ယူကရိန်းကောက်နှံတင်သင်္ဘော စစ်ဆေးမှု ကုလအတွင်ရေးမှုးချုပ်လေ့လာ

U.N. Secretary-General Antonio Guterres, right, and Ukrainian Infrastructure Minister Oleksandr Kubrakov attend a news briefing in the sea port in Odesa, where grain exports have begun again after Russia and Ukraine signed an export deal in July.

တူရကီနိုင်ငံမှာ ရောက်နေတဲ့ ယူကရိန်းကောက်နှံတင် သင်္ဘောတစီးကို တာဝန်ရှိသူတွေ စစ်ဆေးတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကိုယ်တိုင်လေ့လာခဲ့ပါတယ်။ ယူကရိန်းကောက်နှံတွေကို ၄ လတာကာလအတွင်း တင်ပို့ဖို့ ယူကရိန်းနဲ့ ရုရှားကြား July လမှာ သဘောတူညီမှု ရခဲ့ပြီးနောက် ပင်လယ်နက်ထဲက Odesa ဆိပ်ကမ်းအပါအဝင် တခြားယူကရိန်းဆိပ်ကမ်းတွေကနေ ဘင်္ဘောစုစုပေါင်း ၂၅ စီး ထွက်ခွာသွားခဲ့ပြီးပြီလို့ အတွင်းရေးမှူးချုပ်က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

အဲဒီသင်္ဘောတွေပေါ်မှာ ဂျုံ၊ ပြောင်း၊ နေကြာဆီ၊ ပဲပုပ်ပဲ စတဲ့ ယူကရိန်းလယ်ယာထွက်ကုန် တန်ချိန်စုစုပေါင်း ၆ သိန်းကျော် သယ်ဆောင်သွားနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။ Mr. Guterres ဟာ ကြာသပတေးနေ့တုန်းက ယူကရိန်းနိုင်ငံမှာ သမ္မတ Volodymyr Zelenskiy၊ တူရကီသမ္မတ Recep Tayyip Erdogan တို့နဲ့ တွေ့ဆုံပြီး နောက်ထပ်ကောက်နှံတွေ တင်ပို့နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။ သောကြာနေ့ကလည်း Odesa ဆိပ်ကမ်းကို သွားရောက်ခဲ့ပါတယ်။

တချိန်ထဲမှာပဲ ငတ်မွတ်မှုကြုံနေတဲ့ နိုင်ငံတွေကို ပေးပို့ဖို့ ယူကရိန်းကနေ ကောက်နှံ metric တန်ချိန် ၁ သိန်းခွဲ အမေရိကန်ပြည်ထောင်စုက ဝယ်ယူမှာ ဖြစ်တယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အကြီးအကဲက AP သတင်းကို ပြောပါတယ်။ လာမယ့်သီတင်းပါတ်တွေအတွင်း ယူကရိန်းဆိပ်ကမ်းတွေကနေ ထွက်လာမယ့် သင်္ဘောတွေပေါ်က ကောက်နှံတွေကို ဝယ်ယူမှာ ဖြစ်တယ်လို့ WFP အကြီးအကဲ David Beasley က ပြောပါတယ်။

အဲဒီကောက်နှံတွေကို ဘယ်နိုင်ငံတွေဆီ ပို့ပေးမှာလဲဆိုတာကိုတော့ အခိုင်အမာ မပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။ မိုးခေါင်ရေရှားမှုပြဿနာ ကြီးကြုံနေတဲ့ အာဖရိကတိုက်အရှေ့ပိုင်း၊ မြေပုံမှာ ဦးချိုလို ဖြစ်နေတဲ့ ဒေသတွေဆီ လောလောဆယ် WFP က တင်ပို့ထားတဲ့ စားရေရိက္ခာတွေထက် အမေရိကန်က ဝယ်မယ်ဆိုတဲ့ ကောက်နှံ ပမာဏက ၆ ဆ ပိုများပါတယ်။

=== Unicode ===



