အမေရိကန်ဒေါ်လာငွေဈေး တည်ငြိမ်ဖို့ သကြားနဲ့ စက်သုံးဆီ Re-export လိုင်စင်တွေကို စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီနေ့ ၁၇ ရက်မနက်ပိုင်းက စပြီး ပိတ် ထားလိုက်ပြီဖြစ်ပါတယ်။ လိုင်စင်အသစ် ပေးတာကို ရပ်နားလိုက်ပေမဲ့ လက်ရှိ လိုင်စင် သက်တမ်းကျန်တဲ့သူတွေကတော့ ကုန်ပစ္စည်းတွေဆက်ပြီး တင်သွင်း၊ တင်ပို့လုပ်နိုင် တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုံစမ်းတင်ပြပေးထား ပါတယ်။
ပြည်ပကနေတင်သွင်းပြီး၊ ပို့ကုန်ပြန်ပို့နေတဲ့ သကြားနဲ့ စက်သုံးဆီ re-export လိုင်စင် တွေကို ဒီနေ့ သြဂုတ်လ ၁၇ ရက် မနက်ပိုင်းကစပြီး ရပ်နားလိုက်ပြီဖြစ်ပါတယ်။ အကြောင်းကတော့ ဒီကုန်ပစ္စည်းတွေကို ဒေါ်လာနဲ့ ပြည်တွင်းကို တင်သွင်းပြီး တရုတ်ကို တစ်ဆင့်ပြန်တင်ပို့ရောင်းချတဲ့နေရာမှာ တရုတ်ယွမ်ငွေနဲ့ ပြန်ရောင်းရတာ ဖြစ်လို့ ဒေါ်လာဈေး တည်ငြိမ်အောင်ထိန်းထားဖို့ အခုလို re-export လိုင်စင်ပေးတာကို ရပ်လိုက် တာ ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။
“ရပ်နားတာတော့ ၁၇ ရက်ကစပြီး re-export နဲ့ဆောင်ရွက်နေတဲ့ သကြားနဲ့စက်သုံးဆီ နှစ်ခုကို သွင်းကုန် လိုင်စင် ခွင့်ပြုတာကို ၁၇ ရက်ကရပ်နားတာ။ အဓိကတော့ ဘာခေါ် မလဲ ဆိုရင် ဒေါ်လာငွေကြေးလဲလှယ်နှုန်း တွေ တည်ငြိမ်ဖို့ အတွက်ကို ဒါ အကြောင်း အချက်တခုအနေနဲ့ ပါဝင်နေတာပေါ့။”
re-export လုပ်ငန်းလုပ်ကိုင်ခွင့်ကို ၂၀၁၃ အောက်တိုဘာလကစပြီး စီးပွားကူးသန်း ဝန်ကြီး ဌာနက လိုင်စင် ထုတ်ပေးပြီး ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းထုတ် ကုန် စည်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုပြီး ဒီလိုင်စင် ထုတ်ပေးတာကို အရင်ကလည်း ခဏရပ်နားထားဖူးတာမျိုးလည်းရှိပါတယ်။ အခုဒေါ်လာငွေကြေး လဲလှယ်နှုန်းမှာ မြန်မာ ကျပ်ငွေတန်ဖိုးကျနေတာကို ကုစားဖို့ တခြားသွင်းကုန်ပစ္စည်းတချို့ကိုလည်း မကြာခင် ကန့်သတ်သွားမယ်လိ့ု ကုန်သည်အသိုင်းအဝန်းကြားမှာ သတင်းတွေ ထွက်ပေါ်နေပါ တယ်။ အခုကိစ္စမှာ အစိုးရ အနေနဲ့ လုပ်သင့်တဲ့ကိစ္စကို လုပ်သွားတာဖြစ်နိုင်တယ်လို့ စီးပွားရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးမင်းခင်က အခုလိုသုံးသပ်ပါတယ်။
“ဒီသွင်းကုန်ကို ကျနော်တို့ ဒေါ်လာနဲ့ပေးချေပြီး ဝယ်ပြီးတော့ ဟိုဘက်မှာ Export လုပ်တဲ့ အခါမှာ တရုတ်ယွမ် ငွေပဲ ရတယ်။ ရတဲ့ယွမ်ငွေကလည်း တရုတ်ဘဏ်ထဲမှာ ကျန်ချင် ကျန်မယ်၊ နောက်သွင်းကုန်အဖြစ် သုံးရင် သုံးရမယ်ပေါ့။ ဆိုတော့ အကုန်လုံးက ဒေါ်လာ ပြန်ဝင်မလာဘူးဖြစ်နေတယ်။ ဒါကြောင့် အခု ဒေါ်လာဈေး တက်တဲ့အပေါ်မှာ သက် ရောက်မှု ရှိတယ်လို့ ယူဆတယ်ထင်ပါတယ် အစိုးရက။ ဆိုတော့ ဒါက လုပ်သင့်တဲ့ အကြောင်းလို့ ပြောလို့ရတယ်။ သို့သော်နည်းနည်းတော့ ဒါမျိုးကို ချင့်ချိန်ပြီးတော့ လုပ်နိုင်ရင် ပိုကောင်းတယ်။ ဟိုဘက်နဲ့ (တရုတ်နဲ့) အပေးအယူ လုပ်တဲ့အခါမျိုးမှာ ဒေါ်လာနဲ့ ဝယ်ပြီး ဒေါ်လာနဲ့ပြန်ရောင်းတာမျိုး လုပ်သင့် သလား၊ ဒါမျိုးချင့်ချိန်သင့်တယ်လို့ ထင်တယ်။ လက်ရှိအနေအထားက လုပ်သင့်တယ်လို့ပြောရမယ်။”
re-export ဆိုတာ ပြည်ပနိုင်ငံတစ်ခုကနေကုန်ပစ္စည်းသွင်းလာပြီး အခြားပြည်ပနိုင်ငံ တခုကို တဆင့် ပြန် ရောင်းတာ ဖြစ်ပါတယ်။ ဒါကိုအစိုးရက သွင်းကုန်အခွန်တခု သတ် မှတ်ပြီး လုပ်ကိုင်ခွင့်ပြုခဲ့တာပါ။ ဒီနေ့ ပိတ်လိုက်တဲ့အပေါ်မှာ ထိခိုက်နစ်နာမယ့် ကုန်သည်တွေ ရှိနိုင်တယ်လို့ သကြားကုန်သည် တဦးကသူ့အမြင်ကို ပြောပါတယ်။
“လိုင်စင်ရမှ ပစ္စည်းကိုမှာကြတာပေါ့။ အမှန်တကယ်က ဒါပေမဲ့ တချို့ကုန်သည်တွေက ဘယ်လိုလဲဆိုတော့ လိုင်စင်ကို ရမယ်ဆိုတာလည်းကျိန်းသေတယ်။ သူတို့က မူဘောင် ထဲမှာပေးနေတဲ့အခါကျတော့ အကုန်လုံးက ပစ္စည်းတွေကို ကြိုမှာကြတယ်။ တချို့ က လည်း on the way ပေါ့လေ၊ သင်္ဘောပေါ်မှာ အကုန်လုံး ဖြစ်နေကြ တယ်။ ကြိုမှာပြီး တော့ ပစ္စည်းတွေရောက်ပြီးတော့ လိုင်စင်က ရုတ်တရက်ကို ချက်ချင်းပဲ ပိတ်ချလိုက်တဲ့ အခါ ကျတော့ တော်တော်လေး အခက်အခဲတွေဖြစ်နေကြတယ်။ ရေလမ်းကြောင်းပေါ်မှာ ရောက်နေတဲ့ ပစ္စည်း တွေက လိုင်စင်ထုတ်မပေးတော့ဘူး ဆိုတော့ ပြန်သိမ်းနိုင်တဲ့ အနေ အထား သုံးလကျော်ရင်သိမ်းတာပေါ့။ အဲလို သိမ်းနိုင်တဲ့အနေအထားလေးတွေ ဖြစ်သွား နိုင်တယ်။ ဒီကြားထဲမှာ အရောင်းအဝယ်ကိစ္စတွေကလည်း အတော်လေးတော့ ဂယောက် ဂယက်ထသွားတာပေါ့။ ဒေါ်လာဈေးကို သူတို့ထိန်းလိုက်နိုင်ပေမဲ့ သကြားဈေး ကတော့ နည်းနည်းတော့ ပြန်တက်မယ်ထင်ပါတယ်။”
re-export လုပ်တဲ့သကြားကို ထိုင်း၊ ဘရာဇီး၊ ကာတာ၊ ယူအေအီး နဲ့ အိန္ဒိယကနေ တနှစ်ကို တန်ချိန် ၈ သိန်း လောက်ယူတာဖြစ်ပြီး တရုတ်ကို တဆင့် ပြန်ရောင်းကြတာပါ။ ဒေါ်လာနဲ့မြန်မာငွေလဲလှယ်နှုန်းက တဒေါ်ကို မြန်မာငွေ ၁,၅၀၀ ကျော်ထိ တက်ခဲ့ပေမယ့် သွင်းကုန်ပစ္စည်းတချို့ကို ရပ်နားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ၁,၅၀၀ ဝန်းကျင်မှာ ပြန်ပြီးတည်ငြိမ်သွားတယ်လို့ ဆိုပါတယ်ခင်ဗျား။
ဒေါ်လာနဲ့မြန်မာငွေလဲလှယ်နှုန်းက တစ်ဒေါ်ကို မြန်မာငွေ ၁,၅၃၀ ကျော်ထိ မနေ့ က တက်ခဲ့ ပေမယ့် သွင်းကုန် ပစ္စည်းတချို့ကို ရပ်နားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီးတဲ့နောက် ဒီနေ့ ဈေးပိတ်ချိန်မှာ ၁,၅၁၅ ကျပ် ဈေးပေါက်ပါတယ်။ ဗဟိုဘ်ဏ်ကတော့ တဒေါ်လာကို ၁,၄၉၈ ကျပ်နဲ့ ဈေးဖြတ်ထားဆဲဖြစ်ပါတယ်။
Your browser doesn’t support HTML5