မိမိအခွင့်အရေးကို ရဲရဲဝံ့ဝံ့ တောင်းဆိုကြဖို့ ဒေါ်စု တိုက်တွန်း

မိမိအခွင့်အရေးကို ရဲရဲဝံ့ဝံ့ တောင်းဆိုကြဖို့ ဒေါ်စု တိုက်တွန်း

မိမိအခွင့်အရေးကို ရဲရဲဝံ့ဝံ့ တောင်းဆိုကြဖို့ ဒေါ်စု တိုက်တွန်း

နိုင်ငံရေးအရ အကျဉ်းကျနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကပါ သူတို့မှာ ဥပဒေအရ ဘယ်လိုအခွင့်အရေးတွေ ရှိတယ်ဆိုတာ မသိကြတဲ့အတွက် လုပ်သမျှကို ခံနေကြရတယ်။ ဒါကြောင့် ဥပဒေကို လေးစားလိုက်နာသူတွေအနေနဲ့ မိမိရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေကို ရဲရဲဝံ့ဝံ့ တောင်းဆိုရဲရမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားသွားတာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရောက်နေတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ဆုံးရှုံးနေရတဲ့ လူ့အခွင့်အရေးတွေ ပိုမိုသိမြင်လာအောင်နဲ့ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ပြီး အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွားရမလဲ ဆိုတဲ့နည်းလမ်းတွေ ရှာဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ကူညီနိုင်ဖို့အတွက် NLD ဘက်က အကူညီပေးရေးလုပ်ငန်းတွေ စတင်အကောင်အထည် ဖော်နေပြီလို့ ပြောပါတယ်။

နိုင်ငံရေးအရ အကျဉ်းကျနေသူတွေနဲ့ သူတို့ မိသားစုဝင်တွေဟာ ဥပဒေအရ ဘယ်လိုအခွင့်အရေးမျိုး ရှိတယ်ဆိုတာ မသိတဲ့အတွက် လုပ်သမျှကို ခံနေကြတာကြောင့် ကိုယ့်အခွင့်အရေးတွေရအောင် ဥပဒေဘောင်အတွင်းက လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားပါတယ်။

“ကျမတို့ပြည်သူတွေ၊ နိုင်ငံရေးအကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ ရဲဘော်ရဲဘက်တွေရော၊ အကျဉ်းကျမိသားစုတွေရော ဥပဒေအရ ဝိုင်းပြီးတော့ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို မသိကြဘူး။ မသိတဲ့အခါကျတော့ လုပ်သမျှကို ခံနေရတဲ့သဘောပေါ့နော်။ အဲဒီတော့ ကျမကတော့ ဥပဒေဘောင်အတွင်းက နေပြီးတော့ ကိုယ်လုပ်နိုင်တာကို လုပ်ရမယ်။ လုပ်သမျှခံနေဖို့ မဖြစ်ဘူး။ ကျမတို့က ဥပဒေစိုးမိုးရေးကို ကူညီတယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ ဥပဒေဘောင်အတွင်းက ရပိုင်ခွင့်အတွက်တော့ ဆောင်ရွက်ရဲရမယ်။ တောင်းဆိုရဲရမယ်။ တောင်းဆိုရဲ ရမယ်ဆိုတာ ပါးစပ်တင်မဟုတ်ဘူး။ ဥပဒေ လမ်းကြောင်းအရ ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒါတွေ သိဖို့လိုပါတယ်။”

အကျဉ်းကျ မိသားစုဝင်တွေကို ကျန်းမာရေး၊ ဥပဒေဆိုင်ရာ အကူအညီပေးရေးနဲ့ ပညာရေး စတဲ့ကဏ္ဍတွေမှာ ကူညီနိုင်ဖို့အတွက် NLD လူမှုအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ဆောင်နေတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အဓိကကတော့ ကျန်းမာရေးပဲ။ ဥပဒေဆိုင်ရာ ကူညီရေး။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသား မိသားစုများရဲ့ သားသမီးများ ကလေးများရဲ့ ပညာရေး အဲဒီသုံးခုကို ကျမတို့ တတ်နိုင်သမျှ လုပ်ပေးပါတယ်။ အဲဒီဟာမှာ ကျမတို့ ယုံကြည်မှုတခု ရှိပါတယ်။ ကိုယ့်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူဟာ ငွေရေးကြေးရေး မတတ်နိုင်လို့ ကျန်းမာရေး ဂရုမစိုက်နိုင်ဘူးဆိုတာ မရှိစေရဘူး။ အဲဒါကြောင့် ကျန်းမာရေးကို ကျမတို့ ထောက်ပံ့တယ်။”

NLD အဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို အကျိုးဆောင်ခ မယူဘဲ လိုက်လံကူညီပေးနေပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ကျနေကြတဲ့ အကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာဆက်သင်နိုင်ရေး အတွက်လည်း NLD က ထောက်ပံ့နေတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါကြောင့် အခုလို အခက်အခဲကြုံနေကြတဲ့ မိသားစုဝင်တွေကို တယောက်နဲ့တယောက် လက်တွဲပြီး ဖေးမကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားပါတယ်။

“နိုင်ငံရေး လုပ်ပိုင်ခွင့်ဆိုတာကလည်း လူ့အခွင့်အရေးကိစ္စပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ကျမတို့ အခုလို လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေးအတွက် အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်များနဲ့ ဒီပုဂ္ဂိုလ်များရဲ့ မိသားစုတွေကို ဘယ်လို ကျမတို့ ကူညီပံ့ပိုးနိုင်မလဲ ဆိုတာကို အဖြေရှာဖို့ ကျမတို့ ကျင်းပတာပါ။ အဲဒါကြောင့် အားလုံးဝိုင်းပြီးတော့ အကူအညီပေးလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။”

NLD ပါတီအနေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ကျန်းမာရေး၊ ပညာရေးကိစ္စတွေ အပါအဝင် လစဉ် ထောက်ပံ့ကြေးတွေကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားမိသားစုဝင်တွေ ဥပဒေရေးရာ ခံစားခွင့်နဲ့ပတ်သက်လို့ NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ရှင်းလင်း ပြောပြခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို NLD ခေါင်းဆောင်တွေ၊ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံအကျဉ်သား မိသားစုဝင် ၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။