အထွေထွေညီလာခံမှာ မြန်မာ့အရေး မလေးရှား အလေးပေးဆွေးနွေးမည်

UN General Assebly Ukraine

ဒီလ (၁၉) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ကျင်းပမယ့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မလေးရှားနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ တသားတည်း ရပ်တည်နေကြောင်း ပြသသွားမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ဒီကနေ့ ပြောပါတယ်။

စက်တင်ဘာ (၂၃) ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ် Datuk Seri Ismail Sabri Yaakob မိန့်ခွန်း ပြောတဲ့အခါ မြန်မာ့အရေး ထည့်သွင်းပြောမယ့်အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သီးခြားဆွေးနွေးပွဲတွေမှာရော၊ တခြားဆွေးနွေးပွဲတွေမှာပါ မြန်မာ့အရေးကို အလေးပေး ထောက်ပြပြောဆိုတာတွေ လုပ်သွားမယ်လို့ ပြောပါတယ်။ အထွေထွေညီလာခံ စတင်မယ့် တနင်္လာနေ့မှာပဲ မြန်မာ့အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကိုယ်စားလှယ်တွေ ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို မလေးရှားအစိုးရက ဦးဆောင်ကျင်းပမယ့်အကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်တွေကို နားထောင်ပြီး ဘာတွေလုပ်ဆောင်ဖို့ ရှိနေလဲ။ မလေးရှားနိုင်ငံအနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးသွားမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တပတ်ကြာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ EU - ဥရောပသမဂ္ဂ နိုင်ငံခြားဆက်ဆံရေး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ဆွေးနွေးပွဲနဲ့၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့လည်း ရှိနေပါတယ်။

=== Unicode ===


