ဆာဘီးယားနိုင်ငံက စစ်လက်နက်ခဲယမ်းမီးကျောက်တွေ တင်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားနေတဲ့ ယူကရိန်းကုန်တင်လေယာဉ်ဟာ ဂရိနိုင်ငံမြောက်ပိုင်းမှာ မနေ့ စနေနေ့ညက ပျက်ကျသွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနက ဝယ်ယူတဲ့ ခဲယမ်းမီးကျောက် ၁၁ တန်ကို တင်ဆောင်ပြီး သွားနေစဉ် ဂရိနိုင်ငံမြောက်ပိုင်းက Kavala မြို့နားမှာ ပျက်ကျခဲ့တာပါ။
ဒီလေယာဉ်ပျက်ကျတာကြောင့် လေယာဉ်ပေါ်မှာပါတဲ့ ယူကရိန်း လေယာဉ်အမှုထမ်း ရှစ်ယောက်စလုံး သေဆုံးသွားခဲ့တ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ကို အရေးပေါ်ဆင်းသက်ဖို့အတွက် လေယာဉ်မှူးက ဂရိလေကြောင်းအာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းခဲ့ပေမယ့်၊ အဲဒီလို တောင်းဆိုပြီး သိပ်မကြာခင်မှာပဲ လေယာဉ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ လေယာဉ်ဟာ ပျက်မကျခင်မှာ မီးလောင်နေတာကို တွေ့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျသွားတဲ့နားမှာ နေတဲ့သူတွေကိုတော့ အိမ်ထဲမှာနေပြီး သူတို့ရဲ့ အိမ်တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားဖို့ အာဏာပိုင်တွေဘက်က အကြံပေးထားကြပါတယ်။ အဲဒီပျက်ကျတဲ့လေယာဉ်ကို မီးငြိမ်းဖို့သွားတဲ့ မီးသတ်သမားတွေကတော့ သူတို့ရဲ့ နှုတ်ခမ်းတွေစပ်နေကြပြီး၊ ဘာကြောင့်အဲဒီလို ဖြစ်တယ်ဆိုတာ မသိဘူးလို့ မီးသတ်တာဝန်ရှိသူတဥိးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကနဦးသတင်းတွေမှာတော့ ဒီလေယာဉ်ဟာ ဂျော်ဒန်နိုင်ငံကို သွားတာလို့ဆိုပေမယ့်၊ အဲဒီလေယာဉ်ဟာ ဂျော်ဒန်ကို ဆီဖြည့်ဖို့အတွက် သွားတာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
=== Unicode ===