ဒေါ်စု အမေရိကန်ခရီး ကြိုဆိုဖို့ မြန်မာ အသိုင်းအဝိုင်း ပြင်ဆင်

Aung-San-Suu-Kyi

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် အတွင်း ဒေသခံ မြန်မာ အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် မြန်မာအဖွဲ့အစည်းတွေ စုစည်း ဆွေးနွေး ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မြို့ကြီး အတော်များများကိုလည်း သွားရောက် လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

အခု လာမယ့် စက်တင်ဘာလ လာရောက်မယ့် ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ်နဲ့ချီ နေအိမ် အကျယ်ချုပ် ကျပြီးတဲ့နောက် ပထမဆုံး အမေရိကန်ပြည်ထောင်စု လာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု လာရောက်ပြီး အမေရိကန် ကွန်ဂရက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ Congressional Gold Medal အမေရိကန်လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကိုယ်တိုင် လက်ခံယူဖို့ရှိသလို၊ အမေရိကန်ပြည်ထောင်စုက အစိုးရပိုင်းရော လွှတ်တော်က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုတွင်း မြို့အတော်များများကို သွားဖို့ရှိပြီး၊ အဲဒီမှာ နယ်ခံ မြန်မာ အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံဖို့လည်းရှိပါတယ်။ ဘယ်မြို့တွေကို သွားမလဲ ဆိုတာ အတိအကျ ခရီးစဉ်တော့ ထွက်မလာသေးပါဘူး။ အမေရိကန် အနောက်ခြမ်း မြို့တမြို့ဖြစ်တဲ့ Los Angeles ကိုတော့ အောက်တိုဘာဆန်းလောက် လာမယ်လို့ မှန်းထားကြပါတယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ မြန်မာအသိုင်းအဝိုင်းတွေ စုဝေး တိုင်ပင်နေကြပြီလို့ မြို့ခံတဦးလည်းဖြစ် ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ မနီလာစိန်က ပြောပါတယ်။

“ကျမတို့ ဒီ LA မှာရှိတဲ့ အသင်းအဖွဲ့အားလုံး ဝိုင်းလုပ်ကြတဲ့ပွဲ။ ဆန်ဖရန်ဆစ္စကိုကတော့ ကျမ ရက် သေချာမသိဘူး။ ကျမတို့ LA ကိုတော့ အောက်တိုဘာ ၂ ရက်နေ့မှာလို့ သိရပါတယ်ရှင့်။ နောက်ပြီးတော့ မြန်မာအသိုင်းအဝိုင်း အားလုံး ပါဝင်နိုင်ရေးအတွက် ကျမတို့ တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ ရှိတဲ့ အသင်း အဖွဲ့အစည်းအားလုံးက ပါဝင်ပြီးတော့ အစည်းအဝေး လုပ်နေကြပါတယ်ရှင့်။ တွေ့ဆုံပွဲမှာ ကျမတို့ မိနစ် ၉၀ ပဲ ရတာဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ တောင်ပိုင် ကယ်လီဖိုးနီးယားမှာ ရှိတဲ့ မြန်မာအားလုံး ပါဝင်နိုင်ရေး အတွက်ကို ကျမတို့ အသင်းအဖွဲ့အားလုံး၊ လူမျိုးမရွေး ဘာသာမရွေး အားလုံးကို ဖိတ်ကြားထားပြီးတော့ အစည်းအဝေးတွေ လုပ်နေပါတယ်။ ဒုတိယအကြိမ် ပြီးပါပြီ။ အခု လာမယ့်အပတ်မှာ တတိယအကြိမ် လုပ်ပြီးတော့ ကျမတို့ နေရာကို သတ်မှတ်ပါမယ်။ ပြီးတော့ အဖွဲ့အစည်းတွေ ဖွဲ့မယ်ပေါ့နော်။ ဥပမာ ကြိုဆိုရေးအဖွဲ့၊ ဧည့်ခံရေးအဖွဲ့ အဲဒီလိုမျိုးတွေ အဖွဲ့အသီးသီး ဖွဲ့စည်းပြီးတော့ ကျမတို့ အားလုံး ပေါင်းပြီးတော့ ကြိုဆိုဖို့ လုပ်နေပါတယ်ရှင့်။ ကျမတို့ ရတဲ့ရက်က အင်္ဂါနေ့ ဖြစ်ပေမဲ့လည်း လူအားလုံး နီးပါးက သူတို့ အလုပ်ကို ခွင့်ယူပြီးတော့ မရမက လာမယ်။ နောက်ပြီးတော့ အိမ်မှာ လူ ၅ ယောက်ရှိရင် ၅ ယောက်စလုံး တက်မယ် ဆိုပြီးတော့ ပြောတဲ့သူက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်ရှင့်။”

အမေရိကန်ပြည်ထောင်စုတွင်း မြန်မာတိုင်းရင်းသားတွေ အများအပြား စုဝေးနေထိုင်တဲ့ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာလည်း ဒေါ်အောင်ဆန်းစု ကြည်လာမယ့် ခရီးစဉ်အတွက် ဒေသခံတွေ တတ်တတ်ကြွကြွနဲ့ ကြိုတင် ပြင်ဆင်နေကြတယ်လို့ ဖို့ဒ်ဝိန်းမြို့ခံ ကိုအောင်မြင့်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ရက်ကို သေချာ မသိရသေးဘူး။ ဒါပေမဲ့ ခန့်မှန်းချေကတော့ ၂၄၊ ၂၅ ပတ်ဝန်းကျင်လို့တော့ ကျနော်တို့ သိထားရတယ်။ အခု ကျနော်တို့က အဲဒီအတွက် ဖို့ဒ်ဝိန်းမှာရှိတဲ့ တမြို့လုံးကတော့ သောင်းသောင်းဖျဖျ ကြိုဆိုနိုင်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ စီစဉ်နေကြတယ်။ အခုလက်ရှိ ကျနော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာမယ့်ကိစ္စကို ကြိုဆိုတဲ့ ကော်မတီတရပ် ဖွဲ့ဖို့ ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးပွဲတခု လုပ်ခဲ့တယ်။ လူထု ဆွေးနွေးပွဲ လုပ်ခဲ့တယ်။”

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရဲ့ အစပိုင်းပြောရမယ့် ဝါရှင်တန်ဒီစီမှာလည်း အခြား အမေရိကန် အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိသလို၊ မြန်မာအသိုင်းအဝိုင်းတွေနဲ့လည်း သီးခြား တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအတွက်လည်း ဝါရှင်တန်ဒီစီ တဝိုက် နယ်ခံ မြန်မာအဖွဲ့အစည်းတွေ စည်းဝေးတိုင်ပင်ပြီး ကြိုဆို နေရာချထားရေး ပွဲစီစဉ်ရေး အဖွဲ့ငယ်လေးတွေ ဖွဲ့စည်း ပြင်ဆင်နေတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး အကြိမ် ပြည်ပခရီးစဉ် အဖြစ်နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားခဲ့ပြီး၊ ဒီနောက် ဥရောပနိုင်ငံ အချို့ကို သွားခဲ့ပါတယ်။ အခု အမေရိကန် ခရီးစဉ်အတွင်းမှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံဖို့ ဖိတ်ကြားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာလည်း နယူးယောက်က Atlantic Council ညစာ စားပွဲမှာ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို လက်ခံယူဖို့ရှိပါတယ်။