ကန် သမ္မတကတော်ကို Daily Mail သတင်းစာ တောင်းပန်

အမေရိကန် သမ္မတကတော် Melania Trump

အမေရိကန် သမ္မတ ကတော် Melania Trump အလုပ်လုပ်ခဲ့တဲ့ မော်ဒယ်လ် အေဂျင်စီဟာ Escort Agency ဆိုတဲ့ အဖော်ပြု ဖျော်ဖြေရေး ဝန်ဆောင်မှု အေဂျင်စီ ဖြစ်တယ်လို့ မှားယွင်းစွပ်စွဲထားတဲ့ ၂၀၁၆ ခုနှစ်က ဆောင်းပါးတပုဒ်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတကတော် Melania Trump ကို Daily Mail သတင်းစာ ထုတ်ဝေသူက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တောင်းပန်ခဲ့ပြီး လျော်ကြေးပေးဖို့ သဘောတူလိုက်ပါတယ်။

Melania Trump က စီးပွားရေး အကျိုးစီးပွားကို နစ်နာစေမှု၊ နောက် စိတ်အနှောင့်အယှက် ဖြစ်မှု အတွက် ဒေါ်လာ သန်း ၁၅၀ လျော်ကြေးပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အသရေဖျက်မှုနဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓာတ်ပုံ အရိုက်ရဆုံး အမျိုးသမီး တဦး ဖြစ်လာရမယ့် အချိန်မှာ Daily Mail ရဲ့ ရေးသားချက်ကြောင့် ဒေါ်လာ သန်းချီပြီး ဝင်ငွေရရမယ့် အခွင့်အလမ်းကို ထိခိုက်ရတယ်လို့ အမှုဖွင့်တာပါ။

စာအုပ်တအုပ်နဲ့ ဆလိုဗေးနီးယား မဂ္ဂဇင်းတို့မှာ ပထမဆုံး ဖော်ပြခဲ့တဲ့ ဒီရေးသားချက်မှာ Melania Trump ကို ပြည့်တန်ဆာ တဦးလို မှားယွင်း ပုံဖော်ထားတယ်လို့လည်း Melania Trump ရဲ့ ရှေ့နေတွေက ပြောပါတယ်။ Daily Mail က ဒီဆောင်းပါးကို မှားယွင်း စွပ်စွဲချက်မှန်း သိပါရဲ့နဲ့ ဒါမှမဟုတ်လည်း အမှန်က ဘာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် မလုပ်ဘဲနဲ့ ဖော်ပြခဲ့တာလို့လည်း အမှုမှာ ဖော်ပြထားပါတယ်။

မစ္စစ် Trump အပေါ် စွပ်စွဲချက်တွေဟာ မမှန်ကန်ဘူးဆိုတာကို လက်ခံပါကြောင်း၊ဒီစွပ်စွဲချက်တွေကို ရုပ်သိမ်းပါကြောင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့ထုတ် ကြေညာချက်မှာ Daily Mail က ပြောဆိုထားပါတယ်။ ရေးသားဖော်ပြ ထုတ်ဝေခဲ့မှုကြောင့် မစ္စစ် Trump နစ်နာခဲ့ရတာတွေ အားလုံး အတွက်လည်း တောင်းပန်ပါတယ်လို့ ဖော်ပြပါတယ်။

Your browser doesn’t support HTML5

ကန် သမ္မတကတော်ကို Daily Mail သတင်းစာ တောင်းပန်