ယူကရိန်း မြို့တော် ကိဗ်မြို့မှာ ပေါက်ကွဲသံတွေ ကြားနေရသလို၊ အရှေ့ပိုင်းက မဟာဗျူဟာ ကျတဲ့ Sievierodonetsk မြို့ မှာတော့ ရုရှားတပ်တွေကို ပြန်လည် ခုခံတိုက်ထုတ်နေတယ်လို့ အဲဒီဒေသရဲ့ အုပ်ချုပ်ရေးမှူးက ပြောလိုက်ပါတယ်။
Sievierodonetsk မြို့ ရဲ့ (၇၀) ရာနှုန်းကို ရုရှားက ထိန်းချုပ်ထားပေမဲ့ လမ်းတိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ Lugansk ဒေသ အုပ်ချုပ်ရေးမှူး Sergiy Gaiday က တနင်္ဂနွေနေ့ က ပြောကြားလိုက်ပြီး၊ မြို့တော်မှာတော့ တနင်္ဂနွေ အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွါးနေတယ်လို့ သမ္မတ Volodymyr Zelensky က ပြောပါတယ်။
ဧပြီ လ ၂၈ ရက်ကတည်းကဆိုရင် ကိဗ်မြို့ ကို ရုရှားက ပြန်လည်တိုက်ခိုက်တာ ပထမဆုံး အကြိမ်ဖြစ်ပြီး၊ ရထားလမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည်တွေနဲ့ ပစ်ခတ်တဲ့အတွက် အသေအပျောက် မရှိပေမဲ့၊ တစ်ယောက် ဒဏ်ရာရ၊ ဆေးရုံ တင်ထားရတယ်လို့ မြို့တော်ဝန် Vitali Klitschko က ဆိုပါတယ်။
Lugansk ဒေသမှာတော့ (၁၁) ယောက် သေဆုံးခဲ့ကြောင်း သမ္မတ Zelensky က စနေနေ့ည ဗွီဒီယို မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ အခြေခံကျတဲ့ အမှားကို ကျူးလွန်ခဲ့ပေမဲ့၊ ရုရှားကို အရှက်တကွဲ ဖြစ်အောင်တော့ မလုပ်သင့်ဘူးလို့ ပြင်သစ်သမ္မတ Emmanuel Macron က သောကြာနေ့တုန်းက ပြောခဲ့ပါတယ်။ ဒါမှသာ သံတမန်ရေး အဖြေတစ်ရပ် ရှာနိုင်မယ်လို့ သူက ဆိုပါတယ်။ အဲဒီလို ပြောတာဟာ ပြင်သစ်နိုင်ငံကိုပဲ အရှက်တကွဲ ဖြစ်စေပါလိမ့်မယ်လို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး Dmytro Kuleba က စနေနေ့က တုန့်ပြန်လိုက်ပါတယ်။
ဂျုံ ပြတ်လပ်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ရုရှားသမ္မတ ပူတင်နဲ့ သောကြာနေ့က ဆွေးနွေးခဲ့ပြီးတဲ့နောက် အာဖရိကသမဂ္ဂ ဥက္ကဌ ဆီနီဂေါ နိုင်ငံ သမ္မတ Macky Sall က ယူကရိန်းကို သူ သွားဖို့ ရည်ရွယ်ထားကြောင်း စနေနေ့က ပြောပါတယ်။ အာဖရိကတိုက်က တင်သွင်းတဲ့ ဂျုံရဲ့ တစ်ဝက်က ယူကရိန်းက လာတာပါ။ ယူကရိန်းကနေ ဂျုံတင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂက ရုရှားနဲ့ ဆွေးနွေးနေပါတယ်။
=== Unicode ===