ကန်သမ္မတ အီရတ်ယာယီဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

President Joe Biden meets with Iraqi Prime Minister Mustafa Al-Kadhimi, Saturday, July 16, 2022, in Jeddah, Saudi Arabia. (AP Photo/Evan Vucci)

အမေရိကန်သမ္မတ Joe Biden ရဲ့ ပထမဆုံး အရှေ့အလယ်ပိုင်းခရီးစဉ် နောက်ဆုံးအပိုင်းမှာ အာရပ်ခေါင်းဆောင်တွေနဲ့ စုမတွေ့ခင် အီရတ်ယာယီဝန်ကြီးချုပ်နဲ့ ဒီနေ့တွေ့ခဲ့ပါတယ်။

အစ္စရေးနဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ တွေ့ခဲ့အပြီး၊ အခု ဆော်ဒီအာရေးဗီယားမှာ မနေ့က ဆော်ဒီခေါင်းဆောင်တွေနဲ့ တွေ့အပြီး၊ အီရတ်ယာယီဝန်ကြီးချုပ် Mustafa Al-Kadhimi နဲ့ Jeddah မြို့မှာ ဒီနေ့တွေ့ခဲ့တာပါ။

ဒီနောက်မှာတော့၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို စုစည်းပေးပြီး အီရန်နဲ့ လောင်စာဆီ ပြဿနာ အဓိကကိုင်တွယ်ဖို့ ရည်မှန်းထားတဲ့ ဒီ (၄) ရက်တာ ခရီးအတွင်း Jeddah ဆိပ်ကမ်းမြို့မှာ ကျင်းပမယ့် အာရပ်ဒေသတွင်းထိပ်သီးပွဲကို ဒီနေ့ဆက်တက်မှာပါ။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ခြောက်နိုင်ငံနဲ့ အီရတ်၊ အီဂျစ်၊ ဂျော်ဒန် ခေါင်းဆောင်တွေပါတဲ့ GCC + 3 ထိပ်သီးပွဲ မတိုင်ခင် နာရီပိုင်းမှာပဲ၊ အိမ်ဖြူတော်ဘက်ကနေ အီရန်ကို ရုရှားခေါင်းဆောင်တွေ မကြာခင်ကလာပြီး ယူကရိန်းစစ်ပွဲမှာ သုံးနိုင်ဖို့ ဒရုန်းလက်နက်တွေ ကြည့်ခဲ့တဲ့ ဂြိုလ်တုပုံရိပ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

အခုလို အီရန်ကို ဝိုင်းဖိအားပေးဖို့ ကြိုးပမ်းတာအပြင်၊ GCC အဖွဲ့ဝင်တွေဖြစ်တဲ့ ရေနံထွက် ဆော်ဒီ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံတွေပါမယ့် ဒီထိပ်သီးပွဲထဲမှာ သမ္မတ Biden အနေနဲ့ လောင်စာစွမ်းအင်လုံခြုံရေးကိုလည်း ထည့်ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။

အမေရိကန်နဲ့ GCC + 3 ထိပ်သီးပွဲကနေ၊ အီရတ်ရဲ့ အီရန် အပေါ်မီခိုနေရတာ လျှော့ချဖို့၊ အီရတ်ရဲ့ ပင်မလျှပ်စစ်ဓာတ်အားလိုင်းကို GCC အဖွဲ့ ပင်မဓာတ်အားလိုင်းနဲ့ ကူဝိတ်နဲ့ဆော်ဒီကနေ ဖြတ်ချိတ်ရေး သဘောတူညီချက်ရဖို့ ထိပ်သီးခေါင်းဆောင်တွေ မျှော်လင့်ထားကြပါတယ်။

===Unicode ====





