ဒေါ်စုနဲ့ KNU အဖွဲ့ တွေ့ဆုံ

  • မသင်းသီရိ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် KNU ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံအပြီး နေအိမ်ရှေ့ သတင်းထောက်များနဲ့ တွေ့ဆုံနေစဉ်။ (ဧပြီလ ၈၊ ၂၀၁၂)

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး လွှတ်တော်ထဲရောက်ရင်လည်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဦးစားပေး ဆွေးနွေးသွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။ ရန်ကုန်ကို ရောက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ မနက်က တွေ့ဆုံစဉ်အတွင်း အခုလိုပြောခဲ့တာဖြစ်ပြီး KNU အဖွဲ့ဘက်ကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှု သတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အတွက် ရန်ကုန်ကိုရောက်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ဟာ ဧပြီလ ၈ ရက် တနင်္ဂနွေနေ့ မနက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေဆုံခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက် အပစ်အခတ်ရပ်စဲရေး ဟာ အရေးကြီးတဲ့ အဆင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီတွေဆုံမှုအပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒါကတော့ အားလုံးသိတဲ့အတိုင်းပဲ။ အပစ်အခတ် ရပ်စဲရေးဆိုတာ ပထမအဆင့်ပဲ ဖြစ်ပါတယ်။ ပထမ ခြေလှမ်း အပစ်အခတ် ရပ်စဲရေး မရှိဘဲနဲ့တော့ ပြီးတွင်းငြိမ်းချမ်းရေးဘက်ကို ဆက်သွားလို့ မရပါဘူး။”

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် NLD ပါတီဟာ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပြီး လွှတ်တော်ထဲမှာလည်း တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာ ဦးစားပေး ဆွေးနွေးမယ့်အထဲမှာ ပါတယ်လို့ ပြောပါတယ်။

“ကျမတို့ကတော့ KNU နဲ့ရော တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ရော အားလုံး ငြိမ်းချမ်းရေး လိုချင်တဲ့ အဖွဲ့အစည်းတွေနဲ့ တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ဘယ်လို ဆိုတာကတော့ အခြေအနေပေါ်မှာ တည်တာပေါ့။ အခုဆိုလို့ရှိရင် ကျမတို့က တခါတလေမှ တွေ့ရတယ်။ တခါတလေ တွေ့တဲ့အချိန်တွေမှာဆိုရင် ကျမတို့ အမြင်ချင်းဖလှယ်ခြင်း အားဖြင့်ကို ပိုပြီးတော့ နီးစပ်လာတယ်။ ဒီဟာလည်း ငြိမ်းချမ်းရေးအတွက် လုပ်နေတဲ့ ခြေလှမ်းတလှမ်းလို့ပဲ ကျမတို့ မြင်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ချင်တယ်ဆိုတာ မကြာခဏ ပြောပြီးပါပြီ။ မနေ့တုန်းက ကျမတို့ ထုတ်လိုက်တဲ့ ကြေညာချက်ထဲမှာလည်း ဒီအတိုင်းပဲ ပါပါတယ်။ နိုင်ငံအတွက် ပူးပေါင်း ဆောင်ရွက်သွားချင်တယ် ဆိုတာ။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မနက် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တွေ့ဆုံပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို ပြောခဲ့တဲ့အထဲက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ အချက်တချို့ ဖြစ်ပါတယ်။ KNU အဖွဲ့ဘက်ကလည်း လက်ရှိအစိုးရနဲ့ ဆွေးနွေးနေတဲ့ အပစ်ရပ်ရေး သဘောတူညီချက် အခြေအနေတွေကို ရှင်းပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း သူ့သဘောထားနဲ့ သူ့အမြင်တွေကို ပြန်ပြောပြခဲ့တယ်လို့ KNU အဖွဲ့က ပြန်ကြားရေးတာဝန်ခံ နော်မေဦးက ပြောပါတယ်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ဆိုတဲ့ကိစ္စမှာ ကျမတို့ KNU အမျိုးသားတခုတည်း မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူမျိုး အားလုံးက တိုင်းသူပြည်သား အားလုံးကနေပြီးတော့ တတတ်တအား ပါဝင်ဖို့လိုတယ် ဆိုတာရယ်၊ ဒီလို ပါဝင်နိုင်ဖို့အတွက်ကို လမ်းစတွေ ပွင့်ဖို့ အာမခံမှုတွေရှိဖို့ ဆိုတာ လိုတယ်ဆိုတာကို ကျမတို့ ဆွေးနွေးခဲ့တယ်။ ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတဲ့အခါမှာ မနေ့က ၆ ရက်နေ့ကပေါ့လေ၊ ကျမတို့ ဆွေးနွေးပွဲ ဆွေးနွေးတဲ့ အချက် ၆ ချက်၊ အစည်းအဝေး ဆုံးဖြတ်ချက် ၁၃ ချက်ကို ကျမတို့ ပြောပြခဲ့တယ်။ အဲဒီ အချက် ၁၃ ချက်ထဲက အဓိက ကတော့ ကျမတို့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ဟာမှာ တပ်မတော်က လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ ကျမတို့ လက်နက်ကိုင်အဖွဲ့က လိုက်နာရမယ့် ကျင့်ဝတ်တွေပေါ့လေ။ ပြည်သူတွေရဲ့ ဘ၀ လုံခြုံမှုကို အာမခံနိုင်ဖို့လို့ ပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့ကို ဒါတွေဟာ ကောင်းတယ်။ လိုအပ်တဲ့အရာတွေ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံတယ်။ အဲဒါအပြင်ကို သူ့ရဲ့ စိုးရိမ်ကြောင့်ကြမှုတချို့က ဒီ ကျင့်ဝတ်တွေ ရှိတာတောင်မှ ဘယ်သူက တာဝန်ခံမှာလဲ။ ဒီ ကျင့်ဝတ်တွေ ချိုးဖောက်တယ် ဆိုရင် ဘယ်အုပ်စု ဘယ်အဖွဲ့ ဘယ်ကဏ္ဍကနေပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ တာဝန်ခံမှာလဲ ဆိုတာ ကျမတို့ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ နှစ်ဦးနှစ်ဘက် ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ တာဝန်ခံမှုဟာ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားသွားပါတယ်။ ”

အစိုးရနဲ့ အပစ်ရပ် ခိုင်မာရေး ဆွေးနွေးပွဲတွေကနေ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဖို့အထိ နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

“ကျမတို့ အခု ဆွေးနွေးခဲ့ပြီးသလောက် ကတော့ ခက်ခက်ခဲခဲကြီး ဆိုတောတော့ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖြစ်သင့်တယ်၊ ရှိသင့်တယ်လို့ ကျမတို့ ယုံကြည် ယူဆတဲ့ အချက်တွေကို ကျမတို့ တင်ပြ ဆွေးနွေးသွားတာပဲ ဖြစ်တယ်။ ထိုနည်းတူစွာ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီးတော့ ကျမတို့ ဆွေးနွေးတာဖြစ်တယ်။ အဖွဲ့အစည်းရဲ့ ရပ်တည်မှု၊ အဖွဲ့အစည်းရဲ့ လိုလားချက်ထက် ကျမတို့ရဲ့ တိုင်းပြည် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမတို့ ဆွေးနွေးတာပဲဖြစ်တယ်။ အဲဒီဆန္ဒအပေါ်မှာပဲ သူတို့ကလည်း ပွင့်ပွင့်လင်းလင်းနဲ့ လိုလိုလားလားပဲ ဆွေးနွေးသွားတဲ့အခါမှာ ဒီ ဆွေးနွေးရသလောက် ကတော့ ခက်ခက်ခဲခဲကြီးဆိုတာ ကျမတို့ မရှိခဲ့ပါဘူး။”

KNU အဖွဲ့က ပြန်ကြားရေး တာဝန်ခံ နော်မေဦး ဖြစ်ပါတယ်။ KNU အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံအပြီး ဒီကနေ့ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ကရင် လူမှုအဖွဲ့အစည်းတွေ၊ မြန်မာပြည်ထဲက ကရင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ KNU အဖွဲ့ဟာ မနက်ဖြန် ဧပြီလ ၉ ရက်မှာတော့ ပဲခူးတိုင်းက ကျောက်ကြီးမြို့က ကရင်ဒုက္ခသည်တွေ ရှိတဲ့နေရာကို သွားမှာဖြစ်ပြီး အဖွဲ့ဝင်တချို့ကတော့ တနင်္သာရီတိုင်းက ထားဝယ်ကို သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာတော့ ပဲခူးတိုင်းက တာဝန်ရှိတဲ့ အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးပွဲလုပ်မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် အစိုးရ အစဉ်အဆက် လက်နက်ကိုင်တော်လှန်ခဲ့တဲ့ KNU အဖွ့ဲဟာ မြန်မာအစိုးရနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သမိုင်းဝင် ပဏာမ အပစ်ရပ် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့အပြီး ဆွေးနွေးပွဲတွေကို ဆက်လုပ်နေတာ ဖြစ်ပါတယ်။ မေလကုန် နောက်ပိုင်းမှာတော့ နှစ်ဖွဲ့ ထပ်မံ ပြန်ဆုံပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဖို့ထိ ဆက်ဆွေးနွေးဖို့ ရှိတယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။