ယူကရိန်းစစ်ပွဲ ကြာရှည်နိုင် (နေတိုးအဖွဲ့အကြီးအကဲ)

UKRAINE-CRISIS/NATO

UKRAINE-CRISIS/NATO

ယူကရိန်းစစ်ပွဲက တာရှည်နိုင်တယ်လို့ နေတိုးအဖွဲ့အကြီအကဲက တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ ယူကရိန်းကို ဥရောပသမဂ္ဂ ဝင်ခွင့်ပြုသင့်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌက အကြံပြုလိုက်ပြီး ရက်ပိုင်းအတွင်းမှာ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောလိုက်တာ ဖြစ်တယ်လို့ ဂျာမဏီနိုင်ငံထုတ် သတင်းစာ Bild am Sonntag က တင်ပြထားပါတယ်။ ယူကရိန်းစစ်တပ်ကို ခေတ်မီလက်နက်တွေ ပိုပြီးပံ့ပိုးနိုင်တာကြောင့်၊ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘဒေသကို ရုရှားတပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်မယ့် အလားအလာ ပိုများလာတယ်လို့လည်း သူကဆိုပါတယ်။

“စစ်ရေးပံ့ပိုးမှုအပြင် လောင်စာဈေးနဲ့ စားနပ်ရိက္ခာ‌ဈေးတွေက တက်နေတာကြောင့် စားရိတ်စားခနဲ့ ပေးဆပ်ရတာတွေ တက်လာပေမဲ့ ယူကရိန်းကို ထောက်ခံပံ့ပိုးတာ လျှော့လို့မဖြစ်ပါဘူး။” လို့ နေတိုးအတွင်းရေးမှူးချုပ်က ပြောပါတယ်။

အလားတူ အမြင်ကို ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း စနေနေ့ထုတ် London's Sunday Times သတင်းစာရဲ့ သူ့အမြင်အခန်းမှာ ဆောင်းပါးရေးသားခဲ့ပါသေးတယ်။ “ရုရှားက သူ့တိုက်နိုင်စွမ်းရည်ကို ပြန်လည်ဆန်းသစ်နိုင်တာထက် ယူကရိန်းက သူ့မြေကို သူကာကွယ်နိုင်စွမ်း ပိုကောင်းအောင် လုပ်နိုင်သလား ဆိုတဲ့ အချက်အပေါ်မှာ အရာရာက မူတည်နေပါတယ်။” လို့ Boris Johnson က ဆိုပါတယ်။

ယူကရိန်းကို ဥရောပသမဂ္ဂ အဖွဲ့ဝင်လောင်းအဆင့်ပေးဖို့ ဥရောပကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်ကို ဒီအပတ် ထိပ်သီးအစည်းအဝေးမှာ လက်ခံမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ ယူကရိန်းဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ဖို့တော့ နှစ်ပေါင်းများစွာ စောင့်ရဦးမှာပါ။

===Unicode ====



