လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းဝန်ထမ်းတချို့ စုံစမ်းစစ်ဆေးခံနေရ

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမူ (Photo- Thai Army)

ထိုင်းနိုင်ငံ၊ ချုံဖွန်ပြည်နယ်ထဲမှာဖြစ်ပျက်ခဲ့တဲ့ လူကုန်ကူးမူတွေကို စစ်ဆေးနေရာ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့က ဌာနဆိုင်ရာဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေတာကို တွေ့ရတဲ့အတွက် ထိုင်းဒုရဲချုပ်ကိုယ်တိုင် စစ်ဆေးမူတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအသေတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးမူဖြစ်စဉ်တွေ မကြာခနဏဖြစ်နေပြီး မကြာသေးခင်က ချုံဖွန်ပြည်နယ်ထဲမှာ ဖမ်းမိတဲ့လူကုန်ကူးခံရသူတွေ စစ်ဆေးမေးမြန်းရာကနေ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့က လူဝင်မူ့ကြီးကြပ်ရေးဌာန အပါအဝင် ဌာနဆိုင်ရာ (၃) ခုက ဝန်ထမ်း (၇) ဦးလောက်ဟာ လူကုန်ကူးမူနဲ့ ပါဝင်ပတ်သက်မူတွေ ရှိနေတယ်လို့ သံသယရှိတာကြောင့် ခုံရုံးဖွဲ့စစ်ဆေးနေတယ်လု့ိ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

“ထိုင်းဌာနဆိုင်ရာ (၃) ခုက ဝန်ထမ်းတချို့ကို သက်ဆိုင်ရာဌာနကနေ ခုံရုံးဖွဲ့ပြီးစစ်ဆေးနေတယ်လို့ ကျနော်တို့သိရပါတယ်။ ဖြစ်စဉ်ကတော့ ထိုင်းတောင်ပိုင်း၊ ချုံဖွန်ခရိုင်ထဲမှာ လူကုန်ကူးမူ့ ဖြစ်တယ်၊ ပါဝင်ပတ်သတ်နေသူတွေကို ထိုင်းဗဟိုတော်ဝင်ရဲတပ်ဖွဲ့က စစ်ဆေးခဲ့တဲ့အခါမှာ မဲဆောက်က ရဲဌာနက ရဲဝန်ထမ်းတချို့ ပါဝင် ပတ်သက်နေတဲ့အကြောင်း၊ ပါဝင်ပတ်သက်နေသူတွေကို ထိုင်းဒုတိယရဲချုပ် ဆူရေချေ့ ဟတ်ဖန်က ခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမယ်ဆိုတဲအကြောင်း၊ ဒါကို ထိုင်းတနိုင်ငံလုံးက ထိုင်းတော်ဝင်ဗဟိုရဲတပ်ဖွဲ့တွေ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့အတွက် ညွှန်ကြားချက်တရပ် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။”

ခုံရုံးဖွဲစစ်ဆေးခံရတဲ့ဌာနတွေကတော့ လူဝင်မူ့ကြီးကြပ်ရေးဌာန၊ နယ်ခြားစောင့်ရဲနဲ့ မဲဆောက်ရဲဌာနက ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းသတင်းတွေမှာလည်း ဖော်ပြကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်မြို့မှာတော့ လတ်တလောမှာ လူကုန်ကူးမှုနဲ့ ဖမ်းဆီးရမိသူ (၃၆) ဦး၊ ဖမ်းဝရမ်းထုတ်ထားသူ (၄၀) ဦး ရှိနေတယ်လို့ ထိုင်းဒုတိယရဲချုပ်က စက်တင်ဘာလ (၂) ရက်နေ့က မဲဆောက် လူဝင်မူ့ကြီးကြပ်ရေးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဖမ်းဝရမ်းထုတ်ထားသူတွေထဲက (၈) ဦးကတော့ မြန်မာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဒုရဲချုပ်ကပြောကြောင်း ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ထိုင်းတယောက်နဲ့ မြန်မာ (၇) ယောက်၊ စုစုပေါင်း လူမှောင်ခိုလူပွဲစား (၈) ယောက်ဟာ မြန်မာဘက်မှာ လွတ်မြောက်နေတယ်ဆိုတဲ့အေကြာင်း သူတို့တွေကိုဖမ်းဆီးသွားမှာ ဖြစ်တယ်၊ သူတို့တွေဟာ မလေးရှားကိုသွားတဲ့ ရိုဟင်ဂျာတွေ လူကုန်ကူးမူမှာ ပါဝင်ပတ်သက်နေတယ်၊ အွန်လိုင်းကနေ ငွေလိမ်လည်မူတွေက တနေ့တခြား ဆိုးလာတယ်၊ အဲဒါနဲ့ပတ်သက်တဲ့ ရဲဌာနတွေ ဆက်စပ်ပတ်သက်နေသူတွေကို လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူမူတွေ လုပ်မယ်ဆိုတဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။”

မြန်မာနဲ့ မလေးရှားနိုင်ငံ ဆက်စပ်ပြီး လူကုန်ကူးမူတွေ အဖြစ်များနေတဲ့ ထိုင်းနိုင်ငံဟာ လူကုန်ကူးမူတိုက်ဖျက်ရေး လုပ်ငန်းတွေကို ဒီနှစ်ပိုင်းတွေမှာ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက် ဒီနှစ်မှာတော့ အမေရိကန်နိုင်ငံခြားရေးဌာနက Tire 2 စောင့်ကြည့်အဆင့်ကနေ ပယ်ဖျက်ပြီး၊ လူကုန်ကူးမူ့တိုက်ဖျက်ရေးကို ကောင်မွန်စွာလုပ်နိုင်ခဲ့တဲ့အတွက် Tire 2 အဆင့်ကို လျှော့ချသတ်မှတ်ပေးခဲ့ပါတယ်။

==== Unicode ====







