မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အသံ ရုံးချုပ်ကို အင်္ဂါနေ့က လာရောက်ပြီးတော့ ဗွီအိုအေ (မြန်မာပိုင်း) မိသားစုတွေနဲ့ တရင်းတနှီးတွေ့ဆုံပြီးတော့ သြဝါဒ စကားတွေလည်း ပြောဆိုခဲ့ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ (မြန်မာပိုင်း) အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းခွင့်လည်း ရခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းခန်းကို အပြည့်အစုံတင်ပြပေးထားပါတယ်။
ဦးကျော်ဇံသာ။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ အခုလို ကျန်းကျန်းမာမာတွေ့ရလို့ အထူး ဝမ်းသာပါတယ်။ ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက်လည်း အထူး ကျေးဇူး တင်ပါတယ်။ ပထမဦးဆုံးမေးချင်တဲ့မေးခွန်းကတော့ လူတိုင်းစိတ်ဝင်စားတဲ့ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့မေးခွန်းပါ။ ပြုပြင်ပြောင်းလဲရေးဆိုတာ အသံသာ ကြားနေရတယ်။ တကယ်တန်း ပြောင်းလဲသွားတာ ဘာမှ မတွေ့ရသေးဘူးလို့ လူတွေက ပြောကြပါတယ်။
တချို့ကလည်း စာနယ်ဇင်း လွတ်လပ်မှုတွေ နည်းနည်းပါးပါး ရှိလာတယ်၊ လူတွေ ပြောရဲဆိုရဲ ရှိလာတယ် ဆိုပြီးတော့လည်း ပြောကြပါတယ်။ ..ဆိုတော့ ဒီ ပြုပြင်ပြောင်းလဲမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြားပါရစေခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည်။ ။ ပြုပြင်ပြောင်းလဲရေး လုံးဝ မရှိဘူးဆိုတာ မဟုတ်ပါဘူး။ ပြုပြင်ပြောင်း လဲရေး ရှိပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေအတွက် အများကြီးတော့ ထပ်ပြီးတော့ လိုသေးတာပေါ့ နော်။ ကျမတို့နိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီနိုင်ငံတခုဖြစ်ဖို့၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့ ဆိုလို့ ရှိရင်တော့ ထပ်လုပ်စရာတွေ ရှိသေးတာပေါ့။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုံးဝမရှိဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ဒါတော့ နည်းနည်း တဘက်စောင်းနင်းအမြင်လို့ ကျမ ထင်ပါတယ်။
ဦးကျော်ဇံသာ။ ။ ပြည်သူလူထုထဲကို ပြုပြင်ပြောင်းလဲရေး ရောက်လာဖို့အတွက် အဓိက ဘာတွေလုပ်ဖို့ လိုနေပါလဲခင်ဗျ။ လောလောဆယ်မှာ။
ဒေါ်အောင်ဆန်းစုကြည်။ ။ လိုတာတွေကတော့ အများကြီးပဲ၊ အဓိက ကတော့ ကျမတို့ ပြည်သူ တွေက ဆင်းရဲနေတဲ့အခြေအနေကို ပိုပြီးတော့ ကောင်းလာအောင် လုပ်ရမယ်။ လက်တွေ့ကျကျ ပြောရမယ်ဆိုလို့ရှိရင် ကျမရဲ့ ကော့မှူးမြို့နယ်မှာ ဆင်းပြီး လေ့လာတဲ့အခါကျတော့ သိပ်ပြီး အရေးကြီးနေတာ ဘာလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးရယ်၊ အလုပ်ရရှိရေးရယ်၊ ရေရရှိရေး- ရေရရှိရေးတောင်မှ ကျမတို့နိုင်ငံအနေနဲ့က နေရာအတော်များများမှာ အခက်အခဲတခုပါပဲ။ နောက်ပြီးတော့ ကျန်းမာရေး၊ ပညာရေးပေါ့။
ဦးကျော်ဇံသာ။ ။ နောက်တခါ- ဥပဒေပြု အာဏာပိုင်အဖွဲ့ဖြစ်တဲ့ လွှတ်တော်ပေါ့ခင်ဗျာ။ အစ တုန်းကတော့ ruber stamp လို့ အင်္ဂလိပ်လို ပြောကြတယ်။ လက်ညှိုးထောင်၊ ခေါင်းငြိမ့် ပါလီမန်သာ ဖြစ်တယ်၊ အခု အဲဒီထက် တိုးတက်မယ့် အရိပ်အယောင် နည်းနည်းများ တွေ့လာရပါပြီလား။ တလောတုန်းက သူတို့က ဖွဲ့စည်းပုံ ခုံရုံးကို သူတို့ရဲ့ဆန္ဒနဲ့ ဖယ်ရှားနိုင်ခဲ့တယ်ဆိုတော့ - ဒါပေမဲ့လည်း တချို့က Executi နဲ့ ရဲ့ legislature နဲ့ ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုသာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတော့ ဒီလိုလို့ မထင်ပါဘူး။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်နဲ့ ဆိုင်တဲ့ဟာပဲ။ ဒါလည်း ပြောတဲ့မိန့်ခွန်းတွေကို ဦးကျော်ဇံသာ သေသေချာချာ နားထောင်ကြည့်မယ်ဆိုရင် ဥပဒေပိုင်းဆိုင်ရာ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကလည်း ဝင်ပြီးတော့ ပြောတာရှိပါတယ်။ ဥပဒေကြောင်းအရ ဘယ်လို ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာကို။ အဲဒီတော့ လက်ညှိုးထောင် ခေါင်းငြိမ့်ဆိုတာကတော့ ဘယ်ဟုတ်နိုင်မလဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ NLD ရှိနေတယ်လေ။ ကျမတို့က လက်ညှိုးထောင်၊ ခေါင်းငြိမ့်မှ မလုပ်ဘဲ။ အဲလိုမလုပ်တဲ့ တခြား ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။
ဦးကျော်ဇံသာ။ ။ ဆိုတော့ အုပ်ချုပ်ရေး အကြီးအကဲတန်းပေါ့လေ။ လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြိုင်ဆိုင်မှု ရှိတယ်ဆိုတာကရော အလားအလာ ကောင်းပါသလား။ နိုင်ငံတခုရဲ့ နိုင်ငံရေးစံနစ်အတွက် Healthy ဖြစ်ပါသလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီဟာကတော့ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ဝိုင်းမြင်တာ မကောင်းပါဘူး။ တကယ်ဆိုလို့ရှိရင် ဒီလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဥပဒေပြုပိုင်းဆိုင်ရာကြားထဲမှာ ပြောရတာ၊ ဆိုရတာ ငြင်းရတာ၊ ခုန်ရတာ ဖြစ်တယ်ဆိုတာ - ဒါ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတာပဲ။ အခု ဒီ အမေရိကန် ပြည်ထောင်စုမှာတောင်မှ ဘတ်ဂျက်နဲ့ပတ်သက်လို့ အုပ်ချုပ်ပိုင်းဆိုင်ရာနဲ့ ဥပဒေပြုပိုင်း ဆိုင်ရာမှာ ငြင်းကြ၊ ခုန်ကြနဲ့ တချိန်တခါတုန်းက ဆိုလို့ရှိရင် ဝန်ထမ်းတွေတောင်မှ လခမပေးတာအထိ ဖြစ်သွားတယ်မို့လား။ ..ဆိုတော့ အဲဒါမျိုးကတော့ ဖြစ်လေ့ဖြစ်ထပဲ။ တခုတော့ ရှိတာပေါ့၊ ကျမတို့နိုင်ငံအတွက် ဒီမိုကရေစီ လုပ်ပုံလုပ်နည်းတွေက သိပ်ပြီးတော့ စိမ်းနေသေးတဲ့အခါကျတော့ ဒီဟာတွေကို အစိုးရိမ်လွန်တဲ့ဟာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ဘေးကလည်း ဝိုင်းပြီးတော့ ပုဂ္ဂိုလ်ရေးပြဿနာလို့ ဖြစ်ပေါ်အောင်လို့ မြင်ကြလို့ပဲလား၊ အဲလိုဖြစ်အောင်လို့ တိုက်တွန်းကြလို့ပဲလား။ ဒါမျိုးလေးတွေကတော့ ရှိတာပေါ့။
ဦးကျော်ဇံသာ။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တုန်းက အဓိက ရည်ရွယ်ချက်သုံးခုဖြစ်တဲ့ ဖွဲ့စည်းပုံကို ပြင်မယ်၊ စစ်တပ်ရဲ့ပါဝင်မှုကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားမယ်၊ နောက်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးရနိုင်အောင် ကြိုးစားမယ်ဆိုတာ၊ အဲဒီကိစ္စတွေကို ဆောင်ရွက်နိုင်အောင် ကြိုးစားဖို့ ကိစ္စရော အတော် ခရီးဝေးပါ သေးသလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ နည်းနည်း ပြန်ပြင်ရမယ်။ ကျမတို့ ပထမဦးဆုံးက တရား ဥပဒေစိုးမိုးရေးလို့ ပြောပါတယ်။ နောက်ပြီးတော့မှ ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စိုးမိုးရေး။ အဲဒီမှာ ကျမတို့က အဓိက က ဖွဲ့စည်းပုံအခြေခံဥပဒေစိုးမိုးရေး- ပြုပြင်ရေးပေါ့နော်။ ပြုပြင်ရေးမှာ တပ်ကို ဖယ်ရှားမယ်ဆိုတာဟာ အဓိက မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ကိုက်ညီအောင်လုပ်ဖို့ ပါပဲ။ အဲလို လုပ်တဲ့နေရာမှာ ကျမတို့ဟာ တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်သွားချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ပြောထားပြီးသား ဖြစ်ပါတယ်။
ဦးကျော်ဇံသာ။ ။ ..ဆိုတော့ အဲဒီဟာတွေကို ဆောင်ရွက်ဖို့ အလားအလာ-တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မယ့်ကိစ္စတို့၊ ငြိမ်းချမ်းရေးကိစ္စတို့ရော တော်တော်လေး ခရီးရောက်ပါပြီလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ တရားဥပဒေစိုးမိုးရေးကို ကျမတို့ ပထမထားတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ တရားဥပဒေမရှိဘဲနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆလို့ပါ။ ပြည်တွင်း ငြိမ်းချမ်းရေးကို တန်ဖိုး မထားလို့ မဟုတ်ပါဘူး။ အဲဒီတော့ တရားဥပဒေစိုးမိုးရေး ရရှိဖို့ ဆိုတော့ အခု ကျမက တရားဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌဆိုတော့ ဒါ- အလားအလာကောင်း တယ်လို့ ပြောရမှာပေါ့။
ဦးကျော်ဇံသာ။ ။ နောက်တခုက ဒီနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည် ပြောတာလည်း ကြားလိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အစိုးရမဟုတ်ဘူး။ အစိုးရလိုအပ်တဲ့ အကူအညီကို ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးမယ်ဆိုတာ ဒီနေ့ ပြောသွားပါတယ်။ တိုင်းရင်းသားတွေ အတော် များများက ဒေါ်အောင်ဆန်းစုကြည်ပါဝင်ပြီး စေ့စပ်ပေးရင် ပိုပြီးတော့ ခရီးရောက်မယ်၊ သူတို့ရဲ့ တိုင်းရင်းသားပြဿနာဖြေရှင်းရေးမှာ တကယ်ပဲ ယုံကြည်ကြပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထားကော ဘယ်လိုများ ရှိပါသလဲ။ အဲဒီကိစ္စမှာ ဝင်ရောက် ဖြေရှင်းပေးနိုင်မယ့် အခြေအနေရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမကလည်း လုပ်ပေးနိုင်သမျှ လုပ်ပေးချင်တာပဲ။ ဒါပေမဲ့ ဒီဟာ-ဟာ တိုင်းရင်းသားတွေနဲ့ အစိုးရကြားမှာ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ မနက်ကလည်း ကျမ ပြောခဲ့ပါတယ်။ ကျမတို့အနေနဲ့ ဒီလို အခြေအနေမှာ နိုင်ငံရေးအမြတ် မထုတ်ချင်ဘူး။ အရေးကြီးတာက ကျမတို့ နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့၊ ဒီလို ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ ကျမတို့ တကယ်ကို ကူညီနိုင်ဖို့ ဆိုလို့ရှိရင် တိုင်းရင်းသားတွေရော၊ အစိုးရဘက်ကရော လိုလားရမယ်။ အဲဒါမှ ကျမတို့က ဝင်ပြီးတော့ ကူညီနိုင်မှာ။ ကျမတို့အဖွဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကျမတို့သာ လုပ်ပေးမှဖြစ်မယ်ဆိုတဲ့သဘောနဲ့ ကျမတို့ မလုပ်ချင် ဘူး။ နောက်ပြီးတော့လည်း တကယ်ပဲ ကြိုးပမ်းမှုတွေရှိနေလို့ရှိရင် အဲဒီကြိုးပမ်းမှုတွေကို ထိခိုက်တဲ့ အလုပ်မျိုးလည်း ကျမတို့ မလုပ်ချင်ဘူး။ ဒါပေမဲ့ အချိန်မရွေး အဆင်သင့်ပဲ၊ ကျမတို့ကို သုံးချင်တယ် ဆိုရင် သုံးပါ။ ဒါပေမဲ့ နိုင်ငံအတွက်သုံးတယ်ဆိုတာ လိုလိုချင်ချင်နဲ့ လက်ခံရမယ့် ကိစ္စပါ။
ဦးကျော်ဇံသာ။ ။ သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်တွေက အစတုန်းက ပြောတာက တိုင်းရင်းသားပြဿနာ ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးမယ့်ရင်ပြင်ဟာ လွှတ်တော်ဖြစ်တယ်၊ လွှတ်တော်ကတဆင့်သာ ဆွေးနွေးနိုင်မယ်လို့ ကြားရပါတယ်။ တိုင်းရင်းသားတွေကတော့ အဲလို မဟုတ်ဘဲနဲ့ မျက်နှာစုံညီတွေ့ချင်တယ်၊ သုံးပွင့်ဆိုင်တွေ့ချင်တယ်၊ ဒုတိယပင်လုံဆိုပြီးတော့ အသံထွက် လာပါတယ်။ ဆိုတော့ ဘယ်လမ်းဟာ ပိုပြီးမှန်ကန်မယ်၊ လွှတ်တော်မှာ ဖြေရှင်းနိုင်မယ့် အလားအလာ ရော ရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒီဟာက လွှတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများကြီးရှိပါတယ်။ လွှတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိစ္စတွေကို ဆွေးနွေးတာတွေ၊ ဘာတွေလည်း ရှိလည်း ရှိခဲ့ပါတယ်။ တင်လည်းတင်ပြတာတွေလည်း ရှိပါတယ်။ လွှတ်တော်ထဲမှာတော့ လွှတ်တော်နည်း လွှတ်တော်ဟန်နဲ့ တိုင်းရင်းသား ကိစ္စတွေကို ကိုင်တွယ် နေပါတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပေ့ါနော်။ တချို့က အုပ်ချုပ်ရေးဘက်ကနေပြီးတော့ လွှတ်တော် အတွင်းမှာသာ ဖြေရှင်းရမယ်ပြောတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေက အပြင်မှာ စပြီးဖြေရှင်းရမယ်-စသဖြင့်- အဲဒါမျိုးတွေကျတော့ ညှိယူရမယ်။ အပေးအယူလုပ်ရမယ်။
ကျမ ခဏခဏပြောပါတယ်။ ကျမတို့ မြန်မာနိုင်ငံရေးမှာဆိုလို့ရှိရင် negociated compromise ပေါ့နော်။ ညှိနှိုင်းဆွေးနွေးပြီးတော့ အပေးအယူ အလျှော့အတင်းလုပ်တဲ့ ယဉ်ကျေးမှုက အင်မတန်မှ အားနည်း တယ်။ အဲဒီယဉ်ကျေးမှုကို တည်ဆောက်ရမယ်။ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ ဆိုလို့ ရှိရင် နှစ်ဘက်လုံးက နားလည်ရမှာက ကိုယ်လိုချင်တာ ၁၀၀% ရမှ လုပ်မယ် ဆိုလို့ရှိရင် မဖြစ်နိုင်ဘူး။ အပေးအယူလုပ်ရမယ်။ အပေးအယူလုပ်ဖို့ ပထမဦးဆုံး ဆွေးနွေးညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်။ အဲဒီပုံစံနဲ့ပဲ သွားရမှာပဲ။ ဒါ ဒီမိုကရေစီပဲ။
ဦးကျော်ဇံသာ။ ။ နောက်တခုက အခု အမေရိကန်ပြည်ထောင်စုကိုလာတဲ့ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်သူတွေ၊ အမေရိကန်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပေးချင်တဲ့၊ ပြောချင်တဲ့ message စကားက ဘာပါလဲခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည်။ ။ အဓိကပြောချင်တဲ့စကားကတော့ ကျမတို့ဟာ ဒီမိုကရေစီ အပြည့်အဝတော့ မရသေးဘူး။ ကျမတို့ဟာ ဒီမိုကရေစီလမ်းကို စပြီးတော့ လျှောက်နေပြီ။ ကျမတို့ နိုင်ငံဟာ တကယ့်ကို ဒီမိုကရေစီကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ချင်လို့ရှိရင် ဒီမိုကရေစီ အဆောက်အအုံနဲ့ ခိုင်မာချင်လို့ရှိရင် လုပ်စရာတွေ အများကြီးရှိသေးတယ်။ အဲဒီတော့ အဲဒီလုပ်ငန်း တွေမှာ အမေရိကန်ပြည်ထောင်စုက မိတ်ဆွေကောင်းတဦးအနေနဲ့ ကျမတို့နဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်တာကို လိုလားတယ်။ နောက်တခုကလည်း ကျမတို့ လျှောက်ခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ဒီမိုကရေစီလှုပ်ရှားရေးခရီးမှာ ကျမတို့ ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းတွေကို ကူညီ ပေးခဲ့တဲ့အတွက်၊ ထောက်ခံပေးခဲ့တဲ့အတွက်လည်း အမေရိကန်ပြည်ထောင်စု အစိုးရရော၊ ပြည်သူတွေရော ကျေးဇူးတင်တယ်ဆိုတာ ကျမ လာပြောဖို့ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ။ ။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံချင်တယ်၊ မြန်မာနိုင်ငံနဲ့သင့်မြတ်အောင် ဆက်ဆံချင်တယ်ဆိုတဲ့ ဆန္ဒဟာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အဓိကအားဖြင့် တရုတ်ကို ကာကွယ်ချင်လို့ဆိုပြီးတော့ သုံးသပ်တာတွေ ရှိတာပေါ့လေ။… ဆိုတော့ သူတို့ဆန္ဒနဲ့များ သိပ်ပြီးတော့ ဆန္ဒစောနေကြသလား၊ အဲဒါကြောင့်များ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ ဆန္ဒမစောကြပါနဲ့လို့ တောင်းနေရသလားဆိုတာ စဉ်းစားမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ ဘယ်လိုပဲပြောပြောပေါ့နော်။ ကျမတို့နိုင်ငံရဲ့အနေအထား- နိုင်ငံ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဆိုတာဟာ Geo Politics ပေါ့နော်။ ပထဝီနိုင်ငံရေးကလည်း ဘယ်လိုမှ လွတ်ကင်းလို့ မရဘူး။ နောက်ပြီး အရင်အစဉ်အလာတွေကလည်း လွတ်ကင်းလို့မရဘူး။ အဲဒီအခါ ကျတော့ ကျမတို့ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နဲ့ နောက်- အရှေ့တောင်အာရှကြားမှာရှိတဲ့ နိုင်ငံဖြစ်နေတယ်။ အဲဒီလို ဆက်ဆံနေရတဲ့နိုင်ငံမှာ ပတ်ဝန်းကျင်က အင်အားကြီးတဲ့ နိုင်ငံတွေရဲ့ အနေအထားကို ထည့်တွက်တယ်ဆိုတာ ဒါ သဘာဝကျပါတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ အနေအထားကို ထည့်မတွက်ဘဲနဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရမယ်ဆိုရင်တော့ အဲလိုတောင်းဆိုခြင်းဟာ ဘယ်လိုမှ သဘာဝ မကျပါဘူး။ ဒါပေမဲ့ အဲဒီဟာကို ထည့်တွက်လို့ ကျမတို့ကို ထိခိုက်စေတယ်လို့လည်း သုံးသပ်စရာ အကြောင်းမရှိပါဘူး။
ကျမတို့ကိုယ်တိုင်ကလည်း ကျမတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ အဆင်ပြေစေချင်တယ်။ အဆင်ပြေပြေ လည်း နေချင်တယ်။ ဒီတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း တရုတ်ပြည်ထောင်စုနိုင်ငံတို့၊ အိန္ဒိယနိုင်ငံတို့နဲ့ အဆင်ပြေပြီးတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံရေး တည်ဆောက်ချင်တယ်လို့ ယုံကြည်တယ်။
အဲဒါကြောင့်မို့လို့ ကျမတို့က အားလုံးအတွက် အကျိုးရှိမယ့် နိုင်ငံရေးမူတွေကို ချမှတ်ပြီးတော့ သွားရမှာ ပဲ။ ဟိုလူနဲ့တည့်လို့၊ ဒီလူနဲ့မတည့်လို့ - ဒါမျိုးဟာ အင်မတန်မှ သေးသိမ်တဲ့အမြင်တွေပဲလို့ ကျမ ထင်ပါတယ်။
ဦးကျော်ဇံသာ။ ။ ကျနော် နောက်ဆုံးတခု မေးခွင့်ပြုပါ။ အဲဒါက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ Communal Violence လူအုပ်စုချင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ လူ့အခွင့်အရေး အဖွဲ့ဆိုတဲ့ အဖွ့ဲ တချို့က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ကြပါတယ်။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် တက်တက်ကြွကြွ မပြောပါလားဆိုပြီး။
ဒေါ်အောင်ဆန်းစုကြည်။ ။ တက်တက်ကြွကြွ မပြောပါလား- ဆိုတာက ဘာကို အခြေခံပြီး ပြောတာလဲတော့ မသိဘူးပေါ့နော်။ ကျမဆိုလို့ရှိရင် ပရော်ဖက်ဆာ ကင်တားနားနဲ့လည်း တွေ့ခဲ့တယ်။ ဟိုတလောဆိုရင်လည်း တူရကီနိုင်ငံရေးဝန်ကြီးနဲ့တွေ့တယ်။ ဒီကိစ္စတွေကို သေသေချာချာ ဆွေးနွေးကြတယ်။ လူ့အခွင့်အရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောတယ်။ ကျမတို့ရဲ့မူက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ခွဲခြားလို့ မရဘူး။
လူ့အခွင့်အရေး ကြေညာစာတမ်း နိဒါန်းမှာကို ပါပြီးသား၊ လူ့အခွင့်အရေးကို တရားဥပဒေစိုးမိုးခြင်းနဲ့ ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်ဆိုတာ ပါပြီးသားပဲ။ ဒါပေမဲ့ ကျမတို့ကနေပြီးတော့ အခုအချိန်ခါမှာ ငြိမ်းချမ်းရေးရအောင်လို့ ပဋိက္ခတွေငြိမ်းအောင်လို့ လုပ်နေတာဟာ အစိုးရအဖွဲ့အစည်းက လုပ်နေတာ။ အုပ်ချုပ်ရေးအဖွဲ့က လုပ်နေတာ။ အဲဒီအုပ်ချုပ်ရေးအဖွဲ့က လုပ်နေတဲ့ကိစ္စတွေကိုလည်း ကျမတို့က ထိခိုက်အောင်မလုပ်ချင်ဘူး။ တကယ်ပဲ တခုခုလုပ်နိုင်လို့ရှိလို့ရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒါပေမဲ့ ကိုယ်က မလုပ်နိုင်ဘဲနဲ့ သက်သက်ဝေဖန်တဲ့အလုပ်တွေလည်း ကျမတို့ မလုပ်ချင်ဘူး။ နောက်ပြီးတော့လည်း တဘက်နဲ့တဘက် ပဋိပက္ခ ပိုပြီးတော့ ကြီးပွားစေမဲ့ အမျက် မုန်းတီးမှုတွေ ပိုပြီးတော့ ထောင်လွှားစေမယ့် အပြောတွေလည်း ကျမတို့ မပြောချင်ဘူး။
ဒီလို မပြောလို့ ဘက်လိုက်ပြီးတော့ မပြောလို့ ကျမတို့ကို မကျေနပ်ဘူးဆိုရင်တော့လည်း ကျမတို့ ခံရမှာပဲ။ ကျမ လန်ဒန်မှာတုန်းကပေါ့နော်။ အဲဒါကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ ကချင်လူငယ်တယောက်က ကျမကို ထပြီးတော့ ဝေဖန်ပါတယ်။ ကျမက ဘာဖြစ်လို့ တပ်ကို Condemnation ပေါ့နော်။ သူက အဲဒီလိုသုံးတယ်။ ဘာဖြစ်လို့ မရှုတ်ချသလဲပေါ့နော်။ ကျမက ပြောတယ်။ ကျမတို့က Condemnation အလုပ် လုပ်ချင်တာ မဟုတ်ဘူး။ Reconciliation အလုပ်ကို လုပ်ချင်တာ။ ပြန်လည်ရင်ကြားစေ့ရေး အလုပ်ကို လုပ်ချင်တာ။ ဘယ်သူ့ကိုမှ ရှုတ်ချပြီးတော့ တိုက်ခိုက်တဲ့အလုပ်ကို လုပ်ချင်တာ မဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည် ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ကျမတို့ကနေ နှစ်ဘက်စလုံးကို ကြည့်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတော့ ကျမတို့ကြည့်မယ်။
ဘယ်ဘက်ကိုမှ ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးအမြတ်ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ ပြောတာမျိုး ကျမတို့ မလုပ်ဘူး။ ဒီလို ဘက်လိုက်ပြီး ပြောတာဟာ ပဋိပက္ခတွေကို ပြေငြိမ်းသွားစေမှာ မဟုတ်ဘူး။ နောက်ပြီးတော့လည်း အခု အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက် မရှိဘူး။ ကျမတို့ ဘာလုပ်ပေးနိုင်တာရှိလဲ။ လုပ်ပေးနိုင်တာရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒုက္ခသည်တွေကို ကျမတို့ တတ်နိုင်သမျှ ကူညီပါတယ်။ NLD က သိတဲ့အတိုင်းပဲ။ သိပ်ပြီး ချမ်းသာတဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကျမတို့ အကူအညီတွေ ပေးတယ်။ ဟိုဘက် ဒီဘက် မခွဲခြားဘဲနဲ့ ကျမတို့ အကူအညီပေးတယ်။ ကျမတို့ရဲ့ အကူအညီကို အုပ်ချုပ်ရေးဘက်ကပဲ တောင်းတောင်း၊ တခြား အကူအညီတောင်းနိုင်ဘက်က တောင်းလို့ ကျမတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိရင်တော့ ကျမတို့က အဆင်သင့်ပါပဲ။