ဒေါ်စု ခေါင်းဆောင်မှု တိုင်းရင်းသား အုပ်စုတွေ ထောက်ခံ

ဒေါ်စု ခေါင်းဆောင်မှု တိုင်းရင်းသား အုပ်စုတွေ ထောက်ခံ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဖြစ်ထွန်းလာလိမ့်မယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက မျှော်လင့်ထားကြပါတယ်။ အပြည့်အစုံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတခုဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် ကာလရှည် မအောင်မမြင် ဖြစ်နေရတဲ့ တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ပေါ်ထွက်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဒီကနေ့ ပြောပါတယ်။ KNU ကရင်အမျိုးသား အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဖဒို ဒေးဗစ်သာကပေါက အခုလို ပြောပါတယ်။

“တိုင်းရင်းသားတွေကို ဒေါ်စုအနေနဲ့ စုစည်းနိုင်တယ်။ ပြည်တွင်းမှာလည်း တိုင်းရင်းသားပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင် တိုက်နေရတဲ့ တိုင်းရင်းသားပဲ ဖြစ်ဖြစ် ဒေါ်စုအနေနဲ့ စုစည်းလို့ရတယ်။ ဒီမိုကရေစီ အင်အားစုတွေကတော့၊ သူ့အနေနဲ့က ဒီမိုကရေစီ ခေါင်းဆောင်တင် မဟုတ်ဘူး၊ အမျိုးသားခေါင်းဆောင် ဆိုတော့ တိုင်းရင်းသား အတွက်ရော၊ ဒီမိုကရေစီ လိုလားသူတွေ အတွက်ရော ခေါင်းဆောင်ဖြစ်တယ်လို့ မြင်တယ်။ ဒီမိုကရေစီ အင်အားစုရော၊ တိုင်းရင်းသား အင်အားစုရော ပူးပေါင်းပြီး အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်နိုင်တာပေါ့။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်စိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ တရပ်လုံးသာမက နိုင်ငံတကာကပါ လေးစားတဲ့ ခေါင်းဆောင်တယောက် ဖြစ်တဲ့အတွက် သူမကသာ တိုင်းရင်းသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် ဦးဆောင်နိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

“အထူးသဖြင့် ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်အုပ်စုပေါ့၊ ဒီ ၃ ဖွဲ့ကြားထဲမှာ မပြေလည်သေးတဲ့ ပြဿနာတွေ အများကြီး ရှိပါတယ်။ ညှိနှိုင်းဖို့ တအားလိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီကြားထဲမှာ ပြန်ပြီးတော့ မညှိနှိုင်းနိုင်ဘူး၊ မဆွေးနွေးနိုင်ဘူးဆိုရင် အားလုံး မျှော်လင့်နေတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ အလဟဿပဲ ဖြစ်သွားမှာပါ။ သူမ ဦးဆောင်ပေးနိုင်လိမ့်မယ်လို့လည်း ကျနော်တို့က ယုံကြည်ပါတယ်။”

သူမ လွတ်မြောက်လာတဲ့အပေါ် KNU က ကြိုဆိုကြောင်း ကြေညာချက် ဒီနေ့ ထုတ်ပါတယ်။ အဲဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြန်လည် မဖမ်းဆီးရေး အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။ ဖဒို ဒေးဗစ်သာကပေါက အခုလို ပြောပြပါတယ်။

“ကျနော့်အမြင်ပေါ့ဗျာ၊ အရင်ကပုံစံ၊ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်လို့တော့ ထိရောက်မှုရှိမယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်ပေမဲ့ ဆက်လက် တည်ရှိနေမယ်၊ ပုံစံတမျိုးနဲ့ ဆက်လက် တည်ရှိနေမယ်။ အဲတော့ အရင်ပုံစံအတိုင်း သွားမယ်ဆိုရင် ဒီလူတွေက ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း လေးစားတာ မဟုတ်ဘူး၊ နိုင်ငံတကာ ဆန္ဒကိုလည်း လေးစားတာ မဟုတ်ဘူး။

“အဲဒီအခါ အရင်ပုံစံအတိုင်း လှုပ်ရှားလို့တော့ အလကားပဲ။ အကျိုးရှိမှာ မဟုတ်ဘူး။ အချုပ်ထဲဝင်လိုက်၊ ပြန်ထွက်လိုက်၊ ကျနော်တို့ကလည်း ဝမ်းသာလိုက်၊ ဝမ်းနည်းလိုက်၊ အဲဒီလို ဖြစ်နေတာ။ အဲဒီသံသရာက လွတ်မှာမဟုတ်ဘူး။ အဲဒီတော့ တခြားနည်းလမ်းကို စဉ်းစားသင့်တယ်လို့ ကျနော် ထင်ပါတယ်။”

သက်တမ်းရှည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး KNU ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား ရင်ကြားစေ့ရေး မြန်မာ့ဒီမိုကရေစီ အရေးအတွက် နည်းဗျူဟာကောင်းကောင်း ချမှတ် လုပ်ဆောင်ဖို့လည်း မျှော်လင့်ထားပါတယ်။

“KNU အနေနဲ့ကတော့ စိတ်ဓာတ်မကျဖို့ပေါ့။ စိတ်ဓာတ်မကျဖို့ ဆိုတာကလည်း အချုပ်ထဲမှာ နှစ်ရှည်လများ နေရတယ် ဆိုတာက စိတ်ရော လူရော ပင်ပန်းပါတယ်။ အနားယူရမယ်၊ အနားယူပြီးတော့ ဒီ အနှစ် ၂၀ အတွင်း လှုပ်ရှားလာတဲ့ လှုပ်ရှားမှုကို ပြန်လည် သုံးသပ်ရမယ်။ ပြည်သူ့အခြေအနေ၊ မိမိလူထု အခြေအနေ၊ စစ်အာဏာရှင်စနစ် အခြေအနေ၊ ပြီးတော့ ကျနော်တို့ ပြည်ပ အခြေအနေပေါ့ဗျာ၊ ပြည်ပ လှုပ်ရှားနေတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အင်အားစုတွေ အခြေအနေ၊ အဲဒါကို ကောင်းကောင်းမွန်မွန် ပြန်သုံးသပ်ပြီးတော့ ပိုပြီးတော့ ထိရောက်မယ့် သေနင်္ဂဗျူဟာ ခေါ်မှာပေါ့ဗျာ၊ Strategy ချဖို့ လိုမယ်လို့ ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးပြီးချင်းမှာပဲ ပြည်သူကြားမှာ၊ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်လို့ ပြောကြားထားပါတယ်။