အင်ဒိုနီးရှားဘောလုံးပွဲ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူအုပ်ပိမှုကြောင့် လူ ၁၇၄ ထက်မနည်းသေ

အောက်တိုဘာ (၁) ရက်နေ့က ရဲနဲ့ ဘောလုံးပရိသတ်တွေ ဖြစ်ပွားတဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် လူပေါင်း (၁၂၇) သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘောလုံးပွဲ (ဓါတ်ပုံ - AFP)

အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်းအရှေ့ပိုင်းမှာ မနေ့စနေနေ့က ကစားခဲ့တဲ့ ဘောလုံးပွဲအတွင်း ပရိသတ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ ကွင်းထဲမှာ လူအုပ်ပိတာကြောင့် ၁၇၄ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားသူတွေထဲမှာ ရဲတပ်ဖွဲ့ နှစ်ဦးပါဝင်ပြီး၊ နောက်ထပ် ၁၈၀ လောက် ဒဏ်ရာရသွားတယ်လို့လည်း အရှေ့ဂျားဗာပြည်နယ် ရဲချုပ် Nico Afinta က ပြောပါတယ်။

သေဆုံးသူအများစုက လူအုပ်ပိပြီး သေဆုံးတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အင်ဒိုနီးရှား ပရီမီယာလိဂ်ဘောလုံးပွဲမှာ Persebaya အသင်းက အိမ်ရှင် Arema အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ နိုင်ပြီးတဲ့နောက်၊ အိမ်ရှင်ပရိသတ်တွေကွင်းထဲကို ဆင်းလာပြီးတော့ သူတို့အသင်းသားတွေကို ပြဿနာရှာရာကနေ ပရိသတ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် စတင်ဖြစ်ပွားခဲ့တာလို့ ဂျားဗာအရှေ့ပိုင်းပြည်နယ် ရဲချုပ် Nico Afinta က ပြောပါတယ်။

ရဲတပ်ဖွဲ့က ပရိသတ်တွေကို ပွဲကြည့်စင်ပေါ်ပြန်တက်ဖို့ ပြောခဲ့ပေမယ့် ပရိသတ်တွေက လက်မခံခဲ့ဘဲ ရဲတွေကို တိုက်ခိုက်ခဲ့တာကနေ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးသုံးပြီး နှိမ်နှင်းခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက ရဲကား (၁၃) စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဘာကြောင့် အဲဒီလိုလုပ်သလဲဆိုတာ သူ့အနေနဲ့ မသိဘူးလို့ Afinta က ပြောပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ နှိမ်နှင်းတဲ့အချိန်မှာတော့ ပရိသတ်တွေ ဂိတ်ပေါက်ကို ထွက်ပြေးရာကနေ အတော်များများ အသက်ရှုကျပ်တာတွေ၊ လူနင်းခံရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူတွေ ရာပေါင်းများစွာကို အနီးနားက ဆေးရုံကို ခေါ်သွားကြပေမယ့်၊ အဲဒီထဲက လမ်းမှာတင် သေဆုံးတာတွေ ရှိသလို၊ ဆေးရုံမှာ ကုသရင်းနဲ့ သေဆုံးခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ သူ့အနေနဲ့ ဒီအဖြစ်ဆိုးအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပြီး၊ ဘောလုံးပွဲတွေရဲ့ လုံခြုံရေးလုပ်ငန်းစဉ်တွေ တိုးတက်အောင် မလုပ်ပြီးမချင်း ပွဲစဉ်တွေကို ယာယီရပ်ဆိုင်းထားဖို့လည်း အမိန့်ထုတ်လိုက်ပါတယ်။

=== Unicode ====



