Your browser doesn’t support HTML5
ရွေးကောက်တင်မြှောက်တဲ့ ဦးသိန်းစိန်အစိုးရ တက်လာချိန်ကစပြီး မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်လာတာကို အနည်းနဲ့အများ တွေ့နိုင်ပါတယ်။ အထူးသဖြင့် မြို့ပြအခြေအနေ ပြောင်းလဲလာတာဟာ ထင်ရှားပါတယ်။ ဒါပေမဲ့ ပြောင်းလဲမှုကို သိသာထင်ရှားစွာ မတွေ့မြင်နိုင်တာကတော့ ကျေးလက်ဒေသ ဖြစ်ပါတယ်။ မြန်မာပြည်သားအများစုဟာ ကျေးလက်မှာ နေထိုင်ကြတာမို့ ပြည်သူလူထုအများစုဟာ အစိုးရရဲ့ ပြုပြင်ရေးအစီအစဉ်မှာ အကျုံးမဝင်သလို ဖြစ်နေပါတယ်။ ဒီလို မညီမျှတာကို သိရှိတဲ့အတွက် ကျေးလက်ဆင်းရဲမှု ကျဆင်းရေးဟာ အစိုးရရဲ့ ဦးစားပေးလမ်းစဉ်တခု ဖြစ်လာပါတယ်။
တိုင်းပြည်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုမှာ ကျေးလက်ဒေသပါဝင်လာမှသာ တပြည်လုံး တိုးတက်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ ကျေးလက်ဆင်းရဲမှု ကျဆင်းရေးဟာ NLD အစိုးရရဲ့ အဓိက ဦးစားပေးလုပ်ငန်းဖြစ်တာမို့ ဖြစ်ပေါ်လာတဲ့ အသီးအပွင့်တွေကို အားလုံးခံစားကြရပါလိမ့်မယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်အုပ်စုပညာရှင်တွေဖြစ်တဲ့ Nicolas Win Myint နဲ့ အပေါင်း (၃) ဦးဟာ မနှစ်က စာတမ်းတစောင် ထုတ်ထားပါတယ်။ ကျေးလက်ဆင်းရဲမှု လျှော့နည်းအောင် ဘာတွေလုပ်ဖို့လိုတယ်ဆိုတာကို စမ်းစစ်လေ့လာထားတဲ့ စာတမ်းဖြစ်ပါတယ်။
လယ်သမားတွေ ဝင်ငွေတိုးပွားအောင် လယ်ယာထုတ်လုပ်မှု များပြားလာဖို့ လိုပါတယ်။ နောက်တော့ ကျေးလက်မှာ တကယ်လိုအပ်တဲ့ ဝန်ဆောင်လုပ်ငန်းတွေကို အားကောင်းအောင်လုပ်ဖို့ လိုပါတယ်။ တတိယကတော့ လိုအပ်သူလက်ထဲ အရင်းအနှီးတွေ ရောက်သွားအောင် လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ တွေ့ရတဲ့ သက်သေအထောက်အထားနဲ့ ဒေသခံတွေ ပြောတာကို ထည့်သွင်းစဉ်းစားပြီး ပေါ်လစီချမယ်၊ ရင်းနှီးမယ်ဆိုရင် ရည်ရွယ်ချက် အောင်မြင်နိုင်ဖွယ် ရှိပါတယ်။ ဇီးကုန်းက လယ်သမား ဦးဖြိုးဟာ လယ်မြေ (၉) ဧကမှာ စပါးစိုက်ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးစရိတ် ကြီးမားပြီး ထွက်လာတဲ့ ဆန်စပါးက ဈေးကောင်းကောင်း မရတဲ့အတွက် ဝမ်းစာဖူလုံရုံလောက်သာ ဝင်ငွေရရှိပါတယ်။ လယ်သမားအားလုံး ဒီပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ သူတို့လို လယ်သမားကို ငွေထုတ်ချေးမယ့်ဘဏ် မရှိဘူးလို့ ဦးဖြိုးက ဆိုပါတယ်။
မြန်မာပြည်ရဲ့ အလုပ်သမားအင်အား တဝက်ကျော်ကျော်ဟာ စိုက်ပျိုးရေး လုပ်နေသူတွေ ဖြစ်ကြပါတယ်။ စိုက်ပျိုးရေးမှာ အဓိက သီးနံှဟာ ဆန်စပါး ဖြစ်ပေမယ့် အာရှတိုက်မှာ အထွက်အနည်းဆုံး ဖြစ်နေပါတယ်။ စပါးရိတ်သိမ်းချိန်မှာ အလေအလွင့် ရှိမှုနဲ့ သယ်ယူပို့ဆောင်မှု စရိတ်စကကြောင့် အမြတ်အစွန်း ရသင့်သလောက် မရနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ စပါးအထွက်ကောင်းတယ်ဆိုတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးစပါး တစ်ဟက်တာစိုက်ရင် ဒေါ်လာ (၁၄၀) အမြတ် ရနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာ ဒေါ်လာ (၃၄၀)၊ ဗိယက်နမ်မှာ ဒေါ်လာ (၄၃၀) အမြတ် ရကြပါတယ်။ အထွက်တိုးပြီး အမြတ်တိုးပွားဖို့အတွက် လယ်ယာစိုက်ပျိုးရေးစနစ်ကို ပြုပြင်ပြီး ခေတ်မီအတတ်ပညာကို အသုံးပြုရပါလိမ့်မယ်။ မျိုးစေ့မှာ ရင်းနှီးမြုပ်နံှဖို့နဲ့ လယ်သမားကို ပညာပေးတဲ့ လုပ်ငန်းတွေ အများကြီး လုပ်ကိုင်ရပါလိမ့်မယ်။
ဒါပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မျိုးစေ့နဲ့ စိုက်ပျိုးရေးပညာပေးမှာ ရင်းနှီးမြုပ်နံှမှုနည်းပါး နေပါတယ်။ တိုင်းပြည်စိုက်ပျိုးရေး ထုတ်လုပ်မှုရဲ့ တစ်ရာခိုင်နှုန်းကို မျိုးစေ့နဲ့ စိုက်ပျိုးရေးပညာပေးမှာသုံးဖို့ တကမ္ဘာလုံးမှာ သတ်မှတ်ထားပေမယ့် မြန်မာပြည်မှာ သတ်မှတ်ချက်ထက် (၅) ဆ ပိုပြီးနည်းပါးနေပါတယ်။ မြန်မာပြည်မှာ စပါးမျိုးစေ့ လိုအပ်ချက်ရဲ့ တစ်ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းနိုင်ပေမယ့် ထိုင်းနဲ့ ဗိယက်နမ်မှာတော့ ရာခိုင်နှုန်းပြည့် ဖြည့်ဆည်းနိုင်ပါတယ်။ ဒီလို လိုချင်သလောက် မရနိုင်ဘဲ ဖြစ်နေတာကို ပုဂ္ဂလိလုပ်ငန်းက ဝင်ရောက်ဖြေရှင်းနိုင်အောင် ပြုပြင်ရေးလုပ်ဖို့ လိုပါတယ်။ အလားတူပဲ မြေယာပြုပြင်ရေးလုပ်ပြီး လုပ်ပိုင်ခွင့်နဲ့ ပိုင်ဆိုင်ခွင့်ကို အာမခံပေးနိုင်ရင် စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးပွားလာတာကို အခြားအာရှနိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ လယ်ယာပြုပြင်ရေး အောင်မြင်ဖို့ လိုပါတယ်။
လောလောဆယ်မှာတော့ ကျေးလက်လူဦးရေ (၈၀) ရာခိုင်နှုန်းဟာ မိုးတွင်းရောက်လာရင် အဆက်အသွယ် အခက်အခဲ ရှိလာပါတယ်။ ဒါကြောင့် ဈေးကွက်၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ထိတွေ့နိုင်ဖို့ အကန့်အသတ် ရှိလာပါတယ်။ ကျေးလက်အသိုင်းအဝိုင်းမှာ လုပ်ပိုင်ခွင့်ရှိလာရင် ဒီလို အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်ပါလိမ့်မယ်။ တိုင်းနဲ့ပြည်နယ်ကို အသုံးစရိတ် တိုးပေးတာဟာ ကျေးလက်ဖွံ့ဖြိုးရေးအတွက် အရေးပါးတဲ့လုပ်ငန်းကို ဆောင်ရွက်နိုင်ပါတယ်။ ဒေသတိုးတက်ရေးကို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေလုပ်တာဟာ သဘာဝအကျဆုံး ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေ လိုအပ်တာကို ဖြည့်ဆည်းနိုင်ဖို့အတွက် စီမံကိန်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ အရေးတကြီး လိုအပ်နေပေမယ့် ထောက်ပံ့မှုမှာ အကန့်အသတ် ရှိနေတာမို့ ဦးစားပေးစနစ်ကို ကျင့်သုံးဖို့ လိုပါတယ်။ ဒီနေရာမှာ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို သိမြင်နိုင်တဲ့ အသိပညာရှိဖို့ကိစ္စဟာ အလွန်အရေးကြီးပါတယ်။ အိမ်ထောင်စု လူနေမှု အခြေအနေကို မကြာခဏ စစ်တမ်းကောက်ယူနိုင်ရင် ဘယ်သူကို ဦးစားပေးရမယ်ဆိုတာကို သိနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုဝင် ပညာရှင်တွေဖြစ်တဲ့ Nicolas Win Myint နဲ့ အပေါင်းပါ (၃) ဦးရဲ့ စာတမ်းကို တင်ပြလိုက်ရပါတယ်။