မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ နှစ်ကြာ ခွဲခွာနေခဲ့ရတဲ့ သားငယ်နဲ့ ဒီနေ့ ဝမ်းမြောက်ဝမ်းသာစွာ ပြန်လည် ဆုံတွေ့နိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီနေ့မနက် ကိုယ်တိုင်သွားပြီး သားဖြစ်သူ ကိုထိန်လင်းကို ကြိုခဲ့တာ ဖြစ်ပါတယ်။ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့လက်မောင်းမှာ ရေးထိုးထားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံ သင်္ကေတပုံ ဆေးမင် တက်တူး (Tattoo) ကို ပြသလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်စ် (Kim Aris) ဟာ မြန်မာပြည်ဝင်ခွင့် ဗီဇာရရှိရေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ လျှောက်ထားခဲ့ပြီး သီတင်း ၂ ပတ်ကြာမှ ဝင်ခွင့်ရရှိခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သားငယ် ကိုထိန်လင်းကို အခုလို ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုပေးလိုက်တဲ့ သက်ဆိုင်ရာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့ရှေ့နေကတဆင့် ပြောကြားလိုက်ပါတယ်။
ရန်ကုန်လေဆိပ်မှာ လုံခြုံရေး အနည်းငယ် ချထားတာကလွဲလို့ ဘာအခက်အခဲမှ မရှိဘဲ သားငယ်ကို အေးအေးဆေးဆေး ကြိုဆိုနိုင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ယူထားသူတွေက ဗွီအိုအေကို ပြောပါတယ်။