မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြန်လှည့်မသွားဘဲ ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန်လျှောက်လှမ်းနိုင်ဖို့ အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ လုပ်သွားရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်နယ် ဒေသခံလူထုကို ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေစိုးမိုးမှု ရှိလာမှာသာ ပြည်သူလူထုတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဆင်ပြေနိုင်မယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မြန်မာနိုင်ငံတဝှမ်းကို သွားရောက်ပြီးတော့ မဲဆွယ်စည်းရုံးမှုတွေကို တောက်လျှောက် လုပ်နေတာဖြစ်ပြီး ဒီကနေ့မှာဆိုရင်လည်း မွန်ပြည်နယ် မော်လမြိုင်ကို သွားရောက်ပြီးတော့ ဒေသခံလူထုကို မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ် ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။
“ကျမတို့ ဒီမိုကရေစီစနစ် ဆိုတာ ဒီနိုင်ငံမှာ တကယ်တော့ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင် အစိုးရတွေ တက်ရေး မတက်ရေး ဆိုတာကလည်း၊ ပြန်ပြီးတော့ ပေါ်လာရေး မပေါ်လာရေး ဆိုတာကလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိ ဖြစ်နေသေးပါတယ်။”
ဒါ့အပြင် မြန်မာပြည်သူ လူထုတွေဟာလည်း လူ့အခွင့်အရေးကို အပြည့်အ၀ မခံစားရသေးကြောင်း၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်သူတွေအနေနဲ့ မိမိတိုရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေနိုင်မယ့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော် အမတ်နေရာ အတော်များများ အနိုင်ရဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။
“လွှတ်တော်ထဲမှာ နေရာများနိုင်သလောက် များအောင်လုပ်ဖို့ လိုတယ်။ အဲဒီတော့မှ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေကို ကျမတို့ ဖယ်ရှားဖို့ ကြိုးစားရမယ်။ ပြည်သူတွေကို တိုးတက်အောင် ကူညီမယ့် ဥပဒေတွေကို ပြဌာန်းဖို့ ကြိုးစားရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားရမယ်။ အရေးကြီးဆုံးကတော့ ပြည်သူ့အသံကို တကမ္ဘာလုံးက ကြားနိုင်အောင်လုပ်ဖို့ ကျမတို့ ကြိုးစားသွားရမယ်။”
ဒါ့အပြင် ပြည်သူလူထုတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားတာဝန်တွေကို အပြည့်အဝထမ်းဆောင်ပြီး တိုင်းပြည်စည်းလုံးညီညွှတ်ရေး တည်ဆောက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြား သွားခဲ့ပါတယ်။
“နိုင်ငံ တနိုင်ငံရဲ့ သွေးစည်းညီညွတ်မှု ဆိုတာ အထက်က ဥပဒေနဲ့ လုပ်ယူလို့ မရပါဘူး။ အောက်က ပြည်သူလူထုရဲ့ ဝိုင်းဝန်းပါဝင်မှုနဲ့ပဲ လုပ်ယူလို့ရတယ်။ အဲဒါကြောင့်မိုလို့ အချင်းချင်း ဒီလို သွေးစည်းညီညွတ်မှု ဆောက်တည်နိုင်တဲ့ ပြည်နယ်မှာ ကိုယ့်ရဲ့ နိုင်ငံသား တာဝန်တစ်ခုအနေနဲ့ လုပ်ပြီးတော့ ကြိုးစားကြပါ။ သွေးစည်း ညီညွတ်ရေးအတွက် ကြိုးစားကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”
ဒီကနေ့ မနက် ၉ နာခွဲကနေ ၁၀ နာရီကျော်အထိ မော်လမြိုင် ကျိုက်မရော ကားလမ်းဘေးက ကျွဲခြံ ၆ မိုင်ကျေးရွာ ဘောလုံးကွင်းမှာ ဒေသခံလူထုနဲ့ တွေဆုံခဲ့တာ ဖြစ်ပြီး မော်လမြိုင်ဒေသခံတွေအပြင် တခြားဒေသက လူထုအင်အား သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်တဝှမ်း နှစ်ရက်တိုင်တိုင် လှည့်လည် မဲဆွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ပါဝင် လုပ်ဆောင်သွားမယ်လို့ မော်လမြိုင်မြို့၊ Strand ဟိုတယ်မှာ ကျင်းပြုတဲ့ ညစာစားပွဲမှာ ပြောဆိုခဲ့ပြီးတော့ အဲဒီညစာ စားပွဲကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (DKBA)၊ မွန်ပြည်သစ်ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်ကတော့ ဒေါ်ခင်ဌေးကြွယ်ဖြစ်ပြီး သူနဲ့ အပြိုင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေကလည်း မော်လမြိုင်မှာ ဝင်ပြိုင်မှာဖြစ်တယ်လို့ ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မြို့ကနေ မနက် ၁၀ နာရီခွဲမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာလာခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။