မွန်ဂိုလီယားဒီမိုကရေစီညီလာခံ ဒေါ်စုတက်ရောက်

မွန်ဂိုလီယားကို မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်နေကြသူများနှင့် ဒေါ်အောင်ဆန်းစုကြည်။ (ဧပြီလ ၂၇ ရက်၊ ၂၀၁၃)။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီယားသမ္မတ Tsakhiagiin Elbegdorj ရဲ့ဖိတ်ကြားချက်နဲ့ မွန်ဂိုလီယားနိုင်ငံ Ulaanbaatar မြို့မှာ (၇) ကြိမ်မြောက် ဒီမိုကရေစီနိုင်ငံများ အသိုင်းအဝိုင်းအဖွဲ့ Community of Democracy အစည်းအဝေးကို တက်ရောက်ဖို့ မွန်ဂိုလီယားကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ အင်္ဂါနေ့မှာ မွန်ဂိုလီယားသမ္မတနဲ့အတူ ပူးတွဲပြီး ဟောပြောဖို့ရှိတဲ့အကြောင်း မွန်ဂိုလီယားအစိုးရက ကြေညာထားပါတယ်။ ဒီအကြောင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့ညက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မွန်ဂိုလီယားနိုင်ငံကို ဒီမိုကရေစီနိုင်ငံများ အသိုင်းအဝိုင်း အဖွဲ့ရဲ့ အစည်းအဝေး တက်ရောက်ဖို့အတွက် သွားရောက်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကတုန်းက ကျနော်တို့ လေယာဉ်နဲ့ပေါ့နော်။ ည ၁၂ နာရီ ၄၅ လောက်ကနေ ထွက်သွားပါတယ်။ တောင်ကိုရီးယား ဆိုးလ်မြို့ကနေ transit ပေါ့ဗျာ။ ဒီနေ့တော့ မွန်ဂိုလီယားကို တော်တော် စောစောပိုင်း ရောက်မှာပေါ့။ ဒီမိုကရေစီနိုင်ငံများအနေနဲ့ စုဝေးခေါ်တဲ့ အစည်းအဝေးကို တက်မယ်ဆိုတာ သဘောတူထားတာဖြစ်နေတဲ့အတွက်ကြောင့် သူ သွားတက်တာပါပဲ။ ဒီမိုကရေစီနိုင်ငံများ စုစည်းတဲ့ ဆွေးနွေးတဲ့သဘောပါပဲ။”

ပြီးခဲ့တဲ့လတုန်းက မွန်ဂိုလီယား သမ္မတရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြံပေး L. Purevsuren နဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး D. Gankhuyak တို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၃၁ နိုင်ငံနဲ့ နိုင်ငံတကာ လူမှုအခြေပြု အဖွဲ့အစည်း ၂၀ ကျော် ပါဝင်တဲ့ ဒီမိုကရေစီနိုင်ငံများအသိုင်းအဝိုင်း အစည်းအဝေးကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခဲ့တာပါ။

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီယားသမ္မတက သီးသန့်ဖိတ်ကြားခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့မှာ သမ္မတ Tsakhiagiin Elbegdorj ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မွန်ဂိုလီယား မြန်မာ နှစ်နိုင်ငံ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးလမ်း လျှောက်လှမ်းခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲ ကျင်းပမယ်လို့ မွန်ဂိုလီယား ဝက်ဘ်ဆိုက် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

(၇) ကြိမ်မြောက် ဒီမိုကရေစီနိုင်ငံများ အသိုင်းအဝိုင်းအဖွဲ့ရဲ့ ညီလာခံမှာ ယီမင်နိုင်ငံက ၂၀၁၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရခဲ့သူ Tawakkol Karman ကိုပါ ဖိတ်ကြားထားပြီး ယီမင်နိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း ဟောပြောမှာဖြစ်ပါတယ်။

ဒီ ညီလာခံကို လူထုအခြေပြုအဖွဲ့အစည်းနဲ့ ဒီမိုကရေစီထွန်းသစ်စ နိုင်ငံများဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ Tomicah Tillemann လည်း တက်ရောက်ဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၂၂ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ ဒီအစည်းအဝးမှာ ဒီမိုကရေစီထွန်းသစ်စနိုင်ငံများ အပါအဝင် တခြား အကြောင်းအရာအများအပြားကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပင်တိုင်ဆွေးနွေးသူအဖြစ်နဲ့ ပါဝင်မှာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနိုင်ငံတွေ အချင်းချင်း စုစည်းနိုင်ရေးအတွက် လုပ်ဆောင်နိုင်ရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိကြောင်း မြန်မာနိုင်ငံက မထွက်ခွာခင်မှာ ပြောကြားခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

“သူက ပြောတာကတော့ သူ ဟိုမှာ၊ ဒီမိုကရေစီအင်အားစုနိုင်ငံတွေနဲ့ပတ်သက်ပြီး စုစည်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ကိစ္စနဲ့ ပတ်သက်လို့ ဖိတ်တာလည်း ဖြစ်ပါတယ်။ အဲဒီလောက်ပဲ ပြောပါတယ်ခင်ဗျ။ ဘယ်သူတွေ ဘယ်ဝါတွေ တက်မယ်ဆိုတာတော့ ကျနော်တို့သေချာ မသိဘူးဗျ။ များများစားစား စိတ်ပါဝင်စားတာကို ကျနော် သတိပြုမိတာကတော့ အရှေ့ဥရောနိုင်ငံကနေ ဒီမိုကရေစီဖြစ်လာတဲ့နိုင်ငံတွေပေါ့နော်။ ဥပမာ - ချက်ကိုစလိုဗားကီးယား လိုပေါ့။ အဲဒီနိုင်ငံတွေက စိတ်ပါဝင်စားတက်ကြတဲ့သဘောတော့ ရှိတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် ဒီလို နိုင်ငံရပ်ခြား ခရီးသွားတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် ဘာအကျိုးအမြတ်တွေ ရှိပါလဲ။

“အခုကတော့ သူက လွှတ်တော်ရပ်ဆိုင်းနေတုန်းမှာ အပြင်မှာ ဆက်သွယ်ပြီး ရနိုင်သမျှ လုပ်တဲ့ကိစ္စကတော့ သူလုပ်တာ အရင်ကတည်းကရှိတယ်။ ပထမ ကတော့ သူ ကျေးဇူးပြုထားတဲ့နိုင်ငံတွေကို ကျေးဇူးပြုတဲ့အနေနဲ့ သွားမယ်ဆိုတာ သူ တော်တော်များများလည်း သွားပြီးပြီလေ။ အခုဟာကတော့ ဒါ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်ပြီးတော့ ပိုမို ဆက်သွယ်ရေးကောင်းမွန်အောင် လုပ်ကြဖို့ဆိုတဲ့ဟာကိုတော့ ဒီမိုကရေစီနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုတာကတော့ ကောင်းတာပေါ့ဗျာ။ မြန်မာနိုင်ငံအတွက်လည်း ဒီမိုကရေစီ အကူးအပြောင်းကာလ ဆိုတော့ သွားရောက်လိုက်ခြင်းအားဖြင့်တော့ အတွေ့အကြုံတွေ ဘာတွေ ဖလှယ်နိုင်တယ်။ တိုးတက်ရာတိုးတက်ကြောင်းပေါ့။ ပိုပြီးတော့ သူနဲ့ရင်းနှီးပြီးတော့ ဆက်သွယ်မှုတွေ ပိုကောင်းတာပေါ့။ ဒါကတော့ အဖွဲ့ချုပ် မဟုတ်ဘူး။ အားလုံးသော အဖွဲ့အစည်းတွေရော၊ အစိုးရအဖွဲ့အစည်းတွေ အတွက်ရော၊ ပြည်သူလူထုတရပ်လုံးအတွက်ရော၊ တိုင်းရင်းသားတွေအတွက်ရော။ ဒါတွေကတော့ အကုန်လုံး အကျိုးရှိတာပေါ့။”

မွန်ဂိုလီယားနိုင်ငံကို ခရီးထွက်ခွာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။