အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဒေါ်စု အသင့်

အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဒေါ်စု အသင့်

အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဒေါ်စု အသင့်

ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Pironmya) ကို ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မကြာခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဇန်နဝါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့ မီကားဆား ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ တွေ့ဆုံစဉ် စစ်အစိုးရနဲ့ နှစ်ဘက် အလျှော့အတင်းလုပ်ပြီး ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ သူမဘက်က လမ်းကြောင်းဖွင့်ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ အဆင်သင့်ရှိတဲ့ အကြောင်းတွေကို ပြောကြားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အဆင့်မြင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

လောလောဆယ် အခြေအနေအရ မကြာခင် အစိုးရသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် အဲဒီ ပေါ်လာတဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးဖို့ သူမဘက်က အဆင်သင့်ရှိတဲ့ အကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တချို့ကိုတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံသားတွေ တိုးတက်ကောင်းမွန်ဖို့နဲ့ တိုင်းပြည်အတွင်း အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် ထိုင်းနိုင်ငံ အနေနဲ့ ပူးပေါင်း လုပ်ဆောင်လိုစိတ် ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဖြေရှင်းမှသာ ရနိုင်မှာပါ။”

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးရေးအတွက် အာဆီယံအဖွဲ့က လိုလားသလို တချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်တိုးမြှင့် လုပ်ဆောင်တာကို မြင်တွေ့လိုတဲ့အကြောင်း မကြာခင်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဝန်ကြီးများ တွေ့ဆုံပွဲအတွင်း ဆွေးနွေးခဲ့ကြတာတွေကို နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသမှာ လုံခြုံ စိတ်ချရမှု အခြေအနေ ဖြစ်ပေါ်လာတာကို ထိုင်းနိုင်ငံ အနေနဲ့ မြင်တွေ့လိုတဲ့ အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ ခရီးရောက်မဆိုက် တွေ့ဆုံပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ နေပြည်တော်မှာ ကျင်းပနေတဲ့ BIMSTEC ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံများ ကဏ္ဍပေါင်းစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ဝန်ကြီးအဆင့် စည်းဝေးပွဲကို တက်ရောက်ခဲ့တာပါ။

အဲဒီ စည်းဝေးပွဲ ပြင်ပမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းဟာ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် တခြား စစ်အစိုးရ အရာရှိတွေနဲ့လည်း သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။