ဆန်ဈေးမတည်ငြိမ်မှု နဲ့ ဆင်းရဲမွဲတေမှု

Your browser doesn’t support HTML5

ဆန်ဈေးမတည်ငြိမ်မှု နဲ့ ဆင်းရဲမွဲတေမှု


လွန်ခဲ့တဲ့နှစ်က ပဲခူးတိုင်းမှာ လယ်သမား (၃) သိန်းကျော်ကို လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေထုတ်ချေးခဲ့ပါတယ်။ ဒီနှစ်မေလမှာ ပြန်လည်ပေးဆပ်ဖို့ သတ်မှတ်ထားပေမယ့် ပြန်ဆပ်နိုင်တဲ့ လယ်သမားဟာ တစ်သိန်းကျော်သာရှိသေးကြောင်း မေလ (၁၉) ရက်ထုတ် မြန်မာတောင်သူကြီးများဂျာနယ်မှာ ဖော်ပြပါတယ်။ ပြန်မဆပ်နိုင်တဲ့ အကြောင်းရင်းထဲမှာ သီးနံှဈေးနှုန်း မတည်ငြိမ်တာနဲ့ ပြန်ဆပ်ဖို့ အလေးမထားတာ ပါဝင်တယ်လို့ ဘဏ်မန်နေဂျာက ဆိုပါတယ်။ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၂၀၁၃ မှာ ပြဌာန်းပြီး နည်းဥပဒေကို (၂၀၁၅) မှာ ထုတ်တာမို့ လေးငါးနှစ် ရှိနေပါပြီ။ ဒါပေမဲ့ လယ်သမားအခြေအနေတွေကို မြှင့်တင်ပေးနိုင်လောက်အောင် မလုပ်နိုင်သေးပါဘူး။

မြန်မာ့ဆန်အများစုကို ပုံသေဈေးနှုန်းနဲ့ အာဖရိကကို တင်ပို့ပြီး နယ်စပ်ကနေ တရုတ်ပြည်ကို တင်ပို့နေတာဟာလည်း ဆန်ဈေးမတည်ငြိမ်ရတဲ့အကြောင်းတခု ဖြစ်ပါတယ်။ ဆန်တင်ပို့တာကို မြန်မာဘက်က တရားဝင်လို့ သတ်မှတ်ပေမယ့် တရုတ်က တရားမဝင်ဘူးလို့ သတ်မှတ်တာဟာ ပြဿနာ ဖြစ်စေပါတယ်။ တရုတ်ဘက်က အဖမ်းအဆီးလုပ်တိုင်း မြန်မာ့ဆန်ဈေး ထိုးကျသွားပါတယ်။ နိုင်ငံတကာ ဆန်ဈေးကွက်ကို မတိုးနိုင်လို့ ပြည်တွင်းဆန်ဈေးနှုန်း မတည်ငြိမ်ရတာလို့ ကမ္ဘာ့ဘဏ်အုပ်စုက ဆိုပါတယ်။

ဆန်ဈေးနှုန်း မတည်ငြိမ်မှုနဲ့ ဆင်းရဲနွမ်းပါးမှု ဆက်စပ်နေပုံကို ကမ္ဘာ့ဘဏ်အုပ်စုက (၂၀၁၄) မှာ အစီရင်ခံစာ ထုတ်ပြန်ပြီး ပြုပြင်ရေးလုပ်ဖို့ အကြံပြုပေးထားပါတယ်။ ဒါပေမဲ့ ဆန်ဈေးမတည်မငြိမ် ဖြစ်နေတာကိုကြည့်ရင် ကမ္ဘာ့ဘဏ်ရဲ့ အကြံပြုချက် ရုပ်လုံးမပေါ်သေးဘူးလို့ ပြောနိုင်ပါတယ်။ စိုက်ပျိုးမြေ (၇၀) ရာခိုင်နှုန်းမှာ ဆန်စပါးစိုက်တာမို့ စိုက်ပျိုးရေးထွက်ကုန် တန်းဖိုးရဲ့ (၃၀) ရာခိုင်နှုန်းကို ဆန်စပါးက ရပါတယ်။ ဒါကြောင့် ဆန်စပါး ထုတ်လုပ်မှု တိုးပွားလာရင် ဆင်းရဲနွမ်းပါးမှု ကျဆင်းနိုင်ပါတယ်။ နိုင်ငံခြားမှာလည်း ဆန်ဈေးနှုန်း မတည်မငြိမ် ဖြစ်တတ်ပေမယ့် မြန်မာပြည်ဟာ အဆိုးဆုံး ဖြစ်ပါတယ်။ ဆန်ဈေးမတည်ငြိမ်တာဟာ လယ်သမားရဲ့ ရောင်းလိုအားကို အဟန့်အတား ဖြစ်စေပါတယ်။ ရင်းနှီးမြှုပ်နံှဖို့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ စားသုံးသူတွေကိုလည်း ပြဿနာ ဖြစ်စေပါတယ်။

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအထိ တရုတ်တွေဆင်းပြီး ဆန်ဝယ်နေတာရယ်၊ နယ်စပ်ကုန်သွယ်ရေးမှာ ရှုပ်ထွေးနေတာရယ်ကြောင့် တရုတ်-မြန်မာ ဆန်ဈေးကွက်ကို ခန့်မှန်းရခက်ခဲပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ တပြည်လုံး ထုတ်လုပ်မှုရဲ့ (၉) ရာခိုင်နှုန်းသာ နိုင်ငံခြားတင်ပို့တာမို့ ကမ္ဘာ့ဆန်ဈေး မတည်ငြိမ်တာ မြန်မာနဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။ မြန်မာ့ဆန်ဈေး မတည်ငြိမ်ရတဲ့အကြောင်းရင်းတွေဟာ ပြည်တွင်းမှာသာ ရှိပါတယ်။ မြန်မာ့ဆန်ဈေး မတည်ငြိမ်မှုဟာ ကမ္ဘောဒီးယား၊ ထိုင်း နဲ့ ဗိယက်နမ်ထက် ဆိုးဝါးပါတယ်။ ဈေးကွက်ဖွံ့ဖြိုးလာလို့ မတည်ငြိမ်မှု ပမာဏ ကျဆင်းသွားတာတောင် သူများနဲ့ ယှဉ်လိုက်ရင် မြင့်မားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဥပမာ (၂၀၀၃) နဲ့ (၂၀၁၃) ကြား ဆယ်နှစ်ကာလမှာ အဓိက စားသုံးတဲ့ ပေါ်ဆန်း နဲ့ မနောသုခ အမျိုးအစားရဲ့ ပျမ်းမျှဈေးနှုန်းဟာ (၃၅) ရာခိုင်နှုန်း ကျဆင်းတယ်လို့ ဖော်ပြပါတယ်။

ရာသီအလိုက်လုပ်တဲ့ ဓလေ့ကြောင့် ဆန်စပါးဈေး မတည်မငြိမ် ဖြစ်ရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ နိုဝင်ဘာ နဲ့ ဒီဇင်ဘာမှာ မိုးစပါးကို အလုံးအရင်းနဲ့ ရိတ်သိမ်းတာကြောင့် ထုတ်လုပ်မှုများပြီး ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ ဆန်စပါးဈေး သိသိသာသာ ကျဆင်းလာပါတယ်။ နောက်တော့ ဈေးကွက်ကိုလိုက်ပြီး မေလက အောက်တိုဘာလအထိ ဆန်ဈေးပြန်တက်လာပါတယ်။ ရိတ်သိမ်းချိန် ကွဲပြားခြားနားတဲ့ စပါးအမျိုးအစားမရှိမှုနဲ့ သင့်တော်တဲ့ ဆည်ရေသုံးစွဲမှု မရှိတာမို့ နွေစပါး အနည်းငယ်သာ ထွက်နိုင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ တယ်လီဖုန်း ဆက်သွယ်ရေး ညံ့ဖျင်းမှု၊ ဆန်ဈေးကွက် ချိတ်ဆက်မှု အားနည်းပြီး ကစဉ့်ကလျား ဖြစ်တာကြောင့် ပြည်တွင်းဆန်စပါး ဈေးကွက်မှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပါတယ်။ ဒီပြဿနာတွေကို ကျော်လွားနိုင်ဖို့ အချိန်ယူရပါလိမ့်မယ်။

ဈေးကွက်မှာ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရမှု ကင်းမဲ့နေတာဟာလည်း ဈေးနှုန်းမတည်မငြိမ် ဖြစ်စေပါတယ်။ စိုက်ပျိုးရေး ထုတ်လုပ်မှု၊ စားသုံးမှု၊ တင်ပို့မှု၊ သိုလှောင်မှုနဲ့ ပတ်သက်တဲ့သတင်း အချက်အလက်တွေဟာ မတိမကျ ဖြစ်တာများပါတယ်။ ဒါကြောင့် ဈေးနှုန်းအနည်းငယ်ပြောင်းတိုင်း လယ်သမား၊ ဆန်စက်ပိုင်ရှင်၊ တင်ပို့သူနဲ့ အစိုးရဟာ အလွန်အကျွံ တုံ့ပြန်ကြတဲ့အတွက် ဈေးနှုန်းမတည်မငြိမ် ဖြစ်ရပါတယ်။ အတက်အကျကို ထိန်းပေးနိုင်လောက်အောင် ပုဂ္ဂလိက လှောင်ဆန် မများပြားတာဟာလည်း အားနည်းချက်တခု ဖြစ်ပါတယ်။

ဆန်ဈေးမတည်ငြိမ်မှု နည်းပါးသွားစေဖို့အတွက် လိုက်နာရမယ့် အဓိကအချက် (၅) ချက်ကို ကမ္ဘာ့ဘဏ်အုပ်စုက တင်ပြထားပါတယ်။ ဆန်စပါး အထွက်နှုန်း တိုးမြှင့်နိုင်မှု၊ စိုက်ပျိုးရေး နဲ့ ရိတ်သိမ်းရေးကို တနှစ်ပတ်လုံး ဖြန့်ကြက်လုပ်နိုင်ဖို့အတွက် လယ်ယာလုပ်ထုံးလုပ်နည်း ပြောင်းလဲရေး၊ ရိတ်သိမ်းပြီး ကိုင်တွယ်ပုံနဲ့ သိုလှောင်မှု ကောင်းမွန်ရေး၊ ပြည်တွင်းဈေးကွက်မှာ မြင်သာမှု နဲ့ ပေါင်းစပ်မှုရှိရေး၊ ပို့ကုန်အားပေးမှုဝါဒ ချမှတ်ရေး စတာတွေကို လုပ်ကိုင်ဖို့ အကြံပေးထားပါတယ်။ ဒီအချက်တွေ အကောင်အထည်ပေါ်လာပြီး အချိန်အတော်ကြာမှ ဆန်ဈေးနှုန်းမှာ အကျိုးသက်ရောက်မှု ရှိနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက သုံးသပ်တင်ပြထားပါတယ်။