တရားရေးမဏ္ဍိုင်အားနည်းမှု ဒေါ်စုထောက်ပြ

နေပြည်တော်မှာ မြန်မာသတင်းသမားများနဲ့တွေ့ဆုံစဉ် တရားရေးမဏ္ဍိုင်အားနည်းချက်ကို ထောက်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ၊ ဗွီအိုအေ-မြန်မာ)

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်ထဲမှာ တရားရေးမဏ္ဍိုင်ဟာ အားအနည်းဆုံး ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တရားသူကြီးအဆင့်ဆင့်ကို ခန့်ထားတာမှာ လွတ်လပ်ပြီး တရားဥပဒေရေးရာ ကျွမ်းကျင်သူတွေကိုပဲ ခန့်ထားဖို့လိုသလို တရားစီရင်ရေးပိုင်းအပေါ် အုပ်ချုပ်ရေးကဏ္ဍက ဝင်ရောက် စွက်ဖက်တာမျိုး မရှိဖို့လိုတယ်လို့ တရားစီရင်ရေးလောကသားတွေက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော် သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍဟာ ချည့်နဲ့အားနည်းနေတယ်ဆိုတာကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရင်က လည်း အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာတော့ နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကြီးသုံးရပ်ထဲမှာ တရားရေးမဏ္ဍိုင်ဟာ အား အနည်းဆုံးဖြစ်နေတယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်က နေပြည်တော်မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်အတွင်း ပြောခဲ့တာပါ။

“တရားရေးမဏ္ဍိုင်ဟာ ဒီ မဏ္ဍိုင်ကြီးသုံးခုထဲမှာ အင်မတန်မှ အားနည်းပြီးတော့ ချည့်နဲ့နေတဲ့ မဏ္ဍိုင် ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ဒေါက်တိုင်ကြီးသုံးခု ညီမျှမှု မရှိတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ နစ်နာစရာဖြစ်ပါတယ်။ အဲဒါကိုတော့ ပထမဦးဆုံး ပြောလိုပါတယ်။ နောက်ပြီး တရားရေးမဏ္ဍိုင်က ခေါင်းဆောင်ကို ပြောရမယ်ဆိုရင် ဘယ်သူ့ကို ပြောရမယ်မှန်းတောင် ကျမ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့နေချုပ်ကော၊ တရားသူကြီးချုပ်ကောက သမ္မတက ခန့်တာဆိုတော့ အဲဒီမှာကတည်းက တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ ဖြစ်နေပါပြီ။ အဲဒီတော့ ဒီဒေါက်တိုင်ကြီး သုံးခုဟာ တကယ်တော့ လွတ်လွတ်လပ်လပ်နဲ့ တခုကိုတခု ထိန်းထားရမယ့် အနေအထားမှာ မရှိပါဘူး။ အဲဒီတော့ ဆက်ဆံရေးမှာလည်း ညီမျှမှု မရှိဘူးပေါ့။”

တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့ဆိုတာ လွတ်လပ်စွာ ဆုံးဖြတ်စီရင်နိုင်သူတွေ၊ တရားဥပဒေကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ကိုယ်တိုင် အဆုံးအဖြတ်ပေးနိုင်သူတွေကိုသာ ရွေးချယ် ခန့်ထားသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။ တရားသူကြီးတွေကိုယ်တိုင် ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ တရားစီရင်ရေး စနစ်ကို ရောက်ချင်ပေမဲ့လည်း လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်ကြာလာတဲ့အထိ အဲဒီလိုအခြေအနေကို မရောက်သေးဘူးလို့ လည်း ဦးအောင်သိန်းက ပြောပါတယ်။

တရားရေးမဏ္ဍိုင်ဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကအတိုင်း၊ လမ်းဟောင်းကြီးအတိုင်းပဲ သွားနေတုန်းပဲလို့ ရှေ့နေကြီး ဦးအောင်သိန်းက ဗွီအိုအေကိုပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ ကလည်း ဒီလိုပဲ သွားခဲ့တယ်။ အခုလည်း ညွှန်ကြားချက်တွေနဲ့ တရားစီရင်ရေးအပေါ်မှာ သွားနေတယ်လို့ အဲလို ရှုမြင်ပါတယ်။ အဲဒီတော့ ကျနော်တို့တတွေက ဒါကြီးကို ဘယ်လို ထိန်းကျောင်းကြမလဲဆိုလို့ရှိရင် တရားစီရင်ရေး ယန္တရားအပိုင်းတွေမှာ စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေ ရှိကြမှာပေါ့လေ၊ မရှိဘူးဆိုရင် မီဒီယာ လွတ်လပ်ခွင့်ကိုလည်း တာဝန်ခံမှုနဲ့ တာဝန်ယူမှုအနေနဲ့ ပေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တရားစီရုံးတွေမှာ လိုက်လံနားထောင်ပြီးတော့ တကယ့်ပြည်သူတွေရဲ့ အသံကို နားထောင်လို့ရှိရင် တရားစီရင်ရေး ယန္တရား အောက်ခြေကစတင်နိုင်တယ်လို့ ဆိုရမှာပေါ့နော။ အဲလို အောက်ခြေက ပြင်နိုင်တယ်ဆိုလည်း အပေါ်က အပေါ်က ပြင်ဖို့လည်း လိုတယ်လို့ - အဲလိုလည်း မြင်ပါတယ်။”

တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးပိုင်းရဲ့ လွှမ်းမိုးမှုက သိပ်ကြီးမားလွန်းနေပြီး အုပ်ချုပ်ရေးပိုင်းက စွဲတင်လာတဲ့အမှုတွေကို တရားရုံးတွေက စစ်ဆေးစီရင်တဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းဘက်ကို အသားပေးဆုံးဖြတ်တာက များနေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေ များကွန်ယက်က ရှေ့နေတစ်ဦးဖြစ်သူ ဦးကိုနီကလည်း ထောက်ပြပါတယ်။ အမှုတွေကိုစီရင်တဲ့နေရာမှာလည်း ကွာခြား တာတွေ၊ မမျှတတာတွေကို တွေ့ရပြီး တရားရုံးဟာ အုပ်ချုပ်ရေးကဏ္ဍက စွဲတင်လာတဲ့အမှုတွေဘက်က ရပ်တည်ပေးနေတာကို တွေ့ရတယ်လို့ ဦးကိုနီက ပြောပါတယ်။ တရားရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးမှုရှိနေသရွေ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အဟန့်အတားဖြစ်နေမယ်လို့ ရှေ့နေကြီးဦးကိုနီက ဗွီအိုအေကိုပြောပါတယ်။

“တကယ်တော့ တရားရေးဌာနရဲ့တာဝန်ဟာ နိုင်ငံသားအချင်းချင်းကြားမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းရုံသာမက နိုင်ငံတော်နဲ့ နိုင်ငံသားကြားမှာ ဖြစ်တဲ့ပြဿနာတွေကိုလည်း မျှမျှတတ ဆုံးဖြတ်ပေးဖို့ တာဝန်ရှိတယ်။ ဥပမာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် ဝန်ကြီးချုပ်အမိန့်နဲ့ ဗိုလ်ရန်နိုင်ကို ဖမ်းတယ်။ တရားဝန်ကြီးက လွှတ်လိုက်လို့ အမိန့်ချတယ်။ သမ္မတက အမိန့်အာဏာနဲ့ PSI ညွှန်ကြားရေးမှူးချုပ်ကို အာဏာတည်လွှဲတယ်။ သမ္မတမှာ ဒီလို အာဏာလွဲှခွင့်မရှိဘူးဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဆိုလိုတာက တရားရေးဌာနဆိုတာဟာ အဲဒီလို အုပ်ချုပ်ရေးဌာနရဲ့လုပ်ရပ်တွေ မမှန်ဘူးဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲရမယ်၊ ပြောရဲ ဆိုရဲရမယ်။ အဲဒီအခြေအနေ မရောက်သေးသရွေ့ ဒီမှာ တရားဥပဒေ စိုးမိုးရေးဆိုတာလည်း မရှိဘူး၊ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် ရောထွေးနေသရွေ့ ဒီမိုကရေစီစနစ်ကိုလည်း တည်ဆောက်လို့ ရမှာ မဟုတ်ဘူး။ အဲဒါတွေအားလုံးကို ပြတ်ပြတ်သားသား ရှင်းရမယ်။”

ဒီလိုအခြေအနေတွေ ပြေလည် ကောင်းမွန်ဖို့ဆိုရင် တရားသူကြီးတွေကို ခန့်ထားတဲ့နေရာမှာ သမ္မတက အမည်စာရင်းတင်သွင်း ပြီးတော့ ပြည်ထောင်စုလွှတ်တော်က သေသေချာချာ စိစစ်သုံးသပ်ပြီး ခန့်အပ်ရမယ်လို့ ဦးကိုနီက အကြံပေးပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့လိုမယ်လို့ ပြောပါတယ်။
အခုအခါမှာတော့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ပထမဆုံးခြေလှမ်းအနေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး အပါအဝင် နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အချိုးကျပါဝင်ပြီးတော့ အဖွဲ့ဝင် ၁၀၉ ဦးနဲ့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ခုကို ဇူလိုင်လ ၂၅ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ ဖွဲ့စည်းပေးထားပါ တယ်ခင်ဗျား။