အိန္ဒိယစစ်သားစုဆောင်းရေးအစီအစဉ်သစ်အပေါ် ဆန္ဒပြမှုတွေ ပြင်းထန်

Police officers try to detain students and activists during a protest demonstration against a new short-term government recruitment scheme for the military, in New Delhi, India, June 17, 2022.

အိန္ဒိယနိုင်ငံမှာ စစ်သားစုဆောင်းမူ အစီအစဉ်သစ်အပေါ် ဆန္ဒပြမူတွေ ပိုပြီးကျယ်ပြန့် ပြင်းထန်လာနေတာမှာ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ဒီနေ့ ဆန္ဒပြသူတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်စီးခဲ့ကြသလို၊ မီးရထားဘူတာရုံထဲက ရုံးခန်းတွေကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ကြပါတယ်။

ထောင်နဲ့ချီတဲ့လူငယ်တွေဟာ ရထားတွဲတွေကို တိုက်ခိုက်ဖျက်ဆီး၊ တာရာတွေကို မီးရှို့ခဲ့ကြတဲ့အပြင် တာဝန်ရှိသူတွေနဲ့လည်း ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ ရဲ (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို ဆန္ဒပြသူ (၁၂) ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဘီဟာပြည်နယ် ရဲဌာနတာဝန်ရှိသူက ပြောပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်း ဗုဒ္ဓဟူးနေ့ထဲက စတင်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ (၂) ဦးသေဆုံးခဲ့ပါတယ်။

အိန္ဒိယမှာ နှစ်စစ် စစ်သား (၄) သောင်း (၆) ထောင်လောက်ကို စုဆောင်းပြီး (၄) နှစ်တာဝန်ထမ်းဆောင်ပြီးသွားရင် (၂၅)% ကိုပဲ ရေရှည်စစ်မှုထမ်းဖို့ ခန့်အပ်မှာဖြစ်ပြီး၊ ကျန်တဲ့သူတွေကို အနားပေးမယ်လို့ အစိုးရက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ (၄) နှစ်အပြီး စစ်မှုထမ်းအဖြစ် ဆက်မခန့်သူတွေကို ဒေါ်လာ (၁) သောင်း (၄) ထောင်နဲ့ ညီမျှတဲ့ ငွေကြေးတလုံးထဲပေးမှာ ဖြစ်ပေမဲ့ တခြား ပင်စင်ခံစားခွင့်တွေ ရရှိမှာ မဟုတ်ပါဘူး။

ဝန်ကြီးချုပ် Narendra Modi ရဲ့ BJP ပါတီအစိုးရက အစိုးရဘတ်ဂျက်လျှော့ချနိုင်ဖို့ ပြုလုပ်တဲ့ အစီအစဉ်သစ်က သတ်မှတ်လစာ၊ ပင်စင်နဲ့ တခြားအခွင့်အလမ်းတွေ ရနိုင်တဲ့ ကာကွယ်ရေးဌာနမှာ အမြဲတမ်းအလုပ်ရနိုင်ဖို့ အခွင့်အလမ်းနည်းသွားတဲ့အတွက် ဆင်းရဲမှုကနေ ထွက်ပေါက်အဖြစ် စစ်ထဲဝင်ချင်ကြတဲ့ အမျိုးသားလူငယ်အများစု မကျေမနပ်ဖြစ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေဟာ Uttar Pradesh ၊ Bihar ၊ Rajasthan ၊ Haryana ၊ Uttarkhand ၊ Jharkhand နဲ့ တခြားပြည်နယ်တွေအထိ ပျံ့နှံ့ဖြစ်ပွားနေပါတယ်။ ဒီပြည်နယ်အများစုမှာ ဆန္ဒပြသူတွေအနေနဲ့ အစိုးရ ရုံးတွေ၊ ဘတ်စကားတွေနဲ့ ရဲကားတွေကို မီးရှို့ခဲ့ကြပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ခိုက်မူတွေဖြစ်ခဲ့ကာ၊ ရထားကို မီးရှို့တဲ့နေရာက လူငယ်တစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး မနေ့က သေဆုံးခဲ့ရပါတယ်။

ဒီ ရထားမီးရှို့မူတွင်း ပစ်ခတ်မူက နိုင်ငံတောင်ပိုင်း Telangana ပြည်နယ်မှာ ဖြစ်ခဲ့ပြီး၊ နောက် အရှေ့ပိုင်းပြည်နယ် Bihar မှာလည်း မီးလောင်ခဲ့တဲ့ ရထားထဲ မီးခိုးမွှန် စိတ်ဖိစီးပြီး နှလုံးဖောက်ကာ၊ ရထားခရီးသည် လူလတ်ပိုင်းတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

==== Unicode =====






