်နဲ့ စက်ဘီးကိုလည်း မြို့လယ်စီးပွားရေးရပ်ကွက်မှာ ပိတ်ပင်ထားပါတယ်။ ကားတွေများလာလို့ ယာဉ်ကြောကျပ်တည်းရတာဟာ မဖြေရှင်းနိုင်တဲ့ ပြဿနာလို ဖြစ်နေပါတယ်။ ခုံးကျော်တံတား (၇) ခု ဆောက်ထားပေမယ့် ယာဉ်ကြောကျပ်တည်မှု ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပတ်ရထားစီးပြီး ကျပ်တည်းမှုကို ရှောင်ကြပါတယ်။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ မရှိတဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကို ရန်ကုန်စည်ပင်ကရော ရန်ကုန်တိုင်းကရော ကြိုးစားပြီးဖြေရှင်းနေပုံ ရပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပြဿနာကို အရင်ဦးဆုံးဖြေရှင်းဖို့ လိုပါတယ်။

ကားမစီးဘဲ ခြေလျင်သွား၊ စက်ဘီး (သို့မဟုတ်) မော်တော်ဆိုင်ကယ်စီးပြီးလည်း အလုပ်ဖြစ်ပေမယ့် ဒီကိစ္စကို ဆွေးနွေးတာမျိုး မရှိသလောက် ဖြစ်နေပါတယ်။ ၂၀၁၂ စစ်တမ်းအရ ရန်ကုန်မြို့တွင်းခရီးမှာ (၄၀) ရာခိုင်နှုန်းဟာ ခြေလျင်ခရီး ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် စက်ဘီးစီးပြီး ကျပ်တည်းမှု ဖြေရှင်းတာလည်း မဆိုးဘူးလို့ ဆိုပါတယ်။ မော်တော်ဆိုင်ကယ်စီးခွင့်ပြုရင်လည်း ယာဉ်ကြောကျပ်တည်းမှုကို ကူညီဖြေရှင်းရာ ရောက်တယ်လို့ အကြံပေးထားပါတယ်။ မြို့လယ်စီးပွားရေးရပ်ကွက်မှာ မော်တော်ကားသုံးသူ နည်းပါးသွားအောင် ဝင်လာတဲ့ကားတွေကို အခွန်ပေးဆောင်ခိုင်းတဲ့နည်းကိုလည်း သုံးနိုင်ပါတယ်။ ဒီနည်းကို စင်္ကာပူနဲ့ လန်ဒန်မှာ အောင်မြင်စွာ သုံးနေပါတယ်။ လန်ဒန်မြို့လယ်မှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှုနည်းပါးအောင် ၂၀၁၃ ကစပြီး ယာဉ်ကြောကျပ်တည်းခွန် ကောက်ခံလာခဲ့ပါတယ်။

ရန်ကုန်ဟာ ကြာလေကြီးလေဖြစ်လာတဲ့ စီးပွားရေးမြို့တော်ဖြစ်တာမို့ သီးခြားလွတ်လပ်တဲ့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရှိဖို့ လိုအပ်ပါတယ်။ ဒီလိုဌာနမျိုးကသာ မြို့ပြင်ကအလုပ်သမားတွေ မြို့ထဲနေ့စဉ်အလုပ်လုပ်နိုင်အောင် စီစဉ်ပေးနိုင်ပါလိမ့်မယ်။ ရန်ကုန်စည်ပင် မစွမ်းနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မဟာရန်ကုန်မှာ ယာဉ်ကြောကျပ်တည်းမှု အနည်းနဲ့အများ ရှိနေပါလိမ့်မယ်။ ပျောက်ကွယ်သွားအောင် လုပ်လို့မရပါဘူး။ ဒါကြောင့် သွားလာမှုချောင်ချိအောင် ဦးတည်ပြီးဆောင်ရွက်ရင် ယာဉ်ကြောကျပ်တည်မှုဟာလည်း ချောင်လည်သွားနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့လယ်မှာ စက်ဘီးစီးနိုင်အောင် လမ်းလျှောက်နိုင်အောင် ဖန်တီးတာဟာ သွားလာမှုကို သက်သာချောင်ချိစေပါတယ်။ ရန်ကုန်မြို့တော်မှာ ရင်းနှီးမြုပ်နံှမှု၊ အုပ်ချုပ်ရေး အားကောင်းမှုနဲ့ နိုင်ငံရေးစွမ်းဆောင်မှုတွေ လိုအပ်နေပါတယ်။ ထိရောက်တဲ့၊ တာဝန်ယူတဲ့ မြို့တော်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းမျိုးရှိမှသာ ရန်ကုန်ဟာ အရှေ့တောင်အာရှမြို့တော်အနေနဲ့ ထည်ထည်ဝါဝါ ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ Bristol, Oxford နဲ့ London တက္ကသိုလ်ပညာရှင် (၃) ဦး ရေးသားပြုစုတဲ့ Yangon’s Mobility Crisis စာတမ်းမှာ ဖော်ပြထားပါတယ်။