ကော့မှူးမဲဆန္ဒနယ်မြေမှာ အရွေးခံဖို့ ဒေါ်စုစဉ်းစား

ကော့မှူးမဲဆန္ဒနယ်မြေမှာ အရွေးခံဖို့ ဒေါ်စုစဉ်းစား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့အထွေထွေအတွင်းရေးမှူး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ရန်ကုန်တိုင်း၊ ကော့မှူး မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖွယ်ရှိတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ပါတီကို မှတ်ပုံပြန်တင်ဖို့လျှောက်ထားတဲ့ကိစ္စ မပြီးပြတ်သေးတာကြောင့် အတိအကျ သတ်မှတ်ပြီးတာတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

NLD ပါတီက တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ပြီး ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်မယ်လို့ ကြေညာလိုက်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် ဘယ် မဲဆန္ဒနယ်မှာ ဝင်ပြိုင်မလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။

ဒါပေမဲ့လည်း ဘယ် မဲဆန္ဒနယ်တွေက လစ်လပ်နေပြီး ရွေးကောက်ပွဲတွေကို ဘယ်တော့ကျင်းပမယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်က ခုချိန်ထိ တရားဝင်မကြေညာသေးတာကြောင့် အတိအကျပြောမရသေးပေမဲ့ သူ ဝင်မယ်ဆိုရင် ဘယ်လိုမဲဆန္ဒနယ်က ဝင်ချင်တယ်ဆိုတဲ့ ဆန္ဒကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတယ်လို့ NLD ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“တနေရာမှာ သူ စိတ်ကူးတဲ့အကြောင်းကို သူက နည်းနည်း ပြောမိတာရှိတာပေါ့ဗျာ။ အဲဒါက ဘာလဲဆိုတော့ သူက ဝင်ပြီးရွေးမယ်ဆိုရင်လည်း ရန်ကုန်တိုင်းကပဲ သူ ဝင်ရွေးမယ်။ ရန်ကုန်တိုင်းက ရွေးတဲ့နေရာမှာ လည်းပဲ မဲဆန္ဒရှင်ပြည်သူတွေပေါ့ဗျာ နေထိုင်မှု အဆင့်အတန်း နည်းနည်း ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ ဖြစ်နေတဲ့နေရာတွေကို သူ ကူညီပေးချင်တဲ့သဘောနဲ့ သူ စိတ်ဝင်စားတယ်လို့ ပြောဖူးတယ်။ အဲဒီမှာတင် ကော့မှူးမြိုကနယ်မှာ ဝင်မယ်ဆိုတဲ့သတင်းက ထွက်သွားတယ်ဗျ။ ကျနော် ပြောချင်တာကတော့ ဒါဟာ final confirm ဖြစ်ပြီလို့ ကော်မရှင်ကတောင် ဘာမှမကြေညာသေးတော့ ကျနော်တို့ ဆုံးဖြတ်ပြီးပြီလို့ ပြောတော့မပြောနိုင်သေးဘူးခင်ဗျ။”

ရန်ကုန်တိုင်းမှာ ကော့မှူးမြို့နယ်အပါအဝင် လစ်လပ်နေတဲ့ မဲဆန္ဒနယ်ခြောက်နယ်ရှိတယ်လို့ အတည်မပြုနိုင် သေးတဲ့စာရင်းတွေမှာ တွေ့ရပါတယ်။

ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်း ပြန်ကြားချက်ကို စောင့်နေပြီး ကော်မရှင်ဘက်က အကြောင်းပြန်တာနဲ့ ပါတီ တံဆိပ်၊ အလံနဲ့ ရွေးကောက်ပွဲသင်္ကေတ တို့ကို တင်ပြဖို့ အဆင်သင့်ပြင်ထားပြီးပြီလို့လည်း ဦးအုန်းကြိုင်ကပြောပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD ပါတီရဲ့ ရွေးကောက်ပွဲသင်္ကေတဟာ ခမောက်ပုံဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခမောက်၊ NLD နဲ့ ခမောက်တို့ကို လူထုက အတူတူတွဲပြီး မြင်ထားကြပါတယ်။ အခု တကြိမ်မှာတော့ ခမောက်သင်္ကေတကို ဆက်ပြီး အသုံးပြုတော့မှာမဟုတ်ဘဲ လက်ရှိ ပါတီရဲ့ ရင်ထိုးပုံစံကိုပဲ အနည်းငယ်ပြောင်းလဲပြီးတော့ ရွေးကောက်ပွဲသင်္ကေတအဖြစ် အသုံးပြုသွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါ တယ်။ ဒါပေမဲ့လည်း ကော်မရှင်ဘက်က အကြောင်းပြန်ကြားချက် မရသေးတာကြောင့် ပါတီဥက္ကဋ္ဌအဖြစ် ဘယ်သူကနေ တာဝန်ယူ ဆောင်ရွက်မယ်ဆိုတာကို အတိအကျ မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ NLD ရုံးချုပ်မှာကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကနေ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ဗဟိုအောင်နိုင်ရေးကော်မတီ ဆိုတာကိုဖွဲ့ပါတယ်။ ၂၁ ဦးပါတဲ့ ဗဟိုအောင်နိုင်ရေး ကော်မတီ စာရင်းကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြီးတော့ ပြည်နယ်တိုင်း အသီးသီးမှာလည်း လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တွေမှာ အဖွဲ့ချုပ်က ဝင်ပြီးပြိုင်တဲ့နေရာမှာ အဖွဲ့ချုပ်ကချပေးတဲ့ ကိုယ်စားလှယ် လောင်းတွေပေါ့ဗျာ။ အဲဒါတွေ အောင်နိုင်ရေးအတွက် ဆောင်ရွက်ဖို့ ပြည်သူတရပ်လုံးရဲ့အားနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် အောင်နိုင်ရေးကော်မတီဖွဲ့ဖို့ ညွှန်ကြားချက်တစ်ခုလည်း ထွက်ပါတယ်။ အဲဒီလို ညွှန်ကြားမယ်လို့လည်း ဆုံးဖြတ်ပြီးတော့ ညွှန်ကြားချက်ကို အောင်နိုင်ရေးအဖွဲ့ တာဝန်ခံကနေပြီးတော့ လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်တာပါ။ အောင်နိုင်ရေး ကော်မတီရဲ့တာဝန်ခံက ဦးတင်ဦး ဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေအားလုံး ပါပါတယ်။ ထပ်ပြီးတော့ အားဖြည့်ထားတာကတော့ အဲဒီမှာ လူငယ်ခေါင်းဆောင်တွေ၊ ပြည်နယ် တိုင်းတွေက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အမျိုးသမီး လုပ်ငန်းအဖွဲ့က ကိုယ်စားလှယ်တွေကတော့ ထပ်ပြီးအင်အား ဖြည့်ထားပါတယ်။ အားလုံးပေါင်း ၂၁ ယောက် ဖြစ်ပါတယ်။”

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်နေရာ ၄၈ နေရာစလုံးမှာ NLD က ဝင်ပြိုင်သွားမယ်လို့ တာဝန်ရှိ သူတွေက ပြောထားပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်မျိုးဆက်သစ် တွေကိုလည်း ရွေးကောက်ပွဲဝင်စေချင်တဲ့ဆန္ဒ ရှိတယ်လို့ ပြောဆိုကြောင်း သတင်းတွေထွက်လာတဲ့အပြင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ထဲက မည်သူမည်ဝါတွေကိုဖြင့် ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ဒါပေမဲ့ ဦးအုန်းကြိုင်ကတော့ အဲဒီသတင်းတွေ မဟုတ်မှန်တဲ့ အကြောင်းနဲ့ ဘယ်သူ့ဘယ်သူကိုမှ အမည်နာမနဲ့တကွ ရွေးကောက်ပွဲဝင်ဖို့ဆိုပြီး ပြောဆိုတာမရှိကြောင်း တုံ့ပြန်ပါတယ်။

ပါတီမှတ်ပုံတင်ကိစ္စ ပြီးပြတ်သွားပြီဆိုရင်တော့ ပါတီဝင်စုဆောင်းတာကနေစပြီး နိုင်ငံရေးပါတီတရပ်အဖြစ် စုဖွဲ့တဲ့လုပ်ငန်းတွေကို လုပ်သွားဖို့ အားလုံးပြင်ဆင်ထားတယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။ အဲဒီအချိန်ကျရင် NLD ပါတီတခုလုံးကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းသွားမယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။